သုတ္တနိပါတ်ပါဠိတော်

၄-သုန္ဒရိကဘာရဒွါဇသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်းသုန္ဒရိကာမြစ်ကမ်းနား၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် သုန္ဒရိကာမြစ်ကမ်းနား၌ မီးကို ပူဇော်၏။ မီးပူဇော်ရာအရပ်ကို တံမြက်လှည်းခြင်းစသည်ဖြင့် ဆည်းကပ်၏။ ထိုအခါ သုန္ဒရိကဘာရဒွါဇ ပုဏ္ဏားသည် မီးပူဇော်ပြီး၍ မီးပူဇော်ရာအရပ်ကို ဆည်းကပ်ပြီးလျှင် နေရာမှ ထကာ''ဤမီးပူဇော်အပ်ပြီးသည်မှ ကြွင်းသော နို့ဃနာကို အဘယ်သူသည် စားထိုက်ပါမည်နည်း''ဟု ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့ကို လှည့်၍ကြည့်၏။ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မနီးမဝေး တစ်ခုသော သစ်ပင်ရင်း၌ ဦးခေါင်းနှင့်တကွ ရုံ၍ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်၍ မီးပူဇော်အပ်ပြီးသည်မှကြွင်းကျန်သော နို့ဃနာကို လက်ဝဲတစ်ဖက်ဖြင့် ယူလျက် လကျာ်လက်ဖြင့် ကရားကို ယူပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။

ထိုအခါ မြတ်စွာဘုရားသည် သုန္ဒရိကဘာရဒွါဇပုဏ္ဏား၏ ခြေသံကြောင့် ဦးခေါင်းကို ဖွင့်တော်မူ၏။ ထိုအခါ၌ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် ''ဤအသျှင်သည် ဦပြည် း (ကတုံး) ယုတ်ပါတကား၊ ဤအသျှင်သည် ဦပြည် း (ကတုံး) ယုတ်ပါတကား''ဟု (ကဲ့ရဲ့၍) ထိုအရပ်မှပင်လျှင် ပြန်ဆုတ်ခဲ့၏။ ထို့နောက်သုန္ဒရိကဘာရဒွါဇ ပုဏ္ဏားအား ''ဤလောက၌ အချို့သော ပုဏ္ဏားတို့သည် ဦးပြည် းထားသူတို့လည်းဖြစ်တတ်ကုန်သေး၏။ ငါသည် ချဉ်းကပ်၍ ဇာတ်ကို မေးရမူ ကောင်းလေစွ''ဟု အကြံဖြစ်၏။ ထို့နောက်သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ''အသျှင်သည် အဘယ်အမျိုးဇာတ်ဖြစ်သနည်း''ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် သုန္ဒရိကဘာရဒွါဇပုဏ္ဏားအား ဂါထာတို့ဖြင့် ရွတ်ဆိုဟောပြောတော်မူ၏-

၄၅၈။ ပုဏ္ဏား ငါဘုရားသည် ပုဏ္ဏားမျိုး မဟုတ်၊ မင်းသားလည်း မဟုတ်၊ ကုန်သည်မျိုးလည်းမဟုတ်၊ မည်သည့်အမျိုးဇာတ်မျှ မဟုတ်၊ ပုထုဇဉ်တို့၏ အနွယ်ကို ပိုင်းခြားသိပြီး၍ကြောင့်ကြမှု မရှိဘဲပညာဖြင့် သိလျက် လောက၌ လှည့်လည်နေထိုင်၏။ (၁)

၄၅၉။ ပုဏ္ဏား ငါသည် သင်္ကန်းကို ဝတ်လျက် တဏှာတည်းဟူသော အိမ်မရှိဘဲ ဆံပင်တို့ကို ရိတ်ပယ်ပြီးလျှင် ပူပန်မှု ငြိမ်းပြီးသော စိတ်ရှိကာ ဤလောက၌ လူတို့နှင့် မရောယှက်မူ၍ ကျင့်၏။သို့ ဖြစ်ပါလျက် သင်သည် မလျောက်ပတ်သော အမျိုးအနွယ်နှင့် စပ်သော ပြဿနာကို ငါ့အား မေးဘိ၏။ (၂)

၄၆ဝ။ အသျှင် ပုဏ္ဏားတို့သည် ပုဏ္ဏားအချင်းချင်းလည်း ''အသျှင်သည် ပုဏ္ဏား လော''ဟု မေးတတ်ကြကုန်၏။ (၃)

၄၆၁။ ငါပုဏ္ဏားဟူ၍ သင်အကယ်၍ ဖြေဆိုခဲ့မူ ငါ့ကိုလည်း ဗြာဟ္မဏမဟုတ်ဟူ၍ ဆိုသည်မည်၏။ ထို့ကြောင့် သုံးပုဒ်ရှိ၍ အက္ခရာနှစ်ဆယ့်လေးလုံးရှိသော သာဝိတ္တိ မည်သော ဗေဒင်ကို သင့်အား မေးအံ့ (ဖြေဆိုပါလော့)။ (၄)

၄၆၂။ ဤလောက၌ ရသေ့တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း၊ ပုဏ္ဏားတို့သည်လည်းကောင်း အဘယ်ကိုမှီကုန်၍ နတ်ဗြဟ္မာတို့အား ယဇ်ပူဇော်မှုကို အများအပြားပြုကြကုန်သနည်း။ (၅)

၄၆၃။ ဝဋ်ဆင်းရဲ၏ အဆုံးသို့ ရောက်၍ လေးပါးသော မဂ်ဉာဏ်တို့ဖြင့် ကိလေသာတို့ကို ဖောက်ထွင်းသွားသူ ရဟန္တာသည် ပူဇော်ရာကာလ၌ အကြင် ပုဂ္ဂိုလ်၏ ပူဇော်ဖွယ်ကို ရရာ၏။ ထိုပုဂ္ဂိုလ်၏ ပူဇော်မှုသည် ပြည့်စုံ၏ဟု ငါဆို၏။ (၆)

၄၆၄။ (သုန္ဒရိကဘာရဒွါဇပုဏ္ဏားက) ထိုအသျှင်ဘုရားကဲ့သို့ သဘောရှိသော သိခြင်းသို့ ရောက်သော ရဟန္တာကို (အကျွန်ုပ်တို့) ဖူးမြင်ကြရပါကုန်၏။ ထိုအကျွန်ုပ်၏ ပူဇော်အပ်သော အမှုသည် စင်စစ်ပြည့်စုံပေလိမ့်မည်၊ ရှေးအခါ က အသျှင်ဘုရားကဲ့သို့ သဘောရှိကုန်သော ပညာရှိတို့ကို မဖူးမတွေ့ရသောကြောင့် အခြားလူအပေါင်းသည် အကျွန်ုပ်၏ နို့ဃနာထမင်းကို စား၏ဟု (ဆို၏)။ (၇)

၄၆၅။ ပုဏ္ဏား ထို့ကြောင့် သင်သည် အကျိုးစီးပွါးဖြင့် အလိုရှိပါမူ ငါ့ထံသို့ ချဉ်းကပ်၍ မေးလော့၊ ငြိမ်းအေး၍ အခိုးကင်းသူ ဆင်းရဲမရှိသူ တောင့်တခြင်းကင်း သူ ပညာရှိကို ဤအရပ်၌ပင် ရနိုင်လိမ့်မည်။ (၈)

၄၆၆။ အသျှင်ဂေါတမ အကျွန်ုပ်သည် ပေးကမ်းမှု၌ မွေ့လျော်ပါ၏။ အကျွန်ုပ်သည် ပူဇော်ဖွယ်ကို ပူဇော်လိုပါသော်လည်း မသိနားမလည်ပါ၊ အသျှင်သည် အကျွန်ုပ်ကို ဆုံးမတော်မူပါ၊ အကြင်ပုဂ္ဂိုလ်၌ ပူဇော်ခြင်းသည် အကျိုးပြည့်စုံ၏။ ထိုပုဂ္ဂိုလ်ကို အကျွန်ုပ်အား ဟောကြားတော်မူပါ။ (၉)

ပုဏ္ဏားသို့ ဖြစ်လျှင် နားထောင်လော့၊ သင့်အား တရားကို ဟောအံ့

၄၆၇။ (ပေးလှူခြင်း၏ အကျိုးကြီးမှုကို အလိုရှိခဲ့မူ) အမျိုးဇာတ်ကို မမေးလင့်၊ (သီလစသော) အကျင့်ကိုသာ မေးလော့၊ မီးသည် အမှန်စင်စစ် ထင်းမှ ဖြစ်၏။ အမျိုးဇာတ်နိမ့်သော်လည်းရဟန္တာပုဂ္ဂိုလ်သည် တည်ကြည်မှု 'သမာဓိ' ရှိ၏။ ရှက် ကြောက်မှု 'ဟိရီ'တရားဖြင့် မကောင်းမှုကိုတားမြစ်၏။ အကြောင်းဟုတ်သည် မဟုတ်သည်ကို ပိုင်းခြား၍ သိ၏။ (၁ဝ)

၄၆၈။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ပရမတ္ထသစ္စာဖြင့်ယဉ်ကျေးပြီးသူ ဣန္ဒြေတို့ကို ဆုံးမခြင်းနှင့် ပြည့်စုံပြီး သူ မဂ်လေးပါးတို့ဖြင့် ကိလေသာတို့၏အဆုံးသို့ ရောက်သူ မဂ်တည်းဟူသော မြတ်သောအကျင့်ကို ကျင့်သုံးပြီးသူ ရဟန္တာပုဂ္ဂိုလ်၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၁)

၄၆၉။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ကာမတို့ကို ပယ်စွန့်၍ တဏှာအိမ်မရှိကုန်ဘဲ ရက်ဖောက်ကဲ့သို့ ဖြောင့်ဖြောင့် ကောင်းစွာ စောင့်စည်းသော စိတ်ရှိကုန်လျက် ကျင့်ကြသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၂)

၄၇ဝ။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ရာဂကင်းကြသူကောင်းစွာတည်သူ ဣန္ဒြေရှိကြသူ ရာဟု ဖမ်းခြင်းမှ လွတ်သော လကဲ့သို့ ကိလေသာဖမ်းခြင်းမှလွတ်ကြသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ် ဝတ္ထုကို ပေးလှူရာ၏။ (၁၃)

၄၇၁။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်တဏှာဒိဋ္ဌိအားဖြင့် မြတ်နိုးမှုတို့ကို စွန့်၍ အခါ ခပ်သိမ်း သတိနှင့် ပြည့်စုံလျက် လောက၌ မကပ်ငြိကုန်ဘဲ အထူးကျင့်ကြသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ် ဝတ္ထုကို ပေးလှူရာ၏။ (၁၄)

၄၇၂။ အကြင်မြတ်စွာဘုရားသည် ကိလေသာကာမတို့ကို ပယ်စွန့်နှိမ်နင်းလျက် ကြွသွားတော်မူ၏။ မြတ်စွာဘုရားသည် ပဋိသန္ဓေနေခြင်း သေခြင်း၏ အဆုံးဖြစ်သော နိဗ္ဗာန်ကို သိတော်မူ၏။ ရေအိုင်ကြီးသည် အေးသကဲ့သို့ ကိလေသ ပရိနိဗ္ဗာန်ပြုသည်ဖြစ်၍ အေးချမ်းသော ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူ ခံထိုက်၏။ (၁၅)

၄၇၃။ မြတ်စွာဘုရားသည် ပဋိဝေဓတူမျှကုန်သော ဝိပဿီစသော ဘုရားတို့နှင့် တူတော်မူ၏။ မတူမျှသူပုဂ္ဂိုလ်တို့မှ ဝေးတော်မူ၏။ အဆုံးမရှိသော ပညာရှိတော်မူ၏။ ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ကိလေသာတို့ဖြင့် မလိမ်းကျံ မကပ်ငြိ၊ ထို့ကြောင့် မြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၁၆)

၄၇၄။ အကြင်မြတ်စွာဘုရား၌ လှည့်ပတ်မှု 'မာယာ'သည်လည်းကောင်း၊ မာန်သည်လည်းကောင်းမကိန်းဝပ်နိုင်၊ အကြင်မြတ်စွာဘုရားသည် လောဘကင်းသူ တဏှာဒိဋ္ဌိနှင့် မြတ်နိုးမှုမရှိသူတပ်မက်မှု 'အာသာ' ကင်းသူ အမျက် 'ဒေါသကို' နုတ်ပယ်ပြီးသူ အလွန်ငြိမ်းအေးသော စိတ်ရှိသူဖြစ်တော်မူ၏။ မကောင်းမှုမှ အပ ပြုပြီးသော အကြင်မြတ်စွာဘုရားသည် စိုးရိမ်မှု 'သောက'တည်းဟူသော အညစ်အကြေးကို ပယ်စွန့်ပြီးပြီ၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၁၇)

၄၇၅။ အကြင်မြတ်စွာဘုရားသည် စိတ်၏ အမြဲနေရာ တဏှာဒိဋ္ဌိဟူသော အိမ်ကို ပယ်စွန့်တော်မူ၏။ အကြင်မြတ်စွာဘုရားအား (တဏှာဒိဋ္ဌိတို့ဖြင့်) သိမ်းဆည်းအပ်သောတရားတို့သည် စိုးစဉ်းအနည်းငယ်မျှ မရှိကုန်၊ ဤဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း စွဲလမ်းမှု မရှိသော ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၁၈)

၄၇၆။ အကြင်မြတ်စွာဘုရားသည် မဂ်တည်းဟူသော သမာဓိဖြင့် ကောင်းစွာ တည်တော်မူသည်ဖြစ်၍သြဃလေးပါးကို ကူးမြောက်တော်မူ၏။ လွန်မြတ်သော သဗ္ဗညုတဉာဏ်ဖြင့် တရားကို သိတော်မူ၏။ အာသဝေါကုန်ပြီး ဖြစ်တော်မူ၏။ အဆုံးစွန်သော ကိုယ်ကိုလည်း ဆောင်တော်မူ၏။ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၁၉)

၄၇၇။ အကြင်မြတ်စွာဘုရားအား ဘဝါသဝတို့သည်လည်းကောင်း၊ ကြမ်းတမ်းသော စကားတို့သည်လည်းကောင်း ဖျက်ဆီး ရှို့မြှိုက် မီးတိုက်ကုန်ပြီး ချုပ်ခြင်းသို့ ရောက်စေကုန်ပြီးဖြစ်သောကြောင့် မရှိကြတော့ကုန်၊ လေးပါးသော ဝေဒတို့ဖြင့် နိဗ္ဗာန်သို့ ရောက်ပြီးသော အလုံးစုံ ခန္ဓာစသည်တို့၌ လွတ်ပြီးသော ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂ဝ)

၄၇၈။ အကြင်မြတ်စွာဘုရားအား ကပ်ငြိမှုတို့သည် မရှိကုန်၊ အကြင်မြတ်စွာဘုရားသည် ကပ်ငြိမှုကို လွန်မြောက်၍ ကံကိလေသာဟု ဆိုအပ်သော လယ်ယာနှင့်တကွဖြစ်သော ဆင်းရဲကို ပိုင်းခြားသိပြီးလျှင်မာနဖြင့် ကပ်ငြိသူတို့၌ မာနဖြင့် မကပ်ငြိ၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၁)

၄၇၉။ အကြင်မြတ်စွာဘုရားသည် တောင့်တမှု တဏှာကို မမှီမူ၍ ငြိမ်းအေးမှု 'ဝိဝေက'ကို မြင်လေ့ရှိ၏။ သူတစ်ပါးတို့က သိစေအပ်သော မိစ္ဆာအယူကို လွန် မြောက်၏။ အကြင်မြတ်စွာဘုရားအားအနည်းငယ်မျှဖြစ်သော (ဘဝသစ်၏) အကြောင်းတို့သည် မရှိကုန်၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၂)

၄၈ဝ။ အကြင်မြတ်စွာဘုရားအား ကောင်း မကောင်းကုန်သောတရားတို့သည် ဉာဏ်ဖြင့်ထိုးထွင်းသိပြီးဖြစ်သောကြောင့် ဖျက်ဆီး ရှို့မြှိုက် မီးတိုက်ကုန်ပြီး ချုပ်ခြင်းသို့ ရောက်ပြီးဖြစ်ကုန်ရကား့မရှိနိုင်ကြတော့ကုန်၊ ကိလေသာငြိမ်းအေးသော ဥပါဒါန်ကုန်ရာ နိဗ္ဗာန်၌ (အာရုံပြုသောအားဖြင့်) လွတ်မြောက်တော်မူသော ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၃)

၄၈၁။ အကြင်မြတ်စွာဘုရားသည် သံယောဇဉ်တို့၏ကုန်ခန်းရာ အရဟတ္တဖိုလ်နှင့် ပဋိသန္ဓေကုန်ရာနိဗ္ဗာန်ကို မြင်တော်မူသည်ဖြစ်၍ ရာဂတည်းဟူသော ခရီးကို အကြွင်းမဲ့ ပယ်ဖျောက်ပြီးသူစင်ကြယ်တော်မူပြီးသူ အပြစ်ကင်းပြီးသူ အညစ် အကြေးကင်းသူ ဥပက္ကိလေသမရှိသူ ဖြစ်တော်မူ၏။ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၄)

၄၈၂။ အကြင်မြတ်စွာဘုရားသည် မိမိ၏ အတ္တကို မရှုမမြင် တည်ကြည်သည်ဖြစ်၍ ဖြောင့်မတ်ခြင်းသို့ ရောက်တော်မူ၏။ မတုန်မလှုပ် တည်တံ့သော စိတ် ရှိ တော်မူ၏။ စင်စစ် တုန်လှုပ်ခြင်း မရှိ၊ ငြောင့်တံသင်း မရှိ ယုံမှားခြင်း မရှိ၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၅)

၄၈၃။ အကြင်မြတ်စွာဘုရားအား မောဟလျှင် အကြောင်းရှိသော ကိလေသာတို့သည် အနည်းငယ်မျှမရှိကုန်၊ အကြင်မြတ်စွာဘုရားသည် ခပ်သိမ်းသောတရားတို့၌လည်း သဗ္ဗညုတဉာဏ်ဖြင့်မြင်တော်မူလေ့ရှိ၏။ အဆုံးဖြစ်သော ကိုယ်ကိုလည်း ဆောင်တော်မူ၏။ အတုမရှိမြတ်၍ ဘေးမရှိသော အရဟတ္တဖိုလ်သို့လည်း ရောက် တော်မူ၏။ ဤမျှသော အတိုင်းအရှည်ဖြင့် ပုဂ္ဂိုလ်သတ္တဝါအားစင်ကြယ်နိုင်၏။ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၆)

၄၈၄။ အကျွန်ုပ်သည် ထိုသို့ သဘောရှိသော မဂ်ဉာဏ်သို့ ရောက်ပြီးသော ရဟန္တာကို ပူဇော်ရန်ရပြီးဖြစ်ရကား အကျွန်ုပ်၏ ပူဇော်ခြင်းသည်မှန်ကန်သော ပူဇော်ခြင်း ဖြစ်ပါစေသတည်း၊ (အသျှင်သည်) မျက်မြင်ကိုယ်တွေ့ဖြစ်သော ဗြဟ္မာပါတည်း၊ မြတ်စွာဘုရားသည် အကျွန်ုပ်၏ နို့ဃနာကို အလှူခံတော်မူပါ၊ မြတ်စွာဘုရားသည် အကျွန်ုပ်၏ နို့ဃနာကို ဘုဉ်းပေးတော်မူပါ။ (၂၇)

၄၈၅။ ပုဏ္ဏား ငါ့အား ဂါထာတို့ကို သီဆို၍ ရအပ်သော ဘောဇဉ်ကို စားခြင်းငှါ မထိုက်၊ ဤဘောဇဉ်ကို စားခြင်းသဘောသည် စင်ကြယ်မှုကို ကောင်းစွာ ရှုမြင်ကုန်သော ဘုရားသျှင်တို့၏သဘောတံထွာ ဓမ္မတာမဟုတ်၊ မြတ်စွာဘုရားတို့သည် ဂါထာတို့ကို သီဆို၍ရသော ဘောဇဉ်ကို ပယ်တော်မူ၏။ ပုဏ္ဏား အသက် မွေးစင်ကြယ်မှု သဘောရှိလတ်သော် ဤတရားဖြင့် ရှာမှီးခြင်းသည် ဘုရားသျှင်တို့၏ အသက်မွေးခြင်းတည်း။ (၂၈)

၄၈၆။ ပုဏ္ဏား နို့ဃနာမှတစ်ပါးသော ဆွမ်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်းအလုံးစုံဂုဏ်နှင့် ပြည့်စုံသော သီလစသော ကျေးဇူးကို ရှာမှီးလေ့ရှိသော ကုက္ကုစ္စငြိမ်းအေးပြီးသော ရဟန္တာကို လုပ်ကျွေးလော့၊ ထိုကောင်းမှုသည် ကောင်းမှုကို အလိုရှိသောသူ၏ လယ်ယာဖြစ်၏။ (၂၉)

၄၈၇။ အကြင်အလှူခံပုဂ္ဂိုလ်သည် အကျွန်ုပ်ကဲ့သို့ သော သဘောရှိသူ၏ အလှူကို သုံးဆောင်ရာ၏။ အကြင်အလှူခံပုဂ္ဂိုလ်ကိုလည်း ယဇ်ပူဇော်ရာအခါ၌ ရှာမှီးလျက် လုပ်ကျွေးရာ၏။ မြတ်စွာဘုရား အကျွန်ုပ်တောင်းပန်ပါ၏။ အသျှင်ဘုရား၏ အဆုံး အမသို့ ရောက်၍ အကြင်အခြင်းအရာဖြင့်မိန့်ကြားသည်ရှိသော် ထိုအလှူခံပုဂ္ဂိုလ် မျိုးကို အကျွန်ုပ် သိရာပါ၏။ ထိုအခြင်းအရာဖြင့်မိန့်ကြားတော်မူပါလော့။ (၃ဝ)

၄၈၈။ အကြင်ပုဂ္ဂိုလ်အား သူတစ်ပါးကို ခြုပ်ခြယ်ခြင်း ကင်းကုန်၏။ အကြင် ပုဂ္ဂိုလ်၏ စိတ်သည်နောက်ကျုခြင်းမရှိ၊ အကြင်ပုဂ္ဂိုလ်သည် ကာမတို့မှလည်း လွတ်မြောက်၏။ ထိနမိဒ္ဓကိုလည်းပယ်ဖျောက်ပြီးဖြစ်၏။ (၃)

၄၈၉-၄၉ဝ။ (အကျင့်တည်းဟူသော) အပိုင်းအခြား၏ အဆုံးဖြစ်သည့် ကိလေ သာတို့ကို ပယ်ဖျောက်ပြီးသော ပဋိသန္ဓေနေခြင်း သေခြင်း၌ လိမ္မာသော မောနေယျ (ပညာနှင့်) ပြည့်စုံသော လှူဒါန်းပူဇော်ရာသို့ ရောက်လာသော ထိုသို့ သဘော ရှိသော ရဟန်း (မုနိ) ကို မျက်မှောင်ကုတ်ခြင်းကို ပယ်ကာလက်အုပ် ချီကုန်လျက် ရှိခိုးကုန်လော့၊ ထမင်းအဖျော်ဖြင့် ပူဇော်ကုန်လော့၊ ဤသို့ ့ရှိခိုးပူဇော်ကုန်သည်ရှိသော် အလှူတို့သည် ပြည့်စုံကုန်၏။ (၃၂-၃၃)

၄၉၁။ အသျှင်သည် သစ္စာလေးပါးကို သိတော်မူသည်ဖြစ်၍ နို့ဃနာကို ခံထိုက်ပါ၏။ အတုမရှိမြတ်သည်ဖြစ်၍ ကုသိုလ်မျိုးစေ့၏ စိုက်ပျိုးရာ လယ်ယာမြေ ကောင်းသဖွယ် ဖြစ်ပါ၏။ လောကအားလုံး၏ပူဇော်ရာလည်း ဖြစ်ပါ၏။ အသျှင်အား လှူခြင်းသည် အကျိုးကြီး၏ဟု ရွတ်ဆို၏။ (၃၄)

ထို့နောက် သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ''အသျှင်ဂေါတမ တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ 'မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကို မြင်ကြကုန်လိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏။ အသျှင်ဂေါတမ အကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သံဃာတော်ကိုလည်းကိုးကွယ် ရာဟူ၍ ဆည်းကပ်ပါ၏။ တပည့်တော်သည် အသျှင်ဂေါတမ၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏။ ရဟန်း အဖြစ်ကို ရလိုပါ၏''ဟု လျောက်၏။ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည်ရဟန်းအဖြစ်ကို ရသည်သာလျှင် တည်း။ပ။ ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။

လေးခုမြောက် သုန္ဒရိကဘာရဒွါဇသုတ် ပြီး၏။