သုတ္တနိပါတ်ပါဠိတော်

၃-သုဘာသိတသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် ''အသျှင်ဘုရား''ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားစကားကို ု ဟောတော်မူ၏-

ရဟန်းတို့ အင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သော စကားမည်၏။ မကောင်းသဖြင့် ဆိုအပ်သော စကား မဟုတ်၊ အပြစ်မှလည်း ကင်း၏။ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်၊ အဘယ်လေးပါးတို့နှင့်နည်း၊ ရဟန်းတို့ ဤသာသနတော်၌ ရဟန်းသည် ကောင်းစွာ ဆိုအပ်သော စကားကိုသာလျှင် ဆို၏။ မကောင်းသဖြင့် ဆိုအပ်သော စကားကို မဆို၊ တရားနှင့် စပ်ယှဉ်သော စကားကိုသာလျှင် ဆို၏။ တရားနှင့် မစပ်ယှဉ်သော စကားကို မဆို၊ ချစ်နှစ်သက်ဖွယ် စကားကိုသာလျှင် ဆို၏။ မချစ်မနှစ်သက်ဖွယ်သော စကားကို မဆို၊ အမှန်ကိုသာ ဆို၏။ မမှန်ချွတ်ယွင်းသော စကားကို မဆို၊ ရဟန်းတို့ ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သော စကားမည်၏။ မကောင်းသဖြင့် ဆိုအပ်သော စကား မဟုတ်၊ အပြစ်မှလည်း ကင်း၏။ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်ဟု (မိန့်တော်မူ၏)၊ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူပြီးနောက် ဤစကားကို မိန့်တော်မူ၏-

၄၅၃။ ''ကောင်းစွာ ဆိုအပ်သော စကားကို မြတ်သော ပဌမအင်္ဂါဟု သူတော် ကောင်းတို့ဆိုကြကုန်၏။ တရားနှင့် စပ်ယှဉ်သော စကားကို ပြောဆိုရာ၏။ တရားနှင့် မစပ်ယှဉ်သော စကားကို မပြောဆိုရာ၊ ထိုစကားကို ဒုတိယအင်္ဂါဟု ဆိုကြကုန်၏။ ချစ်နှစ်သက်ဖွယ် စကားကို ပြောဆိုရာ၏။ မချစ်မနှစ်သက်ဖွယ် စကားကို မပြောဆိုရာ၊ ထိုစကားကို တတိယအင်္ဂါဟု ဆိုကြကုန်၏။ဟုတ်မှန်သော စကားကို ပြောဆိုရာ၏။ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော စကားကို မပြောဆိုရာ၊ ထိုစကားကို စတုတ္ထ အင်္ဂါဟု ဆိုကြကုန်၏''ဟု (မိန့်တော်မူ၏)။ (၁)

ထိုအခါ အသျှင်ဝင်္ဂီသသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်လျက်မြတ်စွာဘုရားရှိတော်မူရာသို့ လက်အုပ်ချီ ရှိခိုး၍ မြတ်စွာဘုရားအား ''မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ထင်လာပါ၏။ မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ထင်လာပါ၏''ဟု လျှောက်၏။ ''ဝင်္ဂီသ သင်၏ဉာဏ်၌ ထင်စေလော့''ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ထို့နောက် အသျှင်ဝင်္ဂီသသည် မြတ်စွာ့ဘုရား၏ မျက်မှောက်၌ လျောက်ပတ်သော ဂါထာတို့ဖြင့် ချီးမွမ်း၏-

၄၅၄။ အကြင်စကားဖြင့် မိမိကိုယ်ကိုလည်း မပူပန်စေ၊ သူတစ်ပါးတို့ကိုလည်း မညှဉ်းဆဲ၊ ထိုစကားသာလျှင် ပြောဆိုရာ၏။ ထိုစကားသည် အမှန်ပင်ကောင်းသော စကားမည်၏။ (၂)

၄၅၅။ အကြင်စကားသည် စိတ်နှလုံးသို့ သက်ဝင်၍ နှစ်သက်ဝမ်းမြောက်နိုင်၏။ အကြင်စကားကို ပြောဆိုသူသည် ယုတ်မာကြမ်းကြုတ်သော စကားတို့ကို မယူမူ၍ သူတစ်ပါးတို့ ချစ်ခင်နှစ်သက်ဖွယ်သော စကားကိုသာ ပြောဆို၏။ ထိုသူတစ်ပါးတို့ ချစ်ခင်နှစ်သက်ဖွယ်သော စကားကိုသာလျှင် ပြောဆိုရာ၏။ (၃)

၄၅၆။မှန်သော စကားသည် စင်စစ် အမြိုက်သုဓာ ဘုတ်နှင့် တူ၏။ ဤမှန်သော စကားကို ပြောဆိုမှုသည် ရှေး၌ ဖြစ်သော သဘောတံထွာ ဓမ္မတာတည်း၊ သူတော် ကောင်းတို့သည် ဟုတ်မှန်သော အကျိုးတရား၌လည်းကောင်း၊ အကြောင်းတရား၌လည်းကောင်း တည်ကုန်၏ဟု ဆိုကုန်၏။ (၄)

၄၅၇။ မြတ်စွာဘုရားသည် နိဗ္ဗာန်သို့ ရောက်ခြင်းငှါလည်းကောင်း၊ ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါလည်းကောင်း၊ ဘေးမရှိသော အကြင်စကားကို ဆိုတော်မူ၏။ ထိုစကားသည်သာ စကားတို့တွင်အမှန်ပင် မြတ်သော စကားတော်ပေတည်း''ဟု (မိန့်တော်မူ၏)။ (၅)

သုံးခုမြောက် သုဘာသိတသုတ် ပြီး၏။