သုတ္တနိပါတ်ပါဠိတော်

၁-ပဗ္ဗဇ္ဇာသုတ်

၄ဝ၈။ စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် အကြင်အခြင်းအရာအားဖြင့် ရဟန်းပြု၏။ အကြင်အခြင်းအရာအားဖြင့် စုံစမ်းသည်ဖြစ်၍ ရဟန်းအဖြစ်ကို နှစ် သက်တော်မူ၏။ ထိုအခြင်းအရာအားဖြင့် (မြတ်စွာဘုရား၏) ရဟန်းအဖြစ်ကို ပြော ကြားပေအံ့။ (၁)

၄ဝ၉။ ဤအိမ်ရာထောင်သော လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းလှ၏။ ရာဂစသော မြူ၏ဖြစ်ရာအာရုံတည်းဟူ၍လည်းကောင်း၊ ရဟန်းအဖြစ်သည် ဟင်း လင်းပြင်ကဲ့သို့ (ကျယ်ပြန့်သည်) သာတည်းဟူ၍လည်းကောင်း ဤသို့ မြင်သောကြောင့် ရဟန်းပြုတော်မူ၏။ (၂)

၄၁ဝ။ ရဟန်းပြုပြီးလျှင်ကိုယ်ဖြင့် မကောင်းသော အမှုကို ကြဉ်ရှောင်၏။ ဝစီ ဒုစရိုက်ကို ပယ်စွန့်၍အသက်မွေးမြူမှုကို သုတ်သင်၏။ (၃)

၄၁၁။ မြတ်စွာဘုရားသည် မဂဓတိုင်းသူတို့၏ တောင်ငါးလုံး ကာရံသည့် ရာဇဂြိုဟ်မြို့ သို့ကြွတော်မူ၏။ ကိုယ်တော်အလုံး၌ ပျံ့နှံ့တည်နေသော မြတ်သော လက္ခဏာရှိသည်ဖြစ်၍ (ထိုရာဇဂြိုဟ်မြို့၌) ဆွမ်းခံကြွတော်မူ၏။ (၄)

၄၁၂။ ဗိမ္ဗိသာရမင်းသည် ပြာသာဒ်ထက်၌ ရပ်တည်လျက် လက္ခဏာတော်တို့နှင့် ပြည့်စုံသော ထိုဘုရားအလောင်းတော်ကို မြင်သောကြောင့် ဤဆိုမည့် အကြောင်း အရာကို မိန့်ကြား၏။ (၅)

၄၁၃။ အချင်းတို့ ဤသူကို ရှုကြကုန်လော့၊ ရုပ်အဆင်းလှ၏။ အလုံးအရပ်နှင့် ပြည့်စုံ၏။ သန့်ရှင်းစင်ကြယ်၏။ သိမ်မွေ့သော သွားခြင်းနှင့်လည်း ပြည့်စုံ၏။ ရထား ထမ်းပိုး တစ်ပြန်မျှသာကြည့်ရှု၏။ (၆)

၄၁၄။ အောက်သို့ ချသော မျက်လွှာရှိ၏။ သတိရှိ၏။ ဇာတ်နိမ့်မှ ရဟန်းပြုသူဟုတ်ဟန်မတူ၊ ဤရဟန်းသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း၊ မင်း စေတမန်တို့ လျင်လျင်မြန်မြန်လိုက်ကြကုန်လော့။ (၇)

၄၁၅။ စေလွှတ်လိုက်ကုန်သော ထိုမင်းစေတမန်တို့က ရဟန်းသည် အဘယ် အရပ်သို့ သွားလိမ့်မည်နည်းဟု နှလုံးသွင်းလျက် ထက်ချပ်မကွာ လိုက်ကြကုန်၏။ (၈)

၄၁၆။ အိမ်စဉ်မပြတ် ဆွမ်းခံကြွတော်မူသော ဘုရားလောင်းသည် ဣန္ဒြေတို့၌ လုံခြုံသောတံခါးရှိသည်ဖြစ်၍ လက်ခြေတို့ကို စောင့်စည်းလျက် ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' အောက်မေ့မှု 'သတိ' ရှိကာလျင်စွာ သပိတ်ကို ပြည့်စေတော်မူ၏။ (၉)

၄၁၇။ မုနိဟု ဆိုအပ်သော ဘုရားလောင်းသည် ဆွမ်းခံလှည့်လည်၍ မြို့မှ ထွက်ပြီးလျှင် ဤတောင်၌ နေမည်ဟု နှလုံးသွင်းလျက် ပဏ္ဍဝတောင်သို့ ရှေးရှု ကြွ တော်မူ၏။ (၁ဝ)

၄၁၈။ မင်းစေတမန်သုံးယောက်တို့သည် တောင်သို့ နေရန်ကပ်သော ဘုရား လောင်းကို မြင်၍ ဘုရားလောင်းအနီးသို့ ချဉ်းကပ်ကြကုန်၏။ ထိုသုံးယောက်တို့တွင် တစ်ယောက်သောသူသည်သာလျှင် ပြန်လာ၍ မင်းအား ကြားလျှောက်၏။ (၁၁)

၄၁၉။ မင်းကြီး ဤရဟန်းသည် ပဏ္ဍဝတောင်၏ ရှေ့မျက်နှာတောင်ခေါင်း လိုဏ်ဂူ၌ ကျားနှင့်နွားလားဥသဘကဲ့သို့လည်းကောင်း၊ ခြငေ်္သ့ကဲ့သို့လည်းကောင်း နေတော်မူ၏။ (၁၂)

၄၂ဝ။ ဗိမ္ဗိသာရမင်းသည် စေတမန်၏ စကားကို ကြားလျှင် ကောင်းမြတ်သော ယာဉ်ဖြင့် လျင်မြန်သော သဘောရှိသည်ဖြစ်၍ ပဏ္ဍဝတောင်သို့ ထွက်တော်မူ၏။ (၁၃)

၄၂၁။ ထိုဗိမ္ဗိသာရမင်းသည် ယာဉ်ဖြင့် သွားနိုင်သောအရပ်တိုင်အောင် ယာဉ်ဖြင့်သွားပြီးလျှင် ယာဉ်မှသက်ဆင်း၍ ခြေကျင်သာလျှင် ထိုဘုရားလောင်းအနီးသို့ ချဉ်းကပ်ထိုင်နေ၏။ (၁၄)

၄၂၂။ မင်းသည် ထိုင်နေလတ်ပြီးသော် အသက်ထက်ဆုံး အောက်မေ့ထိုက်သော စကားကို ဝမ်းမြောက်ဝမ်းသာ ပြောဆိုပြီးဆုံးစေပြီးလျှင် ဤအကြောင်းအရာကို လျှောက်ကြား၏။ (၁၅)

၄၂၃။ အသျှင်ဘုရား အသျှင်ဘုရားသည် ပျိုလည်း ပျို၏။ ငယ်လည်း ငယ်၏။ ပဌမအရွယ်လည်း ဖြစ်၏။ နုလည်း နု၏။ လုံးရပ်သဏ္ဌာန်နှင့်လည်း ပြည့်စုံ၏။ အမျိုးဇာတ်နှင့် ပြည့်စုံသော မင်းနှင့်တူပါ၏။ (၁၆)

၄၂၄။ အသျှင်ဘုရား အသျှင်ဘုရားအား တပည့်တော်သည် ဗိုလ်ပါအပေါင်းကို အစပြု၍စည်းစိမ်ဥစ္စာတို့ကို ပေးပါအံ့၊ အသျှင်ဘုရားသည် ဗိုလ်ပါ ဆင်မြင်း အပေါင်းခြံရံလျက်တင့်တင့်တယ်တယ် ခံစားပါလော့၊ အမျိုးဇာတ်ကို မေးမြန်းအပ်သည် ဖြစ်ရကား အသျှင်ဘုရားသည် ဖြေကြားပါလော့။ (၁၇)

၄၂၅။ မင်းကြီး ဟိမဝန္တာတောင်နံပါးမှ ဖြောင့်ဖြောင့်ဖြစ်၍ ကောသလတိုင်းတို့၌ အပါအဝင်ဖြစ်သော ခုနစ်ပါးသော ဥစ္စာရတနာ ရဲရင့်သော ယောကျာ်းကောင်းတို့နှင့် ပြည့်စုံသော ဇနပုဒ်သည်ငါ၏အမြဲနေရာတည်း။ (၁၈)

၄၂၆။ ငါသည် အနွယ်အားဖြင့် နေမျိုးနွယ်ဖြစ်၏။ ဇာတ်အားဖြင့် သာကိယ ဇာတ်ဖြစ်၏။ ထိုအမျိုးဇာတ်မှ ထွက်၍ ရဟန်းပြုခဲ့၏။ ကာမဂုဏ်တို့ကို ငါမတောင့် တတော့ပေ။ (၁၉)

၄၂၇။ ငါသည် ကာမတို့၌ အပြစ်ကို မြင်၍ ကာမမှ ထွက်မြောက်ခြင်းကို ဘေးကင်းသောအားဖြင့် ရှုပြီးလျှင် (နိဗ္ဗာန်ကို တောင့်တလျက်) တရားအားထုတ်ရန် သွားအံ့၊ ဤတရားအားထုတ်မှု၌ ငါ၏စိတ်သည် နှစ်သက်၏ဟု (မိန့်တော်မူ၏)။ (၂ဝ)

ရှေးဦးစွာသော ပဗ္ဗဇ္ဇာသုတ် ပြီး၏။