သုတ္တနိပါတ်ပါဠိတော်

၂-အာမဂန္ဓသုတ်

၂၄၂။ တရားသဖြင့် ရအပ်သော မြက်သီးစပါး ဆောင်းမေခါးပွင့်သဏ္ဌာန် အနှံ ရှိသော စပါးအလေ့ကျပေါက်သော ပဲနောက်တို့ကိုလည်းကောင်း၊ သစ်ရွက်စိမ်းကိုလည်းကောင်း၊ သစ်မြစ်သစ်ဥကိုလည်းကောင်း၊ သစ်သီးဝလံကိုလည်းကောင်း စားသုံးကြကုန်သောသူတော်ကောင်းတို့သည် ကာမကို အလိုရှိခြင်းဟူသော အကြောင်းကြောင့် ချွတ်ယွင်းသော စကားကို မဆိုကြကုန်။ (၁)

၂၄၃။ ကဿပနွယ်ဖွား မြတ်စွာဘုရား ကောင်းစွာ ပြုစီရင်ပြီး ကောင်းစွာ ချက်ပြုတ် ပြီးဆုံးပြီးသောသူတစ်ပါးတို့ ပေးလှူအပ်သော မွန်မြတ်သော ငါးအမဲ ဟင်းလျာကိုလည်း စား, သလေးထမင်းကိုလည်းစားသော သင်သည် အညှီ အဟောက်ကို စားသည် မည်၏။ (၂)

၂၄၄။ ဗြဟ္မာမင်း၏ အဆွေဖြစ်တော်မူသော ကဿပမြတ်စွာဘုရား အညှီအဟောက်သည် ငါ့အားမအပ်ဟု အသျှင်ဘုရားဆိုသည် မဟုတ်ပါလော၊သို့ပါလျက် ကောင်းစွာ စီရင်ထားသည့် ငှက်သားတို့နှင့် (တကွ) သလေးထမင်းကို စားဘိ၏။ ကဿပမြတ်စွာဘုရား အသျှင်ဘုရားအား ဤအကြောင်းကို မေးပါ၏။ အသျှင်ဘုရားပြောသော အညှီအဟောက်ဟူသည် အဘယ်မျှ အပြားရှိပါသနည်း။ (၃)

၂၄၅။ တိဿရသေ့ သူ့အသက်ကို သတ်ခြင်း နှိပ်စက်ညှဉ်းဆဲခြင်း လက်ခြေ စသည်ကို ဖြတ်ခြင်း နှောင်ဖွဲ့ခြင်း ခိုးယူခြင်း မမှန်ဆိုခြင်း စဉ်းလဲခြင်း လှည့်ပတ်ခြင်း အကျိုးမရှိသော ကျမ်းဂန်တို့ကို သင်ယူခြင်း သူတစ်ပါးသားမယားကို ပေါင်းဖော်မှီဝဲခြင်း ဤသည်ကား အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ (၄)

၂၄၆။ ဤလောက၌ အကြင်သူတို့သည် ကာမတို့၌ မစောင့်စည်းကုန်၊ ရသာရုံတို့၌ မက်မောကုန်၏။ မစင်ကြယ်သော မိစ္ဆာဇီဝအဖြစ်ကိုမှီကုန်၏။ နတ္ထိကဝါဒ အယူရှိကုန်၏။ မညီညွတ်သော ကာယကံမှုစသည်နှင့် ပြည့်စုံ၏။ သိစေနိုင်ခဲကုန်၏။ ထိုသူတို့၏ ဤကာမတို့၌ မစောင့်စည်းမှုစသည်ပင့်အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ (၅)

၂၄၇။ အကြင်သူတို့သည် ခေါင်းပါးသော အတ္တကိလမထအကျင့် ရှိကုန်၏။ ကြမ်းတမ်းကုန်၏။ သူတစ်ပါး၏ ကျောက်ကုန်းသားကို စားသကဲ့သို့ ရှေ့တွင် ချီးမွမ်း၍ မျက်ကွယ်၌ ကဲ့ရဲ့ကုန်၏။ အဆွေခင်ပွန်းတို့ကို ပြစ်မှားကုန်၏။ သနားခြင်း ကင်းကုန်၏။ အလွန်မာန်လမူကုန်၏။ မပေးတတ်သော အလေ့ရှိကုန်၏။ တစ်စုံတစ်ယောက်အား အနည်းငယ်မျှသော်လည်း မပေးလှူကုန်၊ ထိုသူတို့၏ ဤအတ္တကိလမထ စသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည်အညှီအဟောက် မဟုတ်။ (၆)

၂၄၈။ အမျက်ထွက်ခြင်း မာန်ယစ်ခြင်း ခက်ထန်ခြင်း ဆန့်ကျင်ဘက် ပြုလုပ်ခြင်း လှည့်ပတ်ခြင်းငြူစူခြင်း ဝါကြွားပလွှား၍ ပြောဆိုခြင်း အလွန်မာန်မူခြင်း သူယုတ်မာတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းဤသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ (၇)

၂၄၉။ ဤလောက၌ အကြင်လူယုတ်မာတို့သည် မကောင်းသော အလေ့ရှိကုန်၏။ ကြွေးမြီကို ယူ၍မပေးဆပ် ဖျက်ဆီးတတ်သည့်ပြင်ကုန်းချောတတ်ကုန်၏။ ဤလောက၌ တံစိုးစားကာကောက်ကျစ်စဉ်းလဲသဖြင့် တရားစီရင်တတ်ကုန်၏။ သီလ ရှိယောင် အတုဆောင်တတ်ကုန်၏။ အမိအဖစသည်အပေါ်၌ ကြမ်းသော အမှုကို ပြုကုန်၏။ ထိုသူတို့၏ မကောင်းသော အလေ့စသည်ပင်အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ (၈)

၂၅ဝ။ ဤလောက၌ အကြင်သူတို့သည် သတ္တဝါတို့၌ သတ်ဖြတ်မှုတို့မှ မစောင့် စည်းကုန်၊ သူတစ်ပါးတို့၏ ဥစ္စာကို ယူ၍ ညှဉ်းဆဲရန် လုံ့လပြုကုန်၏။ သီလ မရှိကုန်၊ ကြမ်းတမ်းသော အမှုရှိကုန်၏။ ကြမ်းသော စကားရှိကုန်၏။ ရိုသေခြင်း ကင်းကုန်၏။ ထိုသူတို့၏ မစောင့်စည်းခြင်းစသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ (၉)

၂၅၁။ အကြင်သူတို့သည် ဤသတ္တဝါတို့၌ မက်မောကုန်၏။ မုန်းတီးဆန့်ကျင်ကုန်၏။ ပြစ်မှားလွန်ကျူးခြင်းသို့ လျင်စွာ ကျရောက်တတ်ကုန်၏။ အကုသိုလ်ပြုရန် အမြဲမပြတ်လုံ့လပြုကုန်သည်ဖြစ်၍ တမလွန်ဘဝ၌ အမိုက်သို့ သွားကုန်၏။ ငရဲ၌ ဦးခေါင်း စောက်ထိုးကျကုန်၏။ ထိုသူတို့၏ ဤမက်မောမှုစသည်ပင် အညှီ အဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည်အညှီအဟောက် မဟုတ်။ (၁ဝ)

၂၅၂။ ငါး အမဲတို့ကို မစားသော အဖြစ်သည်လည်းကောင်း၊ အဝတ်မဝတ်ခြင်းသည်လည်းကောင်း၊ ဦးပြည် းခြင်းသည်လည်းကောင်း၊ ဆံကျစ်မြူမှုန်အညစ်အကြေးသည်လည်းကောင်း၊ ရသေ့ပရိက္ခရာသစ်နက်ရေတို့သည်လည်းကောင်း၊ မီးကို ပူဇော်ခြင်း မီးကို လုပ်ကျွေးခြင်းတို့သည်လည်းကောင်းယုံမှားခြင်းမှ မကူးမြောက် သေးသော သတ္တဝါတို့ကို မစင်ကြယ်စေနိုင်ကုန်၊ လောက၌ အကြင်သို့ သဘော ရှိကုန်သော မသေရန် (တောင့်တလျက်) ကိုယ်ကို များစွာ ပူပန်စေတတ်သောအကျင့်တို့သည်လည်းကောင်း၊ ဗေဒင်တို့သည်လည်းကောင်း၊ ဟုံးပူဇော်သောအကျင့်တို့သည်လည်းကောင်း၊ ယစ်ပူဇော်ခြင်းသည်လည်းကောင်း၊ နွေဥတု၌ အပူခံခြင်းစသော ဥတုကိုမှီဝဲခြင်းတို့သည်လည်းကောင်း ယုံမှားခြင်းမှ မကူးမြောက်သေးသော သတ္တဝါကို မစင်ကြယ်စေနိုင်ကုန်။ (၁၁)

၂၅၃။ (အကြင်သူသည် ) ထိုဣန္ဒြေခြောက်ပါးတို့၌ လုံခြုံသည်ဖြစ်၍ ဤဣန္ဒြေတို့ကို ထင်ရှားသည်တို့ကို ပြုလျက် ကျင့်၏။ သစ္စာလေးပါးတရား၌ တည်၏။ ဖြောင့် မတ်သောသူနူးညံ့သောသူ၏ အဖြစ်၌ မွေ့လျော်၏။ ရာဂစသော ကပ်ငြိခြင်းကို လွန်မြောက်၏။ ဆင်းရဲအားလုံးကို ပယ်၏။ ထိုသူသည် ခိုင်မြဲသော ပညာနှင့် ပြည့် စုံသည်ဖြစ်၍ မြင်အပ် ကြားအပ်သော အာရုံတို့၌ ကိလေသာတို့ဖြင့် မလိမ်းကျံ တော့ပေ။ (၁၂)

၂၅၄။ ဤသို့ ကဿပမြတ်စွာဘုရားသည် ဤအနက်သဘောကို အထပ်ထပ် ဟောတော်မူ၏။ ဗေဒင်တစ်ဖက်ကမ်းရောက်သောတိဿရသေ့သည်လည်း ထိုအနက်ကို သိ၏။ ကိလေသာအညှီအဟောက် ကင်းတော်မူသောတဏှာဒိဋ္ဌိကိုမှီတော်မမူသောသူတစ်ပါးတို့သည် အယူအားဖြင့်မဆွဲဆောင်နိုင်သော ကဿပ မြတ်စွာဘုရားသည် ဆန်းကြယ်သော ဂါထာတို့ဖြင့် ဟောတော်မူ၏။ (၃၁)

၂၅၅။ ထိုတိဿရသေ့သည် ကဿပမြတ်စွာဘုရား၏ ကောင်းစွာ ဟောတော်မူအပ်သော ကိလေသာအညှီအဟောက်ကင်းသော ဝဋ်ဆင်းရဲအားလုံးကို ပယ်ဖျောက်နိုင်သောတရားတော်ကို ကြားနာရ၍နှိမ့်ချသော စိတ်ရှိလျက် မြတ်စွာဘုရားအား ရှိခိုးကာ ထိုအရပ်၌ပင်လျှင် ရဟန်းအဖြစ်ကို ကြားလျှောက်၏။ (၁၄)

နှစ်ခုမြောက် အာမဂန္ဓသုတ် ပြီး၏။