သုတ္တနိပါတ်ပါဠိတော်

၁၁-နာလကသုတ်

၆၈၅။ အသိတမည်သော (ကဏှဒေဝီလ) ရှင်ရသေ့သည် နှစ်သက်ဝမ်းမြောက်ကုန် စင်ကြယ်သည့်အဝတ်ကို ဝတ်ကုန်သော နတ်ပုဆိုးကို မြှောက်လွှင့်ကုန်လျက် အတိုင်းထက် အလွန် ကခုန်မြူးထူးကုန်သောတာဝတိံသာနတ်အပေါင်းတို့ကိုလည်းကောင်း၊ နတ်တို့အရှင် သိကြားမင်းကိုလည်းကောင်း နေ့သန့်စင်ရာတာဝတိံသာ နတ်ပြည်၌ မြင်လေ၏။ (၁)

၆၈၆။ တက်ကြွဝမ်းမြောက်သည့် စိတ်ရှိကုန်သော နတ်တို့ကို မြင်၍ လေးလေး စားစား ပြုလျက်ထိုနတ်အပေါင်းတို့ထံ၌ ဤစကားကို ဆို၏- နတ်အပေါင်းသည် အဘယ့်ကြောင့် အလွန်လျှင်ကောင်းသော အမူအရာ ရှိသနည်း၊ အဘယ်ကို စွဲ၍ နတ်ပုဆိုးကို မြှောက်လွှင့်လျက် သင်တို့မြူးထူး ပျော်ပါးကြပါကုန်သနည်း။ (၂)

၆၈၇။ အသုရာတို့နှင့် စစ်ထိုးကြကုန်သည်ရှိသော် နတ်တို့အောင်နိုင်၍ အသုရာတို့ရှုံးသောအခါ၌သော်မှလည်း ဤကဲ့သို့ သဘောရှိသော ကြက်သီးမွေးညင်း ထအောင် ဝမ်းမြောက်မှုမဖြစ်စဖူး၊ အဘယ်သို့ သော မဖြစ်စဖူး ထူးကဲသော အာရုံကို မြင်၍ နတ်တို့ဝမ်းမြောက်ကြပါကုန်သနည်း။ (၃)

၆၈၈။ နတ်တို့သည် လေလည်း ချွန်ကြကုန်၏။ သီချင်းလည်း ဆိုကြကုန်၏။ တီးမှုတ်လည်းတီးမှုတ်ကြကုန်၏။ လက်ပမ်းပေါက်လည်း ခတ်ကြကုန်၏။ ကလည်း ကကြကုန်၏။ မြင်းမိုရ်တောင်ထိပ်၌ နေသော နတ်တို့ သင်တို့ကို ငါ မေးပါ၏။ အိုနတ်တို့ သင်တို့သည် ငါ၏ ယုံမှားခြင်းကို လျင်မြန်စွာဖျောက်ကြကုန်လော့။ (၄)

၆၈၉။ ရတနာမြတ်ဖြစ်သော အတုမရှိသော ဘုရားလောင်းသည် လူ့ပြည် သာကီဝင်မင်းသားတို့၏ဂါမခေတ်နယ်မြေ လုမ္ဗိနီဥယျာဉ်ဝယ် (သတ္တဝါတို့၏) စီးပွါးချမ်းသာအလို့ငှါ မီးရှုးသန့်စင်ဖွားမြင်တော်မူပါ၏။ ထို့ကြောင့် အကျွန်ုပ်တို့သည် နှစ်သက်ကုန်သည်ဖြစ်၍ အလွန်လျှင်ကောင်းသော အမူအရာ ရှိကြပါကုန်၏။ (၅)

၆၉ဝ။ သတ္တဝါအားလုံးတို့ထက် မြတ်၍ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော သတ္တဝါအားလုံးတို့ထက်ထူးချွန်၍ လူတို့၌ ဥသဘသဖွယ်ဖြစ်သော ထိုဘုရား လောင်းသည် ဣသိပတနတောအုပ်ဝယ်ခွန်အားရှိသည့် သားတို့သနင်း ခြငေ်္သ့မင်း ကဲ့သို့ ရဲတင်းသော စကားကို မြွက်ဆိုလျက်ဓမ္မစကြာတရားတော်ကို ဟောတော်မူလိမ့်မည်။ (၆)

၆၉၁။ ထိုအသိတရှင်ရသေ့သည် ထိုနတ်တို့ ပြောဆိုသံကို ကြား၍ အဆော တလျင် နတ်ပြည်မှဆင်းသက်ပြီးနောက် သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်သို့ ဝင်ကာ ထိုင်နေပြီးလျှင် မင်းသားသည်အဘယ်အရပ်၌ ရှိနေသနည်း၊ ငါ ကြည့် ရှု လိုပါ၏ဟု သာကီဝင်မင်းသားတို့ကို ပြောဆို၏။ (၇)

၆၉၂။ ထို့နောက် အလွန်လိမ္မာသော ရွှေပန်းထိမ်သည်သည် ဖိုဝ၌ အကြိမ်ကြိမ် လှော်၍အဖန်ဖန်ခတ်အပ်သော တောက်ပသော ရွှေကဲ့သို့ အသရေဖြင့် တောက်ပသော မြတ်သော အဆင်းရှိသော မင်းသားငယ်ကိုသာကီဝင်မင်းသားတို့က အသိတမည်သော ကဏှဒေဝီလရသေ့အား ပြကြကုန်၏။ (၈)

၆၉၃။ အသိတရသေ့သည် အလျှံတပြောင်ပြောင် တောက်ပသော မီးကဲ့သို့လည်းကောင်း၊ ကောင်းကင်၌ သွားသော အထူးစင်ကြယ်သော ကြယ်တို့၏ အကြီးအမှူး လကဲ့သို့လည်းကောင်း၊ သရဒအခါ၌ မိုးတိမ်မှလွတ်၍ ထွန်းလင်းတောက်ပသော နေကဲ့သို့လည်းကောင်း ထွန်းတောက်ပသော သတို့သားကို မြင်ရသော်ဝမ်း မြောက်ခြင်းရှိသည်ဖြစ်၍ ပြန့်ပြောများမြတ်သော နှစ်သိမ့်မှု 'ပီတိ'ကို ရလေ၏။ (၉)

၆၉၄။ နတ်တို့သည် များသောအခက်အလက်ရှိသောတစ်ထောင်သောအချက် ဝန်းရှိသော ထီးကို ကောင်းကင်၌ ဆောင်းမိုးပေးကြကုန်၏။ ရွှေအရိုးတပ်သော စာမရီသားမြီး ယပ်တို့သည် တငြိမ့်ငြိမ့်လွှဲခပ်နေကြကုန်၏။ သားမြီးကိုင်သူ ထီးကိုင်သူကို မူကား မမြင်ကြရကုန်။ (၁ဝ)

၆၉၅။ ကဏှသိရီဟူ၍ ခေါ်ဝေါ်အပ်သော ဆံကျစ်ထုံးဒေဝီလရသေ့သည် တစ်နိက္ခ အချိန်စီးသော ရွှေတုံးကဲ့သို့ ကမ္ဗလာနီ၌ ထားအပ်သော သတို့သားကိုလည်းကောင်း၊ ဦးထိပ်၌ ဆောင်းမိုးထားအပ်သော ထီးဖြူကိုလည်းကောင်း တွေ့မြင်ရသော် တက်ကြွသော စိတ်ရှိသည်ဖြစ်၍ဝမ်းမြောက်ဝမ်းသာ ခံယူလှမ်းလင့်၏။ (၁၁)

၆၉၆။ လှမ်းယူပြီးလျှင် လက္ခဏာကျမ်း ဗေဒင်ကျမ်းတို့၏ ကမ်းတစ်ဖက်သို့ ရောက်ပြီးသော ထိုဒေဝီလရသေ့သည်သာကီဝင်မင်းတို့၏ အကြီးအမြတ်ဖြစ်သော သတို့သားကို ဉာဏ်ဖြင့်စုံစမ်းဆင်ခြင်သည်ရှိသော် ကြည်လင်သော စိတ်ရှိသည် ဖြစ်ရကား ''ဤသတို့သားသည် အခြေနှစ်ချောင်းရှိနတ်လူတို့တွင် အထွတ်အမြတ်ဖြစ်၍ အတုမရှိ မြတ်သောသူတည်း''ဟု မြွက်ဆို ပြောကြားလေ၏။ (၁၂)

၆၉၇။ ထို့နောက်မှ မိမိလားရမည့် ဂတိကို အောက်မေ့ဆင်ခြင်သည်ရှိသော် စိတ် မချမ်းမြေ့သော သဘောရှိရကား မျက်ရည်ကျလေ၏။ သာကီဝင်မင်းတို့သည် ရှင် ရသေ့ ငိုသည်ကို မြင်ကြကုန်၍''သတို့သားငယ်၌ အန္တရာယ်ဖြစ်လတ္တံ့လော''ဟု ပြောဆိုမေးမြန်းကြကုန်၏။ (၁၃)

၆၉၈။ ရသေ့သည် စိတ်မချမ်းမြေ့သော သာကီဝင်မင်းတို့ကို မြင်၍ ငါသည် သတို့သားငယ်၌ အစီးအပွါးမဲ့ ဖြစ်မည်ကို မတွေ့မမြင်ရပေ၊ ထိုမင်းသားအား အန္တရာယ်ဖြစ်လိမ့်မည်လည်း မဟုတ်၊ ဤမင်းသားသည် သေးသိမ်ယုတ်ညံ့သူ မဟုတ်၊ သင်တို့သည် ဝမ်းမြောက်သော စိတ် ရှိကြပါကုန်လော့။ (၁၄)

၆၉၉။ ဤမင်းသားသည် မြတ်သော သဗ္ဗညုတဉာဏ်သို့ ရောက်လတ္တံ့၊ ထိုမင်းသားသည်မြင့်မြတ်စင်ကြယ်သော နိဗ္ဗာန်ကို သိမြင်ပြီးလျှင် များစွာသော သတ္တဝါတို့၏ အစီးအပွါးကို စောင့်ရှောက်လျက် ဓမ္မစကြာတရားတော်ကို ဟော တော်မူလတ္တံ့၊ ထိုမြတ်စွာဘုရား၏သာသနာတော်သည် ကျယ်ပြန့်သည် ဖြစ်လတ္တံ့။ (၁၅)

၇ဝဝ။ ဤလူ့ပြည်၌ ငါ၏အသက်ကြွင်းသည် ကြာမြင့်တော့မည် မဟုတ်၊ ဤမင်းသားဘုရားမဖြစ်မီ အတွင်း၌ပင် ငါသည် သေရလတ္တံ့၊ ထိုငါသည် သူတစ်ပါးတို့နှင့်မတူသည့် ဝီရိယရှိသော ဘုရားရှင်၏ တရားကို နာကြားရတော့မည် မဟုတ်၊ ထို့ကြောင့် ငါသည် စိတ်ထိခိုက်သူပျက်စီးခြင်းသို့ ရောက်သူ စိတ်ဆင်းရဲသူ ဖြစ်ရပါ၏။ (၁၆)

၇ဝ၁။ ထိုရသေ့သည်သာကီဝင်မင်းတို့အား ပြန့်ပြောများမြတ်သော နှစ်သက်မှု 'ပီတိ'ကို ဖြစ်စေပြီးလျှင် နန်းတွင်းမှ ထွက်ခဲ့၏။ အကျင့်မြတ်ရှိသူ ထိုရသေ့သည် မိမိတူကို သနားသည်ဖြစ်၍သူတစ်ပါးတို့နှင့် မတူသည့် ဝီရိယရှိသော ဘုရားရှင်၏ တရား၌ ကျင့်သုံးဆောက်တည်စေ၏။ (၁၇)

၇ဝ၂။ နောင်အခါ၌ သင်သည် ဘုရားဟူသော အသံကို ကြားခဲ့မူ သဗ္ဗညုတ ဉာဏ်သို့ ရောက်လတ်တော်မူပြီးသော ဘုရားရှင်သည် နိဗ္ဗာန်လမ်းခရီးကို ဖွင့်လှစ်ခဲ့ မူ ထိုအခါ ထိုဘုရားထံသို့ ကိုယ်တိုင်သွား၍ အယူဝါဒကို မေးလျက် မြတ်စွာဘုရား ထံ၌ မြတ်သောအကျင့်ကို ကျင့်လေလော့။ (၁၈)

၇ဝ၃။ အစီးအပွါးကို လိုသော စိတ်ရှိသောတာဒိဂုဏ်ရှိသော နောင်အခါ၌ အလွန်မြတ်သော နိဗ္ဗာန်ကို မြင်သော ထိုအသိတရသေ့ဆုံးမသော နာလကသည် ဆည်းပူးအပ်ပြီးသော ကောင်းမှုအစုရှိသည်ဖြစ်၍မြတ်စွာဘုရားကို မျှော်လင့်လျက် ဣန္ဒြေတို့ကို စောင့်စည်းကာ ရသေ့အသွင်ဖြင့် နေလင့်၏။ (၁၉)

၇ဝ၄။ အသိတရသေ့၏ ဆုံးမသောအချိန်အခါ ရောက်လတ်သော် ထိုနာလကသည် မြတ်စွာဘုရား၏မြတ်သော ဓမ္မစကြာတရားဟောခြင်းကြောင့် ဖြစ်ပေါ်လာသော ကြွေးကြော်သော အသံကို ကြား၍ဣသိပတနမိဂဒါဝုန်တောသို့ သွားလျက် မြတ်သော ဣသိဖြစ်တော်မူသော မြတ်စွာဘုရားကို မြင်သောကြောင့်ကြည်ညို၍ မုနိတို့၏ အမြတ်ဖြစ်သော မြတ်စွာဘုရားအား မောနေယျအကျင့်မြတ်ကို မေး လျှောက်လေ၏။ (၂ဝ)

ဝတ္ထုဂါထာ ပြီး၏။

၇ဝ၅။ ဂေါတမနွယ်ဖွား မြတ်စွာဘုရား အသိတရသေ့ ပြောဆိုခဲ့သော စကားသည် မချွတ်မယွင်း့အမှန်ပင် ဖြစ်တော့သည်ဟု အကျွန်ုပ်သိအပ်ပါ၏။ ထို့ကြောင့် တရားအားလုံးတို့၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူပြီးသော မြတ်စွာဘုရားအား အကျွန်ုပ် မေးလျှောက်ပါ၏- (၂၁)

၇ဝ၆။ မြတ်စွာဘုရား အိမ်ရာမထောင်သော ရဟန်းအဖြစ်နှင့် ပြည့်စုံသော ဆွမ်းခံလှည့်လည်ခြင်းဖြင့်ရှာမှီးသော အကျွန်ုပ်သည် မေးလျှောက်သည်ဖြစ်၍ အသျှင်ဘုရားသည် မောနေယျအကျင့်မြတ်ကို ဟောတော်မူပါလော့။ (၂၂)

၇ဝ၇။ (မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏) -

မောနေယျကျင့်ဝတ်ကို သင့်အား ငါဘုရား သိစေအံ့၊ ပြုနိုင်ခဲ ဖြစ်စေနိုင်ခဲသော ထိုမောနေယျအကျင့်ကို ယခု ဟောကြားအံ့၊ သင်သည် မိမိကိုယ်ကို (ဝီရိယဖြင့်)အားပြုထောက်ပံ့ထားလော့၊ (ဝီရိယဖြင့်) ခိုင်မြဲသူ ဖြစ်လော့။ (၂၃)

၇ဝ၈။ ရွာ၌ ဆဲရေးသူနှင့် ရှိခိုးသူကို ထပ်တူထပ်မျှပြုရာ၏။ (ဆဲရေးခံရသော်) စိတ်ပြစ်မှားမှု 'ဒေါသ'ကို စောင့်ရှောက်ရာ၏။ (ရှိခိုးခံရသော်) မတက်ကြွဘဲ ကျင့်ရာ၏။ (၂၄)

၇ဝ၉။ တော၌ မီးလျှံနှင့်တူကုန်သော ဣဋ္ဌအနိဋ္ဌအားဖြင့် အမြတ်အယုတ်ဖြစ်သည့် အာရုံတို့သည် ဖြစ်ပေါ်လာတတ်ကုန်၏။ ထိုတော၌ မိန်းမတို့သည် ရဟန်းကို ဖြား ယောင်းတတ်ကုန်သေး၏။ ထိုမိန်းမတို့သည် သင့်ကို မဖြားယောင်းစေကုန်လင့်။ (၂၅)

၇၁ဝ။ ကောင်း မကောင်းကုန်သော ကာမဂုဏ်တို့ကို ပယ်စွန့်၍ မေထုန် အကျင့်မှ ရှောင်ကြဉ်သူသတ္တဝါတို့၌ မဆန့်ကျင်သူ တပ်မက်မှုမရှိသူ ဖြစ်ရာ၏။ (၂၆)

၇၁၁။ တဏှာရှိသော သတ္တဝါ တဏှာမရှိသော သတ္တဝါတို့ကိုလည်း ငါသည် ချမ်းသာကို အလိုရှိသကဲ့သို့ ဤသတ္တဝါတို့သည်လည်း ချမ်းသာကို အလိုရှိကုန်၏။ ထိုသတ္တဝါတို့သည် ချမ်းသာကို အလိုရှိကုန်သကဲ့သို့ ငါသည်လည်း ချမ်းသာကို အလိုရှိ၏ဟု မိမိကိုယ်ကို ဥပမာပြု၍ မိမိလည်း မသတ်ရာ၊ သူတစ်ပါးကိုလည်းမသတ်စေရာ။ (၂၇)

၇၁၂။ အကြင် (ပစ္စည်းလေးပါး)၌ ပုထုဇဉ်သည် ကပ်ငြိ၏။ ထိုပစ္စည်းလေးပါး၌ အလို 'ဣစ္ဆာ'ကိုလည်းကောင်း၊ လောဘကိုလည်းကောင်း ပယ်စွန့်၍ ပညာမျက်စိ ရှိလျက် ကျင့်ရာ၏။ ပြည့်နိုင်ခဲသော ဤတဏှာ (ချောက်နရက်) ကို ကူးခပ်ရာ၏။ (၂၈)

၇၁၃။ ယုတ်လျော့ပါးလျှပ်သော ဝမ်းရှိသူ နှိုင်းရှည့်ပိုင်းခြားအပ်သော အာဟာရ ရှိသူ ဖြစ်ရာ၏။ အလိုနည်းသူ မလျှပ်ပေါ်သူ ဖြစ်ရာ၏။ အခါ ခပ်သိမ်း လောလုပ္ပ တဏှာဖြင့် အလိုမရှိသူ ဖြစ်ရာ၏။ အလိုမရှိခြင်းကြောင့် (တဏှာဟူသော) မွတ်သိပ်မှု မရှိသည်ဖြစ်၍ ငြိမ်းအေးရာ၏။ (၂၉)

၇၁၄။ မောနေယျအကျင့်ကို ကျင့်သော ထိုရဟန်းသည် ဆွမ်းခံသွားပြီးလျှင် တောသို့သာလျှင် ပြန်သွားရာ၏။ သစ်ပင်ရင်း၌ ရပ်တည်၍သော်လည်းကောင်း၊ ထိုင်သည်ဖြစ်၍သော်လည်းကောင်းနေရာ၏။ (၃ဝ)

၇၁၅။ ထိုရဟန်းသည် ဈာန်ဝင်စားလေ့ရှိသူ တည်တံ့သူ တော၌ မွေ့လျော်သူ ဖြစ်ရာ၏။ မိမိကိုယ်ကို အလွန်နှစ်သက်စေသည်ဖြစ်၍ သစ်ပင်ရင်း၌ ဈာန်ဝင်စား ရာ၏။ (၃၁)

၇၁၆။ ထိုညဉ့်လွန်မြောက်သည်ရှိသော် ရွာသို့ ဆွမ်းခံသွားရာ၏။ ပင့်ဖိတ်၍ လှူသော ဆွမ်းကိုလည်းမနှစ်သက်ရာ၊ ရွာမှ ဆောင်ယူ၍ လှူသော ဆွမ်းကိုလည်း မနှစ်သက်ရာ။ (၃၂)

၇၁၇။ မောနေယျအကျင့်ကို ကျင့်သော ရဟန်းသည် ရွာသို့ ရောက်သည်ရှိသော် ဒါယကာတို့၌ ရောရောနှောနှော မနေရာ၊ ပြတ်သော စကားရှိသည်ဖြစ်၍ နိမိတ် ဝိညတ်နှင့် ယှဉ်၍ အစားရှာမှီးကြောင်းစကားကို မပြောဆိုရာ။ (၃၃)

၇၁၈။ ထိုရဟန်းသည် တစ်စုံတစ်ခုသော ဝတ္ထုပစ္စည်းကို ရလျှင်လည်းကောင်း၏။ မရလျှင်လည်းကောင်း၏ဟု ရ မရ နှစ်ပါးဖြင့်ပင်လျှင် တုန်လှုပ်ခြင်း မရှိသည်ဖြစ်၍ သစ်ပင်ကို လျစ်လျူရှုသကဲ့သို့ ့လျစ်လျူရှုကာ ပြန်လှည့်ရာ၏။ (၃၄)

၇၁၉။ ထိုရဟန်းသည် မအပါဘဲလျက် အသူဟု သမုတ်ခံလျက် သပိတ်ပိုက်ကာဆွမ်းခံလှည့်လည်သည်ရှိသော် အနည်းငယ်မျှ ပေးလှူခြင်းကိုလည်း မရှုတ်ချရာ၊ ပေးလှူ သူကိုလည်းမထီမဲ့မြင် မပြုရာ။ (၃၅)

၇၂ဝ။ မဂ်ရကြောင်း အကျင့်ကို သုခပဋိပဒါစသည် အမြတ်အယုတ်ရှိ၏ဟူ၍ ဘုရားတည်းဟူသော သမဏသည် ပြတော်မူ၏။သို့ ပင် အမြတ်အယုတ်ရှိသော်လည်း တစ်ခုတည်းသော မဂ်ဉာဏ်ဖြင့်နိဗ္ဗာန်သို့ နှစ်ကြိမ်သော်ကား မရောက်ကုန်၊ ကိလေသာတို့ တစ်ပြိင်နက် မကုန်ရကား နိဗ္ဗာန်ဟူသော ကမ်းသို့ တစ်ကြိမ်သာရောက်သည်လည်း မဟုတ်ပေ။ (၃၆)

၇၂၁။ အကြင်ရဟန်းအား ပျံ့နှံ့သောတဏှာ (ဝိစရိတ) မရှိ၊ တဏှာအလျဉ် ပြတ်စဲပြီးသော ပြုသင့်သော ကိစ္စ မပြုသင့်သော ကိစ္စကို ပယ်ပြီးသော ထိုရဟန်းအား ရာဂစသည်ကြောင့် ဖြစ်သော ပူပန်မှု မရှိ။ (၃၇)

၇၂၂။ (နာလက) သင့်အား မောနေယျအကျင့်ကို ငါ ဟောအံ့၊ (ထိုမောနေယျ ရဟန်းသည် ) သင်တုန်းသွား ဥပမာရှိသူ ဖြစ်ရာ၏။ အာစောက်ကို လျှာဖြင့် ထိကပ်ပြီးလျှင် ဝမ်း၌ စောင့်စည်းသူဖြစ်ရာ၏။ (၃၈)

၇၂၃။ မတွန့်ဆုတ်သော စိတ်ရှိသူလည်း ဖြစ်ရာ၏။ များစွာလည်း မကြံစည် ရာ၊ (ကိလေသာ) အညှီအဟောက်ကင်းသူ တဏှာဒိဋ္ဌိတို့ဖြင့့် တစ်စုံတစ်ခုသော ဘဝ၌ မမှီသူ အကျင့်မြတ်လျှင်လဲလျောင်းရာရှိသူ ဖြစ်ရာ၏။ (၃၉)

၇၂၄။ အဖော်မမှီး တစ်ယောက်တည်းနေနိုင်ရန် ကျင့်ရာ၏။ ရဟန်းတို့သည် ကပ်၍ ရှုသင့်ရှုထိုက်သော ကမ္မဋ္ဌာန်းအာရုံ၌အားထုတ်နိုင်ရန်လည်း ကျင့်ရာ၏။ တစ်ယောက်တည်းနေခြင်းကို မောနဟူ၍ ငါဘုရားဟောကြား၏။ သင်သည် တစ်ယောက်ထီးတည်း မွေ့လျော်နိုင်ခဲ့မူ အရပ်ဆယ်မျက်နှာတို့၌ ကျော်စောထင်ရှားလတ္တံ့။ (၄ဝ)

၇၂၅။ ငါဘုရားကို မြတ်နိုးသောသူသည် ဈာန်ဝင်စားကုန်၏။ ကာမကို စွန့်လွှတ်ကုန်ပြီးသော ပညာရှိတို့၏ ကြွေးကြော်သံကို ကြားရသောကြောင့် ရှက်မှု 'ဟိရီ'ကိုလည်းကောင်း၊ ယုံကြည်မှု 'သဒ္ဓါ'ကိုလည်းကောင်း အတိုင်းထက်အလွန် ပြုရာ၏။ (၄၁)

၇၂၆။ ထိုစကားကို မြစ်ဥပမာတို့ဖြင့် သိကုန်လော့၊ မြစ်ငယ်တို့သည် မြောင်း ငယ် ချောက်ကြားတို့၌ အသံမြည်လျက် စီးသွားကုန်၏။ မြစ်ကြီးတို့သည်ကား တိတ်တိတ် ဆိတ်ဆိတ် စီးသွားကုန်၏။ (၄၂)

၇၂၇။ ရေမပြည့်သော အိုးသည် အသံမြည်၏ (ဘောင်ဘင်ခတ်၏)၊ ရေပြည့်သော အိုးသည်ငြိမ်သက်သည်သာတည်း၊ သူမိုက်သည် ရေမပြည့်သော အိုးနှင့် တူ၏။ ပညာရှိသည် ရေပြည့်သော အိုးကြီးနှင့် တူ၏။ (၄၃)

၇၂၈။ မြတ်စွာဘုရားတည်းဟူသော သမဏသည် အကျိုးအကြောင်းနှင့် ပြည့်စုံသော အစီးအပွါးနှင့် စပ်ယှဉ်သော စကားကို များစွာ မြွက်ဆိုတော်မူ၏။ ထိုမြတ်စွာဘုရားသည် တရားကို သိတော်မူသည်ဖြစ်၍သာ ဟောတော်မူ၏။ သိတော်မူသည်ဖြစ်၍ များစွာ မြွက်ဆိုတော်မူ၏။ (၄၄)

၇၂၉။ တရားကို သိသောသူသည် စောင့်စည်းသော စိတ် ရှိ၏။ တရားကို သိသောသူသည် စကားကို များစွာ မပြောဆို၊ ထိုရဟန်းသည် အရဟတ္တမဂ်ဉာဏ်ကို ရထိုက်၏။ ရလည်းရ၏ဟု (မြတ်စွာဘုရားဟောတော်မူ၏)။ (၄၅)

တစ်ဆယ့်တစ်ခုမြောက် နာလကသုတ် ပြီး၏။