သုတ္တနိပါတ်ပါဠိတော်

၂-ပဓာနသုတ်

၄၂၈-၄၂၉။ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နေရဉ္ဇရာ မြစ်နား၌ ယောဂကုန်ရာနိဗ္ဗာန်သို့ ရောက်ခြင်းငှါ အလွန်အားထုတ်လျက် အပ္ပနာ ဈာန်ကိုအားထုတ်နေသော ထိုငါဘုရားကို -

အသျှင်ဘုရားသည် ကြုံလှီလှပါ၏။ အဆင်းမလှတော့ပါပြီ၊ အရှင်၏ သေခြင်းသည် နီးကပ်လှပါ၏ဟု မာရ်နတ်သည် သနားခြင်းနှင့် ယှဉ်သော စကားကို ပြောလျက် ချဉ်းကပ်၏။ (၁-၂)

၄၃ဝ။ အသျှင်ဘုရား၏ အသက်ရှင်ခြင်းသည် သေခြင်း၏ တစ်ထောင်သော အဖို့အစုရှိသည့်အနက်တစ်စုတစ်စိတ်သာ ကျန်ပါတော့သည်၊ အသျှင် အသက် ရှင်နေပါလော့၊ အသက်ရှင်နေရခြင်းသည် မြတ်ပါ၏။ အသက်ရှင်နေသည်ရှိသော် အသျှင်ဘုရားသည် ကောင်းမှုတို့ကို ပြုရပါလိမ့်မည်။ (၃)

၄၃၁။ မြတ်သောအကျင့်ကိုလည်း ကျင့်သော မီးပူဇော်ခြင်းကိုလည်း ပူဇော်သော သင့်အားများစွာသော ကောင်းမှုသည် ပွါး၏။ တရားအားထုတ်မှုဖြင့် အဘယ်ပြုလိမ့်မည်နည်း။ (၄)

၄၃၂။ တရားအားထုတ်ရန် ခရီးသည် အသွားခက်လှ၏။ ပြုနိုင်ခဲ၏။ ဖြစ်နိုင်ခဲ၏ဟု ဤဂါထာတို့ကို ရွတ်ဆိုလျက် မာရ်နတ်သည် မြတ်စွာဘုရားအနီး၌ ရပ် တည်၏။ (၅)

၄၃၃။ ထိုအခြင်းအရာအားဖြင့် ဆိုတတ်သော ထိုမာရ်နတ်အား မြတ်စွာဘုရားသည် ဤစကားကို မိန့်ဆို၏- မေ့လျော့မှု၏ အဆွေဖြစ်သော မာရ်နတ်ယုတ် ဤအရပ်သို့ သင်လာခြင်းသည်ကားသင့်အကျိုးအတွက်သာ လာခြင်းဖြစ်၏။ (၆)

၄၃၄။ (မာရ်နတ်ယုတ်) အနုမြူမျှလောက်သော်လည်းကောင်းမှုဖြင့် ငါ အလို မရှိ၊ အကြင်သူတို့အားကား ကောင်းမှုဖြင့် အလိုရှိ၏။ ထိုသူတို့ကိုသာလျှင် မာရ် နတ်သည် ပြောဆိုရန်ထိုက်၏။ (၇)

၄၃၅။ (မာရ်နတ်ယုတ်) ငါ့အား ယုံကြည်မှု 'သဒ္ဓါ'သည်လည်းကောင်း၊အား ထုတ်မှု 'ဝီရိယ'သည်လည်းကောင်း၊ (ခွဲခြားသိမှု) 'ပညာ'သည်လည်းကောင်း ရှိ၏။ ဤသို့ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသူ ငါ့အား အဘယ့်ကြောင့် အသက်ရှင်ခြင်းကို မေးတုံဘိသနည်း။ (၈)

၄၃၆။ ငါ၏ကိုယ်၌ ဝီရိယအဟုန်ကြောင့် ဖြစ်သော ဤလေသည် မြစ်တို့၏ ရေအလျဉ်တို့ကိုသော်လည်းခန်းခြောက်စေနိုင်ရာ၏။ နိဗ္ဗာန်သို့ စေလွှတ်သော စိတ် ရှိသူ ငါ၏ သွေးကိုကား အဘယ့်ကြောင့် သာလျှင် ့မခန်းခြောက်စေဘဲ ရှိပါအံ့နည်း။ (၉)

၄၃၇။ သွေးသည် ခန်းခြောက်လတ်သော်သည်းခြေသည်လည်းကောင်း၊ သလိပ်သည်လည်းကောင်းခန်းခြောက်၏။ အသားတို့သည် ကုန်ခန်းကုန်သော် စိတ်သည် ရှေးကထက် လွန်စွာကြည်လင်၏။ သတိသည်လည်းကောင်း၊ ပညာသည်လည်းကောင်း၊ သမာဓိသည်လည်းကောင်း ငါ့အား လွန်စွာတည်၏။ (၁ဝ)

၄၃၈။ ဤသို့ နေသည်ဖြစ်၍ လွန်မြတ်သော ဝေဒနာသို့ ရောက်သော ထိုငါ၏ စိတ်သည် ကာမတို့ကို အလိုမရှိ (စိတ်စင်ကြယ်မှုဖြင့်) သတ္တဝါစင်ကြယ်သည့် အဖြစ်ကို ရှုလော့။ (၁၁)

၄၃၉။ ကာမတို့ကို သင်၏ ပဌမ စစ်သည်ဟူ၍ ဆိုရကုန်၏။ မမွေ့လျော်ခြင်းကို ဒုတိယ စစ်သည်ဟူ၍ဆိုရ၏။ မွတ်သိပ်ဆာလောင်ခြင်းကို သင်၏ တတိယ စစ်သည်ဟူ၍ ဆိုရ၏။ တပ်မက်မှု တဏှာကို စတုတ္ထ စစ်သည်ဟူ၍ ဆိုရ၏။ (၁၂)

၄၄ဝ။ ထိနမိဒ္ဓကို သင်၏ ပဉ္စမ စစ်သည်ဟူ၍ ဆိုရ၏။ ကြောက်လန့်မှုကို ဆဋ္ဌ စစ်သည်ဟူ၍ ဆိုရ၏။ ယုံမှားမှုကို သင်၏ သတ္တမ စစ်သည်ဟူ၍ ဆိုရ၏။ သူ့ ကျေးဇူးကို ချေဖျက်မှုကိုလည်းကောင်း၊ မာန်ဖြင့်ခက်ထန်ခိုင်မာမှုကိုလည်းကောင်း သင်၏ အဋ္ဌမ စစ်သည်ဟူ၍ ဆိုရ၏။ (၁၃)

၄၄၁။ လာဘ်ကျော်စောမှု ပူဇော်သက္ကာရ ချွတ်ယွင်းဖောက်ပြန် မမှန်မကန် ရအပ်သော အခြံအရံကို နဝမ စစ်သည်ဟူ၍ ဆိုရ၏။ မိမိကိုယ်ကို ချီးမြှောက်မှု သူတစ်ပါးတို့အား ရှုတ်ချမှုကို ဒသမစစ်သည်ဟူ၍ ဆိုရ၏။ (၁၄)

၄၄၂။ မာရ်နတ်ယုတ် ဤဆယ်မျိုးသည်ကား သမဏဗြာဟ္မဏတို့ကို နှောင့်ယှက် တတ်သော မည်းနက်သော အကုသိုလ်ရှိသည့် သင်မာရ်နတ်၏ စစ်သည် ဗိုလ်ပါတည်း၊ မရဲရင့်သူသည် ထိုစစ်သည်ဆယ်မျိုးကို မအောင်မြင်နိုင်၊ ထိုစစ်သည် ဆယ်မျိုးကို အောင်မြင်နိုင်ခဲ့မူကား ချမ်းသာကိုရ၏။ (၁၅)

၄၄၃။ ထို့ကြောင့် ထိုငါသည်လည်း (မဆုတ်မနစ်ခြင်း အထိမ်းအမှတ်ဖြစ်သော) ဖြူဆံမြက်ကို ဆောင်ထား၏။ စစ်ရှုံးသည်ဖြစ်၍ ငါ၏ အသက်ရှင်နေရခြင်းသည် စက်ဆုပ်ဖွယ်ဖြစ်၏။ (သင်နှင့်) စစ်တိုက်ရာ၌ စစ်ရှုံးသည်ဖြစ်၍ ငါ၏ အသက်ရှင် နေရခြင်းထက် သေခြင်းက မြတ်သေး၏။ (၁၆)

၄၄၄။ ဤသင်၏ စစ်သည်ဘောင်၌ နစ်မြုပ်သက်ဝင်နေကြရကုန်သော သမဏ ဗြာဟ္မဏအချို့တို့သည် (သီလစသော ဂုဏ်တို့ဖြင့်) မထင်ရှားနိုင်ကုန်၊ ထိုသမဏ ဗြာဟ္မဏတို့သည် ကောင်းသောအကျင့်ရှိသူတို့သွားရာလမ်းခရီးကိုလည်း မသိကြကုန်။ (၁၇)

၄၄၅။ (မာရ်နတ်) ငါသည် ထက်ဝန်းကျင်အရပ်မှ စစ်တိုက်ရန် ထွက်လာသော စစ်သည်ဗိုလ်ပါအပေါင်းကို မြင်ရသောကြောင့် ငါ့ကို တည်ရာဌာနမှ မရွေ့လျောပါစေ လင့်ဟု (နှလုံးသွင်း၍) ဂိရိမေခလာဆင်နှင့်တကွဖြစ်သော မာရ်နတ်ကို စစ်ထိုးရန် ရင်ဆိုင်ထွက်ခဲ့၏။ (၁၈)

၄၄၆။ သင်၏ အကြင်စစ်သည် ဗိုလ်ပါအပေါင်းကို နတ်နှင့်တကွသော လောကသည် ခုခံနိုင်စွမ်းမရှိပေ၊ မီးမဖုတ်ရသေးသော မြေအိုး မြေခွက်ကို ကျောက်ဖြင့် ထုနှက်ခွဲဖျက်သကဲ့သို့ သင်၏ ထိုစစ်သည်ဗိုလ်ပါအပေါင်းကို ပညာဖြင့် ငါ ထုနှက် ဖျက်ဆီးအံ့။ (၁၉)

၄၄၇။ ငါသည်မှန်ကန်သော ကြံစည်မှု 'သမ္မာသင်္ကပ္ပ'ကို လေ့လာခြင်းရှိသည်ကို ပြုလျက်မှန်ကန်သော အောက်မေ့မှု 'သမ္မာသတိ'ကိုလည်းကောင်းစွာတည်သည်ကို ပြု၍ များစွာသောတပည့်သာဝကတို့ကို ဆုံးမလျက် တိုင်းပြည် တစ်ခုမှ တိုင်းပြည် တစ်ခုသို့ လှည့်လည်တော့အံ့။ (၂ဝ)

၄၄၈။ ငါ၏ အဆုံးအမကို လိုက်နာကြကုန်သော ထိုတပည့်သာဝကတို့သည် မမေ့မလျော့ကုန်ဘဲနိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိကုန်လျက် (ဘဝသုံးပါးကို) အလိုမရှိကြကုန်သည်ဖြစ်၍ အကြင်နိဗ္ဗာန်သို့ ရောက်ကုန်သည်ရှိသော် မစိုးရိမ်ရကုန်၊ ထိုနိဗ္ဗာန်သို့ ရောက်ကြရကုန်လတ္တံ့။ (၂၁)

၄၄၉။ သတိရှိတော်မူသော မြတ်စွာဘုရား၏ ချွတ်ယွင်းချက် အခွင့်အရေးကို ရလိမ့်မည်ဟု နှလုံးသွင်း၍ငါသည် ခုနစ်နှစ်တို့ပတ်လုံး မြတ်စွာဘုရားသို့ ထပ် ကြပ်မကွာ အစဉ်လိုက်ခဲ့၏။ ဤသို့ လိုက်သော်လည်း အခွင့်အရေးကို မရခဲ့ချေ။ (၂၂)

၄၅ဝ-၄၅၁။ ဤအရာဝတ္ထု၌ နူးညံ့ပျော့ပျောင်းရာကို ရနိုင်ငြားအံ့လည်း မသိ၊ သာယာမြိန်ရှက်ဖွယ်ရှိငြားအံ့လည်း မသိဟု နှလုံးသွင်း၍ ကျီးသည် အဆီခဲနှင့် တူသော အဆင်းရှိသော ကျောက်တုံးကို ထက်ဝန်းကျင် လှည့်လည်ထိုးဆိတ်ပါသော်လည်း-

ကျီးသည် ထိုကျောက်တုံး၌သာယာတပ်ငြိဖွယ်ကို မရသောကြောင့် ကျောက်တုံးကို တွယ်တာကပ်ငြိမှုမှငြီးငွေ့ လက်လျှော့လျက် ဖဲခွါပျံသွားသကဲ့သို့ ငါတို့သည်လည်း အသျှင်ဂေါတမကို ငြီးငွေ့လက်လျှော့လာဖဲခွါထွက်သွားကုန်တော့အံ့။ (၂၃-၂၄)

၄၅၂။ စိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်သော ထိုမာရ်နတ်၏ လက်ကတီးကြားမှ စောင်းသည် လျှောကျ၏။ ထို့နောက် ထိုမာရ်နတ်သည် နှလုံးမသာသည်ဖြစ်၍ ထိုအရပ်၌ပင် ကွယ်ပျောက်လေသတည်း။ (၂၅)

နှစ်ခုမြောက် ပဓာနသုတ် ပြီး၏။