သုတ္တနိပါတ်ပါဠိတော်

၁၄-ဓမ္မိကသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဓမ္မိကဥပါသကာသည် ဥပါသကာ ငါးရာတို့နှင့်တကွ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဂါထာဖြင့် လျှောက်၏-

၃၇၉။ ''မြေကြီးအထုနှင့် တူသော ပညာရှိသော ဂေါတမနွယ်ဖွား မြတ်စွာဘုရား အသျှင်ဘုရားကို အကျွန်ုပ် မေးလျှောက်ပါ၏- အကြင်သူသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ အကြင်လူတို့သည် မူလည်း ရတနာသုံးပါးကို ဆည်းကပ်ကုန်၏။ (ထိုနှစ်မျိုးနှစ်စားသောတပည့်တို့တွင်) အဘယ်သို့ ပြုကျင့်သောတပည့်သာဝကသည် ကောင်းမြတ်ပါသနည်း။ (၁)

၃၈ဝ။ အသျှင်ဘုရားသည် သာ နတ်နှင့်တကွသော လောက၏ လားရာဂတိကိုလည်းကောင်း၊ ဂတိမှ့လွတ်မြောက်ရာကိုလည်းကောင်း သိတော်မူ၏။ မြတ်စွာဘုရားနှင့်တူသောသူသည် မရှိသည်သာတည်း၊ သိမ်မွေ့သော အနက်ကို မြင်လေ့ရှိ၏။ အသျှင်ဘုရားကိုသာ ဘုရားမြတ်ဟူ၍ ဆိုကြပါကုန်၏။ (၂)

၃၈၁။ အသျှင်ဘုရားသည် သတ္တဝါတို့ကို အစဉ်သနားသည်ဖြစ်၍ အလုံးစုံသောဉာဏ်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း ထိုးထွင်းသိပြီးလျှင် ထင်ရှားပြ တော်မူ၏။ (အသျှင်ဘုရားသည် ) ကိလေသာအမိုးကို ဖွင့်လှစ်ပြီးသူ ထက်ဝန်းကျင် မျက်စိအမြင်ရှိသူ ဖြစ်ပါ၏။ အညစ်အကြေးကင်းသည်ဖြစ်၍ လောကအားလုံး၌ တင့်တယ်တော်မူပါပေ၏။ (၃)

၃၈၂။ ဧရာဝဏ်အမည်ရှိသော ဆင်မင်းသည်၁ ကိလေသာကို အောင်ပြီးသော မြတ်စွာဘုရားပေတည်းဟု ကြား၍ အသျှင်ဘုရားထံသို့ လာ၏။ ထိုဧရာဝဏ် ဆင်မင်းသည်လည်း အသျှင်ဘုရားနှင့် ပြဿနာကို မေးမြန်းတိုင်ပင်ပြီးလျှင် အဖြေကို ကြားနာရသောကြောင့် ကောင်းပါပေ၏ဟု နှစ်သက်ဝမ်းမြောက်ခြင်းသဘော ရှိသည်ဖြစ်၍ သွားလေပြီ။ (၄)

၃၈၃။ လုံ့လရှိတော်မူသော မြတ်စွာဘုရား ကုဝေရမည်သော ဝေဿဝဏ် နတ်မင်းကြီးသည်လည်းတရားကို မေးမြန်းလိုသည်ဖြစ်၍ အသျှင်ဘုရားသို့ ဆည်း ကပ်ပြီးလျှင်ပြဿနာမေးအပ်သည် ဖြစ်သောကြောင့် အသျှင်ဘုရားသည် ထိုနတ်မင်း ကြီးအားလည်း ဟောတော်မူ၏။ ထိုနတ်မင်းကြီးသည်လည်း (ထိုတရားကို) ကြား နာရ၍ နှစ်သက်ဝမ်းမြောက်သော သဘောရှိ၏။ (၅)

၃၈၄။ (ငါတို့ အကျင့်သာ ကောင်း၏ဟု) ပြောဆိုလေ့ရှိကုန်သော အာဇီဝကတို့သည်လည်းကောင်း၊ ထိုမှတစ်ပါး နိဂဏ္ဌတို့သည်လည်းကောင်း ဤတိတ္ထိဟူသမျှအားလုံးတို့သည် ရပ်နေသောသူသည် လျင်မြန်စွာ သွားခြင်းရှိ၍ သွားနေသူကို မလွန်နိုင်သကဲ့သို့ အသျှင်ဘုရားကို ပညာဖြင့် မလွန်နိုင်ကုန်။ (၆)

၃၈၅။ ဝါဒဖြင့် ပြောဆိုလေ့ရှိကြကုန်သော ပေါက္ခရသာတိစသော သက်ရွယ်ကြီး မားသည့်ပုဏ္ဏားအမ္ဗဋ္ဌစသော အသက်အရွယ်ငယ်သော ပုဏ္ဏား ထိုမှတစ်ပါး အယူ ဝါဒဖြင့် ပြောဆိုတတ်သူတို့ဟူ၍အောက်မေ့ကြသူ လူနတ်ဟူသမျှအားလုံးတို့သည် အသျှင်ဘုရားအထံ၌ ပြဿနာမေးရန် ယုံမှားဖြတ်ရန်အနက်သဘောကို ဖွဲ့ကုံး သူတို့ ဖြစ်ကြပါကုန်၏။ (၇)

၃၈၆။ မြတ်စွာဘုရား အသျှင်ဘုရားသည် ကောင်းစွာ ဟောအပ်သော ဤတရား တော်သည်သာလျှင် သိမ်မွေ့သည်ဖြစ်၍ ချမ်းသာကို ဆောင်နိုင်သည်သာတည်း၊ ထိုတရားကိုသာလျှင် အလုံးစုံသောသူတို့သည် ကောင်းစွာ နာလိုပါကုန်၏။ ချီးမွမ်းအပ်သော မြတ်စွာဘုရား မေးအပ်သော အသျှင်ဘုရားသည် အကျွန်ုပ်တို့အား ထိုတရားကို ဟောကြားတော်မူပါလော့။ (၈)

၃၈၇။ ဤရဟန်းအားလုံးတို့သည် အညီအညွတ် ထိုင်နေကြပါကုန်၏။ ဥပါသကာတို့သည်လည်းထို့အတူပင် တရားနာရန် ထိုင်နေကြပါကုန်၏။ နတ်တို့သည် သိကြားမင်း ကောင်းစွာ ပြောဆိုအပ်သော စကားကို ိ နာကုန်သကဲ့သို့ ရာဂအညစ် အကြေးကင်းသော မြတ်စွာဘုရားသည် လျောက်ပတ်စွာသိထားသောတရားတော်ကို (တပည့်သာဝကတို့) နာကြားကြပါစေကုန်သတည်း။ (၉)

၃၈၈။ ရဟန်းတို့ ငါဘုရား၏ (တရားကို) နာကုန်လော့၊ ငါသည် သင်တို့အား ကိလေသာကို ခါတွက်တတ်သောတရားကို ဟောကြားပေအံ့၊ သင်တို့အားလုံးတို့သည် ထိုဟောကြားအပ်သောတရားကို ကျင့်ကုန်လော့၊ အကျိုးစီးပွါးကို မြင်သော ပညာရှိသည် ရဟန်းတို့အား လျောက်ပတ်သော ဣရိယာပုထ်ကိုမှီဝဲရာ၏။ (၁ဝ)

၃၈၉။ ရဟန်းသည် မွန်းလွဲသောအခါ၌ ဆွမ်းခံမသွားရာ၊ နံနက်အခါ၌သာ ရွာတွင်းသို့ ဆွမ်းခံသွားရာ၏။ အခါ မဟုတ် သွားလေ့ရှိသော ရဟန်းကို ရာဂ စသော ငြိကပ်တွယ်တာမှုတို့သည် ငြိကပ်ကုန်၏။ ထို့ကြောင့် သစ္စာလေးပါးကို သိပြီးသော အရိယာပုဂ္ဂိုလ်တို့သည် မွန်းလွဲသောအခါ၌ ဆွမ်းခံမသွားကြကုန်။ (၁၁)

၃၉ဝ။ ရဟန်းသည် သတ္တဝါတိုု့ကို လွန်စွာယစ်စေတတ်ကုန်သော ရူပါရုံ သဒ္ဒါရုံ ရသာရုံ ဂန္ဓာရုံ အတွေ့အထိ 'ဖောဋ္ဌဗ္ဗာရုံ'ဟူကုန်သော ဤတရားတို့၌ အလိုဆန္ဒကို ပယ်ဖျောက်၍ သင့်လျော်သော ကာလ၌ နံနက်စာ ဆွမ်းရရာအရပ်သို့ ဝင်ရာ၏။ (၁၂)

၃၉၁။ ရဟန်းသည် မွန်းမတည့်မီ အတွင်း၌ ဆွမ်းကို ရပြီး၍လည်းကောင်း တစ်ပါးတည်း (ဆွမ်းခံရွာမှ) ပြန်ကြွခဲ့၍ ဆိတ်ငြိမ်ရာ၌ ထိုင်နေရာ၏။ အဇ္ဈတ္တခန္ဓာကို ကြံစည်လျက် အပအာရုံ၌ စိတ်ကို မထွက်စေရာ၊ ကောင်းစွာ သိမ်းဆည်းအပ်သော စိတ်ရှိသည်ဖြစ်၍ (နေရာ၏)။ (၁၃)

၃၉၂။ ထိုရဟန်းသည် တပည့်သာဝကနှင့်သော်လည်းကောင်း၊ တစ်ပါးသောတစ်စုံတစ်ယောက်သောတိတ္ထိလူစသည်နှင့်သော်လည်းကောင်း၊ ရဟန်းနှင့်သော်လည်းကောင်း အကယ်၍ စကားပြောဆိုကာမူမြတ်သောတရားကို ပြောဆိုရာ၏။ ကုန်းတိုက်သော စကားကို မပြောဆိုရာ၊ သူတစ်ပါးအားပြစ်တင်စွပ်စွဲသော စကားကိုလည်း မပြောဆိုရာ။ (၁၄)

၃၉၃။ အချို့သူတို့သည် အပြစ်တင်ခြင်းနှင့်စပ်သောစကားကို ဆန့်ကျင်ဘက် စစ်သည် ဘောင်သို့သွားသကဲ့သို့ ထင်မှတ်ကုန်၏။ ပညာနည်းသော ထိုလူတို့ကို ငါတို့ မချီးမွမ်းကုန်၊ ထိုထိုစကားဟူသော အကြောင်းကြောင့် ထိုသူတို့ကို ရာဂ စသော ငြိကပ်တွယ်တာမှုတို့သည် ငြိကပ်ကုန်၏။မှန်၏ထိုသူတို့သည် သမထ ဝိပဿနာမှ ဝေးသော ထိုငြင်းခုံမှုအာရုံ၌ စိတ်ကို ရောက်စေကုန်၏။ (၁၅)

၃၉၄။ မြတ်သော ပညာရှိ တပည့်သာဝကသည် မြတ်စွာဘုရား ဟောအပ်သောတရားကို ကြားနာရ၍ဆွမ်းကိုလည်းကောင်း၊ ကျောင်းကိုလည်းကောင်း၊ အိပ်ရာ နေရာကိုလည်းကောင်း၊ သောက်ရေကိုလည်းကောင်း၊ သင်္ကန်း၏ အညစ်အကြေး ဖွပ်လျှော်ခြင်းကိုလည်းကောင်း ဉာဏ်ဖြင့်ဆင်ခြင်၍မှီဝဲရာ၏။ (၁၆)

၃၉၅။ ထို့ကြောင့် ရေပေါက်သည် ကြာဖက်၌ မလိမ်းကျံ မကပ်ငြိသကဲ့သို့ ရဟန်းသည် ဆွမ်း၌လည်းကောင်း၊ ကျောင်းအိပ်ရာနေရာ၌လည်းကောင်း၊ သောက် ရေ၌လည်းကောင်း၊ သင်္ကန်း၏အညစ်အကြေးကို ဖွပ်လျှော်ခြင်း၌လည်းကောင်း ဤပစ္စည်းတရားတို့၌ ကိလေသာမြူ မလိမ်းကျံမကပ်ငြိနိုင်ပေ။ (၁၇)

၃၉၆။ ထိုမှတစ်ပါး လူကျင့်ဝတ်ကို သင်တို့အား ငါဟောအံ့၊ ငါဟောတိုင်း လိုက်နာပြုကျင့်သောတပည့်သာဝကသည် ကောင်းမြတ်၏။ (ရှေး၌ ဟောခဲ့သော လူတို့အကျင့်နှင့်) မရောမယှက်သော ရဟန်းတို့ ကျင့်ဝတ်တရားကို လယ်ယာစသည်ကို သိမ်းဆည်းသူ လူပုဂ္ဂိုလ်သည် ရောယှက်ခြင်းငှါမရကောင်း။ (၁၈)

၃၉၇။ လောက၌ ရှိကြသည့် မတုန်လှုပ်သူ ထိတ်လန့်တတ်သူ သတ္တဝါအားလုံးတို့သည် လက်နက်ကို စွန့်ပစ်၍ သတ္တဝါကို ကိုယ်တိုင်လည်း မသတ်ရာ၊ သူတစ်ပါးတို့ကိုလည်း မသတ် စေရာ၊ သတ်ဖြတ်ကုန်သော သူတစ်ပါးတို့အားလည်း ခွင့်ပြုလိုက်လျော သဘောမတူရာ။ (၁၉)

၃၉၈။ တပည့်သာဝကသည် သူတစ်ပါးဥစ္စာဟု သိသည်ရှိသော် တစ်စုံတစ်ခုသောအရပ်၌ အရှင်မပေးအပ်သော ဝတ္ထုတစ်စုံတစ်ရာကို ထိုခိုးယူခြင်းမှ ကြဉ်ရှောင်ရာ၏။ သူတစ်ပါးကိုလည်းမခိုးယူစေရာ၊ ခိုးယူသောသူတစ်ပါးတို့အားလည်း ခွင့်ပြုလိုက် လျော သဘောမတူရာ၊ မပေးအပ်သော ဥစ္စာဟူသမျှကို ကြဉ်ရှောင်ရာ၏။ (၂ဝ)

၃၉၉။ ပညာရှိသောသူသည် ပြောင်ပြောင်တောက်သော မီးကျီးတွင်းကဲ့သို့ မေထုန်အကျင့်ကို ကြဉ်ရှောင်ရာ၏။ မေထုန်အကျင့်မှ ကြဉ်ရှောင်မှု 'ဗြဟ္မစရိယ' အကျင့်ကို ကျင့်သုံးရန် မတတ်နိုင်သူကားသူတစ်ပါး၏သားမယားကို မလွန် ကျူးရာ။ (၂၁)

၄ဝဝ။ စည်းဝေးရာသဘင်သို့ ရောက်သော်လည်းကောင်း၊ ပရိသတ်သို့ ရောက်သော်လည်းကောင်းသူတစ်ယောက်သည် မုသားကို ကိုယ်တိုင်လည်း မပြောဆိုရာ၊ သူတစ်ပါးကိုလည်း မပြောဆိုစေရာ၊ မုသားပြောဆိုသောသူတစ်ပါးကို ုလည်း ခွင့်ပြု လိုက်လျော သဘောမတူရာ၊ မမှန်စကားဟူသမျှကို ့ကြဉ်ရှောင်ရာ၏။ (၂၂)

၄ဝ၁။ အကြင်အိမ်ရာထောင်သူ လူပုဂ္ဂိုလ်သည် ထိုသေရည် သေရက်သောက် စားမှုကို ရူးသွပ်ခြင်းအကျိုးလျှင် အဆုံးရှိ၏ဟု သိ၍ ဤ (သေရည်သေရက်သောက်စားမှုမှ ရှောင်ကြဉ်မှု) တရားကို နှစ်သက်ခဲ့ပါမူ ထိုလူပုဂ္ဂိုလ်သည် သေရည် သေရက်သောက်စားမှုကို ကိုယ်တိုင်လည်း မကျင့်ရာ၊ သူတစ်ပါးကိုလည်း မသောက် စားစေရာ၊ သောက်စားမူးယစ်သူတို့အားလည်း ခွင့်ပြုလိုက်လျောသဘောမတူရာ။ (၂၃)

၄ဝ၂။ လူမိုက်တို့သည် မူးယစ်ခြင်းကြောင့် သူ့အသက်သတ်မှုစသော မကောင်းမှုကို ပြုကုန်၏။ သူတစ်ပါးတို့ကိုလည်း ယစ်မူးမေ့လျော့သည်တို့ကို ပြုစေကုန်၏။ နောင်ဘဝ၌လည်း ရူးသွပ်စေတတ်ယခုဘဝ၌လည်း တွေဝေစေတတ်၍ မကောင်းမှုတို့၏ တည်ရာဖြစ်သော လူမိုက်တို့ နှစ်သက်သော ဤသေရည်သေရက်သောက် စားမှုကို ရှောင်ကြဉ်ရာ၏။ (၂၄)

၄ဝ၃။ သူ့အသက်ကို မသတ်ရာ၊ မပေးသော ဥစ္စာကိုလည်း မခိုးယူရာ၊ မုသား စကားကိုလည်းမပြောဆိုရာ၊ သေရည်သေရက်သောက်စားသူလည်း မဖြစ်ရာ၊ မမြတ်သော မေထုန်အကျင့်မှလည်းရှောင်ကြဉ်ရာ၏။ နေလွဲညစာကိုလည်း မစား ရာ။ (၂၅)

၄ဝ၄။ ပန်းကို မပန်ရာ၊ နံ့သာ (လိမ်းခြင်း) ကိုလည်း မပြုကျင့်ရာ၊ (အပ်သော) အခင်း၌လည်းကောင်း၊ (အပ်သော) ညောင်စောင်း၌လည်းကောင်း မြေ၌လည်းကောင်း အိပ်ရာ၏။ ဝဋ်ဆင်းရဲ၏အဆုံးသို့ ရောက်သော မြတ်စွာဘုရား ဟောပြ တော်မူအပ်သော ထိုဥပုသ်ကို အင်္ဂါရှစ်ပါး ရှိ၏ဟူ၍ ဆိုကုန်၏။ (၂၆)

၄ဝ၅။ လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက် ဥပုသ်နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်ဥပုသ်နေ့၌လည်းကောင်း၊ ရှစ်ရက်ဥပုသ်နေ့၌လည်းကောင်း အဋ္ဌင်္ဂဥပုသ် သုံးခြင်းသို့ ကပ်၍နေလော့၊ အသီးအခြား ဆောင်အပ်သောပါဋိဟာရိယပက္ခ၌လည်း ကြည်ညိုစိတ်ရှိသူသည် နေ့အပြည့်အစုံအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးလေလော့။ (၂၇)

၄ဝ၆။ ထိုဥပုသ်ဆောက်တည်သော နေ့၏အခြားမဲ့၌ သိကြားလိမ္မာသော ဥပုသ် ကျင့်သုံးပြီးသော ပညာရှိသည် ကြည်ညိုစိတ်ရှိသည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ နံနက်၌ပင်လျှင် ရဟန်းအပေါင်းကို စွမ်းနိုင်သည့်အလျောက် ထမင်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း ဝေဖန်လုပ်ကျွေးရာ၏။ (၂၈)

၄ဝ၇။ လူဖြစ်သောသူသည် အမိအဖတို့ကို တရားသဖြင့် လုပ်ကျွေးမွေးမြူရာ၏။ တရားနှင့်လျော်သော ကုန်သွယ်မှုကို အားထုတ်ရာ၏။ ထိုသူသည် ဤကျင့်ဝတ်ကို မမေ့လျော့ဘဲ ကျင့်သည်ဖြစ်၍ အလိုလိုထွန်းပသော ကိုယ်ရောင်ရှိသော နတ်ပြည်တို့သို့ ရောက်ရ၏''ဟု (မိန့်တော်မူ၏)။ (၂၉)

တစ်ဆယ့်လေးခုမြောက် ဓမ္မိကသုတ် ပြီး၏။

နှစ်ခုမြောက် စူဠဝဂ် ပြီး၏။

၁။ ဧရာဝဏ်ဆင်မင်းဟူသည် တာဝတိံသာနတ်ပြည် ရှိ ဧရာဝဏ်နတ်သား၏ ရှေးဘဝက ဆင်အဖြစ်ကို စွဲ၍ ခေါ်ဆိုခြင်းတည်း။