သုတ္တနိပါတ်ပါဠိတော်

၇-ဗြာဟ္မဏဓမ္မိကသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အိုကုန်သော ကြီးကုန်သော ရင့်ကုန်သော ရှေးမီကုန်သော အဆုံးအရွယ်သို့ ရောက်ကုန်သော များစွာသော ကောသလတိုင်းသား ပုဏ္ဏားသူဌေးကြီးတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်ကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသောအရပ်၌ ထိုင်နေကုန်ပြီးသော်မြတ်စွာဘုရားအား ''အသျှင်ဂေါတမ ယခုခေတ်ပုဏ္ဏားတို့ကို ရှေးခေတ်ပုဏ္ဏားတို့၏ ဗြာဟ္မဏကျင့်စဉ်တရား၌ တွေ့မြင်ကြရကုန်၏လော''ဟု လျှောက်ကုန်၏။

ပုဏ္ဏားတို့ ယခုခေတ်ပုဏ္ဏားတို့ကို ရှေးခေတ်ပုဏ္ဏားတို့၏ ဗြာဟ္မဏကျင့်စဉ်တရား၌ မတွေ့မြင်ရတော့ကုန်ဟု (မိန့်တော်မူ၏)၊ တောင်းပန်ပါ၏- အသျှင်ဂေါတမအား ဝန်မလေးပါမူ အသျှင်ဂေါတမသည်ရှေးခေတ် ပုဏ္ဏားတို့၏ ဗြာဟ္မဏကျင့်စဉ်တရားကို အကျွန်ုပ်တို့အား ဟောတော်မူပါလော့ဟု (လျှောက်၏)။

ပုဏ္ဏားတို့သို့ ဖြစ်လျှင် နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)၊ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုပုဏ္ဏားသူဌေးကြီးတို့သည် မြတ်စွာဘုရားအားပြန်လျှောက်ကြကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

၂၈၇။ (ပုဏ္ဏားတို့) ရှေး၌ ဖြစ်သော ရသေ့တို့သည် ကောင်းစွာ စောင့်စည်းသော စိတ် ရှိကုန်၏။ ဣန္ဒြိယသံဝရသီလနှင့် ပြည့်စုံကုန်၏။ ကာမဂုဏ်ငါးပါးတို့ကို စွန့်ကြ၍ မိမိအကျိုးကို ကျင့်ကုန်၏။ (၁)

၂၈၈။ (ရှေးခေတ်) ပုဏ္ဏားတို့အား နွားမြင်းစသည် မရှိကုန်၊ ရွှေငွေမရှိ၊ ဥစ္စာ စပါး မရှိ၊ ဗေဒင်ကို သရဇ္ဈာယ်ခြင်းတည်းဟူသော ဥစ္စာစပါးသာ ရှိကုန်၏။ မေတ္တာစသော မြတ်သော ရွှေအိုးကို စောင့်ရှောက်ကုန်၏။ (၂)

၂၈၉။ ပုဏ္ဏားတို့အား ရည်ညွှန်း၍ စီရင်အပ်သော ဒွါရဘတ်ကို ထိုပုဏ္ဏားတို့ အတွက် တည်ထားအပ်ပြီ၊ သဒ္ဓါ၍ စီရင်အပ်သော ထိုဒွါရဘတ်ကို ရှာမှီးသော ပုဂ္ဂိုလ်တို့အား ပေးလှူရမည်ဟူ၍ အလှူဒါယကာတို့သိမှတ်ထားကြကုန်၏။ (၃)

၂၉ဝ။ ဆိုးရေအမျိုးမျိုးတို့ဖြင့် ဆိုးအပ်ကုန်သော အဝတ်ပုဆိုး အိပ်ရာ နေရာ နေအိမ်တို့ဖြင့်စည်ပင်ဝပြောကုန်သော ဇနပုဒ်သူ ဇနပုဒ်သားတို့သည်လည်းကောင်း၊နိုင်ငံသူနိုင်ငံသားတို့သည်လည်းကောင်း ထိုပုဏ္ဏားတို့ကို ရှိခိုးကုန်၏။ (၄)

၂၉၁။ ထိုရှိခိုးထိုက်သော ပုဏ္ဏားတို့သည် တရားစောင့်သူတို့ ဖြစ်ကုန်ရကား လူတို့ကမသတ်ထိုက်သူတို့လည်း ဖြစ်ကုန်၏။ နှိပ်စက်၍ အနိုင်မယူထိုက်သူတို့လည်း ဖြစ်ကုန်၏။ အိမ်တံခါးတို့၌ အချင်းခပ်သိမ်း တစ်စုံတစ်ယောက်သောသူကမျှ ထိုပုဏ္ဏားတို့ကို မတားမြစ်ပေ။ (၅)

၂၉၂။ ထိုပုဏ္ဏားတို့သည် လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး မေထုန်ရှောင်ကြဉ်မှု ကောမာရဗြဟ္မစရိယအကျင့်ကို ကျင့်ကုန်၏။ ရှေးခေတ်ပုဏ္ဏားတို့သည် ဗေဒင် သရဇ္ဈာယ် 'ဝိဇ္ဇာ'နှင့်သီလစောင့်ထိန်းမှု 'စရဏ' ရှာမှီးသောအကျင့်ကို ကျင့်ကြကုန်၏။ (၆)

၂၉၃။ ထိုပုဏ္ဏားတို့သည် မင်းစသောတစ်စုံတစ်ယောက်ထံသို့မျှ မကပ်ကုန်၊ မယားကိုလည်းမဝယ်ယူကုန်၊ အချင်းချင်း မြတ်နိုးသဖြင့်သာလျှင် ပေါင်းဖော်နှီး နှောကြကုန်လျက် အညီအမျှနှစ်သက်ကြကုန်၏။ (၇)

၂၉၄။ (ရှေး) ပုဏ္ဏားတို့သည် ထိုဥတု လာပြီးစ သွားလာထိုက်သောအခါမှ တစ်ပါးသောအခါ၌ ဥတုမှ ကင်းသော မယားကို ဥတုနှစ်ခုတို့၏ အကြား၌ မေထုန် အလို့ငှါ မကပ်ရောက်ကုန်။ (၈)

၂၉၅။ အကျင့်မြတ်ကို ုလည်းကောင်း၊ သီလကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းကိုလည်းကောင်း၊ နူးညံ့သိမ်မွေ့ခြင်းကိုလည်းကောင်း၊ ဣန္ဒြေစောင့်စည်းခြင်းကိုလည်းကောင်း၊ ကောင်းသောအကျင့်၌ မွေ့လျော်ခြင်းကိုလည်းကောင်း၊ မပုတ်ခတ် မညှဉ်း ဆဲခြင်းကိုလည်းကောင်း၊သည်းခံခြင်းကိုလည်းကောင်းချီးမွမ်းကုန်၏။ (၉)

၂၉၆။ ပုဏ္ဏားတို့တွင် အကြင်ပုဏ္ဏားသည် ဗြဟ္မာကဲ့သို့ မြင့်မြတ်သူ ဖြစ်၏။ မြဲမြံသော ဝီရိယ ရှိ၏။ ထိုပုဏ္ဏားတို့သည် မေထုန်အကျင့်ကို အိပ်မက်၌သော်မျှလည်း မရောက်စဖူး။ (၁ဝ)

၂၉၇။ ဤလောက၌ လိမ္မာသော သဘောရှိကုန်သောအချို့ သူတို့သည် ထိုမြတ်သော ပုဏ္ဏား၏ကျင့်ဝတ်ကို အတုလိုက်၍ ကျင့်ကြကုန်လျက် အကျင့်မြတ်ကိုလည်းကောင်း၊ သီလကိုလည်းကောင်း၊သည်းခံခြင်းကိုလည်းကောင်း ချီးမွမ်းကုန်၏။ (၁၁)

၂၉၈။ ဆန်ကိုလည်းကောင်း၊ အိပ်ရာနေရာကိုလည်းကောင်း၊ အဝတ်ကိုလည်းကောင်း၊ ထောပတ်ကိုလည်းကောင်း၊ ဆီကိုလည်းကောင်း တရားသဖြင့် တောင်းခံ၍ စုရုံးပြီးလျှင် ထိုအစုအပုံမှယဇ်ပူဇော်ခြင်းကို ပြုကြကုန်၏။ (၁၂)

၂၉၉။ ယဇ်ပူဇော်ရန် အချိန်ကျရောက်လတ်သော် ထိုပုဏ္ဏားတို့သည် နွားတို့ကို မသတ်ကုန်၊ နွားမတို့၌ ဆေးဖြစ်ကုန်သော နွားနို့အရသာတို့ ဖြစ်ပေါ်လာကုန်ရကား နွားတို့သည် အမိအဖညီအစ်ကို ထိုမှတစ်ပါးသော ဆွေမျိုးတို့ကဲ့သို့ ငါတို့၏ မြတ်သော အဆွေခင်ပွန်းနှင့် တူကုန်၏။ (၁၃)

၃ဝဝ။ ထိုနွားမတို့သည် ငါတို့အား ထမင်းကို ပေးကုန်၏။ ခွန်အားကို ပေးကုန်၏။ အဆင်းကို ပေးကုန်၏။ ချမ်းသာကို ပေးကုန်၏။ ဤသို့ သော အကျိုးထူးကို သိကုန်၍ ထိုပုဏ္ဏားတို့သည် နွားတို့ကို မသတ်ကြကုန်။ (၁၄)

၃ဝ၁။ ပုဏ္ဏားတို့သည် နူးညံ့သိမ်မွေ့ကုန်၏။ ကြီးသော ကိုယ်ရှိကုန်၏။ ရုပ် အဆင်းလှကုန်၏။ အခြံအရံများကုန်၏။ မိမိဥစ္စာကိုယ်ကျင့်တရားတို့ဖြင့် ပြုထိုက်သော ကိစ္စ မပြုထိုက်သော ကိစ္စတို့၌ကြောင့်ကြစိုက်ကုန်၏။ လောက၌ ဆိုအပ်ပြီးသောအကျင့်ကို ပုဏ္ဏားတို့ လိုက်နာကျင့်သုံးနေကြသမျှကာလပတ်လုံး ဤသတ္တဝါ အပေါင်းသည် ချမ်းသာကြီးပွါးခြင်းသို့ ရောက်နိုင်၏။ (၁၅)

၃ဝ၂။ ထိုပုဏ္ဏားတို့အား အနည်းငယ် (ကာမဂုဏ်) ကြောင့် ဖြစ်သော အနည်း ငယ် (ချမ်းသာ) ကို မြင်၍ဖောက်ပြန်သော အသိဉာဏ်ဖြစ်၏။ မင်း၏ စည်းစိမ်ကိုလည်းကောင်း၊ ကောင်းစွာ တန်ဆာဆင်အပ်သော မိန်းမတို့ကိုလည်းကောင်း။ (၁၆)

၃ဝ၃။ အာဇာနည်မြင်းကကုန်သော ကောင်းစွာ ပြုအပ်သော ဆန်းကြယ်စွာ ချုပ်အပ်ကုန်သော ရထားတို့ကိုလည်းကောင်း၊ ဝေဖန်အပ်ကုန်သော အဖို့အစုအားဖြင့် နှိုင်းယှဉ်အပ်ကုန်သော အိပ်ရာနေရာတို့ကိုလည်းကောင်း၊ အိမ်တို့ကိုလည်းကောင်း မြင်ရ၍ ဖောက်ပြန်သော အသိဉာဏ်ဖြစ်၏။ (၁၇)

၃ဝ၄။ ပုဏ္ဏားတို့သည် နွားအပေါင်းတို့ဖြင့် ရောပြွမ်းသော မိန်းမမြတ်အပေါင်းနှင့် ပြည့်စုံသည့်ပြန့်ပြောများပြားသော လူ့စည်းစိမ်ကို တောင့်တကြံစည် ကြကုန်၏။ (၁၈)

၃ဝ၅။ ထိုအခါ ပုဏ္ဏားတို့သည် ထိုစည်းစိမ်ဟူသော အကြောင်းကြောင့် ဗေဒင် ကျမ်းတို့ကို ဖွဲ့နွဲ့စီကုံးကြပြီးလျှင် (မင်းကြီး) သင်မင်းကြီးအား စည်းစိမ်များ၏။ ယဇ်ပူဇော်ပါလော့၊ သင်မင်းကြီးအားဥစ္စာများ၏။ ယဇ်ပူဇော်ပါလော့၊ ဤသို့ ယဇ်ပူဇော်သည်ရှိသော် သင်မင်းကြီးအား နောင်အခါ ဥစ္စာစပါးပေါများလတ္တံ့ဟု ပြောဆိုကာ သြက္ကာကမင်းထံသို့ ချဉ်းကပ်ကြကုန်၏။ (၁၉)

၃ဝ၆။ ထိုအခါ ရထားစီး မင်းတကာတို့ထက် မြတ်သော သြက္ကာကမင်းသည် ပုဏ္ဏားတို့တိုက်တွန်းအပ်သည် ဖြစ်ရကား မြင်းတို့ကို သတ်၍ ယဇ်ပူဇော်မှု 'အဿမေဓယဇ်'၊ ယောကျာ်းတို့ကို သတ်၍ ယဇ်ပူဇော်မှု 'ပုရိသမေဓယဇ်'၊ ထမ်းပိုး ကျည်းကို ပစ်၍ ထိုထမ်းပိုးကျည်းကျရာ၌ ယဇ်မြေပြုလျက် ပူဇော်မှု 'သမ္မာပါသယဇ်'၊ ထောပတ်ဃနာ ပျားသကာတို့ကို ့သောက်ရာဖြစ်သော 'ဝါဇပေယျယဇ်'၊ တံခါးရွက်ကို ဖွင့်လှစ်၍ ပူဇော်မှု 'နိရဂ္ဂဠယဇ်'ဟူကုန်သော ယဇ်တို့ကို ပူဇော်၍ ပုဏ္ဏားတို့အား ဥစ္စာကို ပေး၏။ (၂ဝ)

၃ဝ၇။ နွားတို့ကိုလည်းကောင်း၊ အိပ်ရာနေရာကိုလည်းကောင်း၊ အဝတ်ကိုလည်းကောင်း၊ ကောင်းစွာ တန်ဆာဆင်အပ်သော မိန်းမတို့ကိုလည်းကောင်း၊ အာဇာနည် မြင်းကသော ကောင်းစွာ ပြုအပ်သော ဆန်းကြယ်စွာ ချုပ်အပ်သော ရထားတို့ကိုလည်းကောင်း ပေး၏။ (၂၁)

၃ဝ၈။ အဖို့အစုအားဖြင့် ကောင်းစွာ ဝေဖန်အပ်ကုန်သော မွေ့လျော်ဖွယ်ရာ အိမ်တို့ကို အထူးထူးသော ဥစ္စာစပါးဖြင့် ပြည့်စေ၍ ပုဏ္ဏားတို့အား ဥစ္စာကို ပေး၏။ (၂၂)

၃ဝ၉။ ထိုပုဏ္ဏားတို့သည်လည်း ထို (ယဇ်ပွဲ)၌ ဥစ္စာကို ရကုန်၍ သိုမှီးမှုကို လိုလားနှစ်သက်ကြကုန်၏။ အလိုဆိုးဖြင့် စိတ်သက်ဝင်ကုန်သော ထိုပုဏ္ဏားတို့အား အလွန့်အလွန် တဏှာပွါးများတော့၏။ ထိုပုဏ္ဏားတို့သည် ထို (တဏှာပွါးများခြင်း) ကြောင့် ဗေဒင်ကျမ်းတို့ကို ဖွဲ့နွဲ့စီကုံး၍ သြက္ကာကမင်းထံသို့ တစ်ဖန် ချဉ်းကပ်ကုန်၏။ (၂၃)

၃၁ဝ။ (မင်းမြတ်) ရေသည်လည်းကောင်း၊ မြေသည်လည်းကောင်း၊ ရွှေငွေသည်လည်းကောင်း၊ ဥစ္စာစည်းစိမ်သည်လည်းကောင်း၊ မုယောစသော ကောက်ပဲသည်လည်းကောင်း သတ္တဝါအားလုံးတို့၏အသုံးအဆောင်ဖြစ်သကဲ့သို့ ဤအတူ နွားတို့သည် လူတို့၏ အသုံးအဆောင် ဖြစ်ကုန်၏။ သင်မင်းကြီးအား စည်းစိမ်များ၏။ ယဇ်ပူဇော်ပါလော့၊ သင် မင်းကြီးအား ဥစ္စာများ၏။ ယဇ်ပူဇော်ပါလော့။ (၂၄)

၃၁၁။ ထိုအခါ ရထားစီး မင်းတကာတို့ထက် မြတ်သော သြက္ကာကမင်းသည် ပုဏ္ဏားတို့တိုက်တွန်းအပ်သည် ဖြစ်ရကား အရာအထောင်မက များကုန်သော နွားတို့ကို ယဇ်ပူဇော်ရာ၌ သတ်လေ၏။ (၂၅)

၃၁၂။ နွားမတို့သည် သိုးနှင့် တူကုန်သည်ဖြစ်၍ ခြေဖြင့်လည်း မကန်ကျောက် တတ်ကုန်၊ ဦးချိုဖြင့်လည်း မဝှေ့တတ်ကုန်၊ တစ်စုံတစ်ခုမျှဖြင့်လည်း မနှိပ်စက် တတ်ကုန်၊ ငြိမ်းအေးစွာ နေမှု၌ မွေ့လျော်ကုန်သော အိုးဖြင့် နို့ညှစ်ခံကုန်သော ထိုနွားမတို့ကို ဦးချိုတို့၌ ကိုင်လျက် သြက္ကာကမင်းသည်ဓားဖြင့် သတ်၏။ (၂၆)

၃၁၃။ ထို့နောက် နတ်တို့သည်လည်းကောင်း၊ ဗြဟ္မာတို့သည်လည်းကောင်း၊ သိကြားမင်းသည်လည်းကောင်း၊ အသုရာရက္ခိုသ်တို့သည်လည်းကောင်း နွားတို့ကို ဓားဖြင့် သတ်ခြင်းသည် မတရားဟူ၍ ပြောဆိုလျက် ဖဲခွါသွားကြကုန်၏။ (၂၇)

၃၁၄။ ရှေးအခါ က လိုချင်ခြင်း ဆာလောင်မွတ်သိပ်ခြင်း အိုမင်းခြင်းဟူသော အနာရောဂါသုံးမျိုးတို့သာဖြစ်ကုန်၏။ ယခုသော်ကား နွားတို့ကို သတ်ဖြတ် နှိပ်စက်ခြင်းကြောင့် အနာမျိုးကိုးဆယ့်ရှစ်ပါးတို့သည် ဖြစ်ပေါ်လာကုန်၏။ (၂၈)

၃၁၅။ ရှေးသြက္ကာကမင်း လက်ထက်ကဖြစ်သော ဤမတရားသောအကျင့်သည် ဒဏ်သုံးပါးတို့တွင်တစ်ပါးပါးသော ဒဏ်သို့ သက်ဝင်လျက် ဖြစ်၏။ ယဇ်ပူဇော်သူတို့သည် မပြစ်မှားထိုက်သော နွားတို့ကို သတ်ကြကုန်ရကား တရားမှ ဆုတ်ယုတ် ရွေ့လျောကုန်၏။ (၂၉)

၃၁၆။ ဤသို့ ရှေး၌ ဖြစ်သော ဤအယုတ်တရားကို ပညာရှိတို့ ကဲ့ရဲ့ထိုက်၏။ ဤသို့ သဘောရှိသော ယဇ်ပူဇော်သူကို တွေ့မြင်ရာအရပ်၌ လူအပေါင်းသည် ကဲ့ရဲ့၏။ (၃ဝ)

၃၁၇။ ဤသို့ ပုဏ္ဏားတို့ တရားပျက်စီးလတ်သော် သူဆင်းရဲမျိုးတို့သည်လည်းကောင်း၊ ကုန်သည်မျိုးတို့သည်လည်းကောင်း၊ ပျက်စီးကုန်၏။ များစွာသော မင်းမျို းတို့သည်လည်း ပျက်စီးကုန်၏။ မယားတို့သည် လင်ကို မထီမဲ့မြင် ပြုကုန်၏။ (၃၁)

၃၁၈။ မင်းတို့သည်လည်းကောင်း၊ ဗြဟ္မာမျိုးအမည်ခံ ပုဏ္ဏားတို့သည်လည်းကောင်း၊ အနွယ်ကို ့စောင့်ကုန်သောတစ်ပါးကုန်သောသူတို့သည်လည်းကောင်း ဇာတ်ဝါဒစွဲကင်းသည်ကို ပြု၍ကာမဂုဏ်အလိုသို့ လိုက်ကြကုန်၏။ (၃၂)

ဤသို့ ဟောတော်မူအပ်သော် ထိုပုဏ္ဏားသူဌေးကြီးတို့သည် မြတ်စွာဘုရားအား ''အသျှင်ဂေါတမတရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်တို့အား ယနေ့ကို အစပြု၍ အသက်ထက်ဆုံးကိုးကွယ်ခြင်းသို့ ရောက်သော ဥပါသကာတို့ဟူ၍မှတ်တော်မူပါ''ဟု လျှောက် ကြကုန်သတည်း။

ခုနစ်ခုမြောက် ဗြာဟ္မဏဓမ္မိကသုတ် ပြီး၏။