သုတ္တနိပါတ်ပါဠိတော်

၅-သူစိလောမသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂယာရွာ သူစိလောမဘီလူး၏ဗိမာန် ကျောက်ဖျာညောင်စောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ခရလောမဘီလူးသည်လည်းကောင်း၊ သူစိလောမဘီလူးသည်လည်းကောင်း မြတ်စွာဘုရား၏ မနီးမဝေး၌ လွန်၍သွားကုန်၏။ ထို့နောက် ခရလောမ ဘီလူးသည် သူစိလောမဘီလူးကို ''ဤသူကား ရဟန်းတည်း''ဟု ပြောဆို၏။ ဤသူကား ရဟန်းမဟုတ်၊ ဤသူကား ရဟန်းတုတည်း၊ ထိုသူသည် ''ရဟန်းစစ်သော်လည်းဖြစ်စေ၊ ရဟန်းတုသော်လည်းဖြစ်စေ ငါ သိအောင်ပြုအံ့''ဟု (ဆို၏)။

ထို့နောက် သူစိလောမဘီလူးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ကိုယ်ကို တိုးဝှေ့၏။ ထိုအခါ မြတ်စွာဘုရားသည် ကိုယ်ကို တိမ်းဖယ်တော်မူ၏။ ထို့နောက် သူစိလောမဘီလူးသည်မြတ်စွာဘုရားအား ''ရဟန်း သင်သည် ငါ့ကို ကြောက်သလော''ဟု ဆို၏။ ဒကာဘီလူး ငါသည် သင့်ကို မကြောက်၊ စင်စစ်မှာမူ သင်၏ အတွေ့သည် ယုတ်ညံ့၏ဟု (မိန့်ဆိုတော်မူ၏)။

ရဟန်း သင့်ကို ပြဿနာ မေးအံ့၊ အကယ်၍ မဖြေနိုင်မူ သင်၏စိတ်ကိုသော်လည်း ပျံ့လွင့်စေအံ့၊ သင်၏ နှလုံးသားကို မူလည်း ခွဲလိုက်အံ့၊ ခြေတို့ကို မူလည်းကိုင်၍ မြစ်ကမ်းတစ်ဖက်သို့ ပစ်ချလိုက်အံ့ဟု (ဆို၏)။

ဒကာဘီလူး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများလူများနှင့််တကွသော လူ့လောက၌ ငါ၏ စိတ်ကိုသော်လည်း ပျံ့လွင့်စေနိုင်သူ နှလုံးသားကို မူလည်းခွဲနိုင်သူ ခြေတို့ကို မူလည်းကိုင်၍ မြစ်ကမ်းတစ်ဖက်သို့ ပစ်ချနိုင်သူကို ငါဘုရား မြင်တော် မမူ၊သို့ ပင်ဖြစ်စေကာမူ ဒကာဘီလူး အလိုရှိသော် ပြဿနာကို မေးလော့ဟု (မိန့်တော်မူ၏)။ ထို့နောက်သူစိလောမ ဘီလူးသည် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို (လျှောက်ထား) ၏-

၂၇၃။ (ရဟန်း) ရာဂသည်လည်းကောင်း၊ ဒေါသသည်လည်းကောင်း၊ အဘယ်လျှင်အကြောင်းရှိကုန်သနည်း၊ မမွေ့လျော်မှုသည်လည်းကောင်း၊ ကြက်သီး မွေးညင်းထမှုသည်လည်းကောင်းအဘယ်မှဖြစ်သနည်း၊ သူငယ်တို့သည် ကျီးကို ဖမ်း၍ (ကြိုးဖြင့်) ဖွဲ့ကာ လွှတ်ကုန်သကဲ့သို့ ဤအတူကာမဝိတက်စသည်တို့သည် အဘယ်မှဖြစ်၍ ကုသိုလ်စိတ်ကို လွှတ်ကုန်သနည်း။ (၁)

၂၇၄။ (ဘီလူး) ရာဂသည်လည်းကောင်း၊ ဒေါသသည်လည်းကောင်း၊ ဤ (အတ္တ ဘော)လျှင်အကြောင်းရှိကုန်၏။ မမွေ့လျော်မှုသည်လည်းကောင်း၊ ကြက်သီးမွေး ညင်း ထမှုသည်လည်းကောင်းဤအတ္တဘောမှ ဖြစ်ကုန်၏။ သူငယ်တို့သည် ကျီးကို ဖမ်း၍ (ကြိုးဖြင့်) ဖွဲ့ကာ လွှတ်ကုန်သကဲ့သို့ ဤအတူ ကာမဝိတက် စသည်တို့သည် ဤအတ္တဘောမှ ဖြစ်၍ ကုသိုလ်စိတ်ကို လွှတ်ကုန်၏။ (၂)

၂၇၅။ ပညောင်ပင်၏ မြစ်ပျဉ်းတို့သည် ပင်စည်တို့၌ ဖြစ်ကုန်သကဲ့သို့ တဏှာ အစေးကြောင့် ဖြစ်ကုန်သော ရာဂစသောတရားတို့သည် အတ္တဘော၌ ဖြစ်ကုန်၏။ တော၌ ဖြစ်သော မာလောနွယ်သည်မိမိနွယ်သော သစ်ပင်ကို ထက်ဝန်းကျင် ရစ်ပတ်ပိတ်ဆို့သကဲ့သို့ များစွာသော ကိလေသာတို့သည် ကာမဂုဏ်တို့၌ ငြိတွယ်လျက် တည်ကုန်၏။ (၃)

၂၇၆။ ဘီလူး နားထောင်လော့၊ အကြင်သူတို့သည် ထိုအတ္တဘောကို သိကုန်၏။ ယင်းအတ္တဘောလျှင်အကြောင်းရှိသောတဏှာကိုလည်း သိကုန်၏။ ထိုသူတို့သည် ထိုအတ္တဘော၏ အကြောင်းဖြစ်သောတဏှာအစေးကို ပယ်ဖျောက်ကုန်၏။ တစ်ဖန် ဘဝသစ်၌ မဖြစ်စေခြင်းငှါ မကူးမြောက်ဖူးသေးသော ကူးခပ်နိုင်ခဲသော ဤသံသရာ သြဃကို ကူးမြောက်ကုန်၏ဟု (မိန့်တော်မူ၏)။ (၄)

ငါးခုမြောက် သူစိလောမသုတ် ပြီး၏။