သုတ္တနိပါတ်ပါဠိတော်

၅-မာဃသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မာဃလုလင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် အသက်ထက်ဆုံး အောက်မေ့ထိုက်သော စကားကို ပြောဆိုပြီးဆုံးစေပြီး၍ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

အသျှင်ဂေါတမ အကျွန်ုပ်သည် ပေးလည်း ပေးလှူတတ်ပါ၏။ ဒါန၏ အရှင်လည်း ဖြစ်ပါ၏။ အလှူခံတို့၏ စကားကိုလည်း သိပါ၏။ တောင်းခြင်းငှါ သင့်သည်လည်း ဖြစ်ပါ၏။ တရားသဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီးပါ၏။ တရားသဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီးလျက် တရားနှင့်အညီ ရအပ်ကုန်သောတရားသဖြင့် ရအပ်သည်လည်း ဖြစ်ကုန်သော စည်းစိမ်ဥစ္စာတို့ဖြင့် တစ်ယောက်အားလည်း ပေးလှူပါ၏။ နှစ်ယောက်သောသူတို့အားလည်းကောင်း သုံးယောက် လေးယောက် ငါးယောက် ခြောက်ယောက်ခုနစ်ယောက် ရှစ်ယောက်ကိုးယောက် ဆယ်ယောက်သောသူတို့အားလည်း ပေးလှူပါ၏။ နှစ်ကျိပ်သုံးကျိပ် လေးကျိပ် ငါးကျိပ်သောသူတို့အားလည်း ပေးလှူပါ၏။ တစ်ရာသောသူတို့အားလည်း ပေးလှူပါ၏။ ထို့ထက်အလွန်လည်း ပေးလှူပါ၏။ အသျှင်ဂေါတမ အသို့ နည်း၊ ဤသို့ ပေးလှူပူဇော်သော အကျွန်ုပ်သည် များစွာသော ကောင်းမှုကို ရပါ၏လော၊ ပွါးများစေပါ၏ လောဟု (လျှောက်၏)။

မာဃလုလင် ဤသို့ ပေးလှူပူဇော်သော သင်သည် များစွာသော ကောင်းမှုကို ပွါးများစေ၏။ အကြင်သူသည် ပေးလည်း ပေးလှူတတ်၏။ ဒါန၏ အရှင်လည်း ဖြစ်၏။ အလှူခံတို့၏ စကားကိုလည်းသိ၏။ တောင်းခြင်းငှါ သင့်သည်လည်း ဖြစ်၏။ တရားသဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီး၏။ တရားသဖြင့်စည်းစိမ်ဥစ္စာတို့ကို ရှာမှီးလျက် တရားသဖြင့် ရအပ်ကုန်သောတရားကို အကြောင်းပြု၍ ဖြစ်ကုန်သော စည်းစိမ်တို့ဖြင့် တစ်ယောက်သောသူအားလည်း ပေးလှူ၏။ပ။ တစ်ရာသောသူအားလည်း ပေးလှူ၏။ ထို့ထက်အလွန်လည်း ပေးလှူ၏။ ထိုသူသည် များစွာသော ကောင်းမှုကံကို ပွါးများစေ၏ဟု (မိန့်တော်မူ၏)။ ထို့နောက် မာဃလုလင်သည် မြတ်စွာဘုရားအား ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏-

၄၉၂။ (မာဃလုလင်သည် ဤသို့ မေးလျှောက်၏) -

ပြောဆိုသော စကားအဓိပ္ပါယ်ကို သိတော်မူသော ဖန်ရည်စွန်းသော အဝတ်ကို ဝတ်တော်မူသော ကိလေသာအိမ်မရှိဘဲ ကြွသွားတော်မူသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားကို အကျွန်ုပ်မေးလျှောက်ပါ၏။ ဤလောက၌ တောင်းခြင်းငှါ သင့်သော ဒါန၏အရှင် ဖြစ်သော အကြင်လူသည်သူတစ်ပါးတို့အား ထမင်းအဖျော်ကို ပေးလှူပူဇော်သည်ရှိသော် ကောင်းမှုကို အလိုရှိသည် ကောင်းမှုကို ငဲ့ကွက်သည်ဖြစ်၍ ပေးလှူပူဇော်၏။ ထိုပေးလှူ ပူဇော်သူ၏ အဘယ်သို့ ပေးလှူပူဇော်ခြင်းသည် စင်ကြယ်ပါသနည်း။ (၁)

၄၉၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

မာဃလုလင် ဤလောက၌ တောင်းခြင်းငှါ သင့်သော ဒါန၏အရှင်ဖြစ်သော အကြင်လူသည်သူတစ်ပါးအား ထမင်းအဖျော်ကို ပေးလှူပူဇော်သည်ရှိသော် ကောင်းမှုကို အလိုရှိသည် ကောင်းမှုကို ငဲ့ကွက်သည်ဖြစ်၍ ပေးလှူပူဇော်၏။ ထိုသို့ သဘောရှိသော အလှူပေးပုဂ္ဂိုလ်သည် အလှူခံပုဂ္ဂိုလ်တို့ဖြင့်စင်ကြယ်စေရာ၏။ (၂)

၄၉၄။ (မာဃလုလင်သည် ဤသို့ မေးလျှောက်၏) -

ဤလောက၌ တောင်းခြင်းငှါ သင့်သော ဒါန၏အရှင်ဖြစ်သော အကြင်လူသည် သူတစ်ပါးတို့အားထမင်းအဖျော်ကို ပေးလှူပူဇော်သည်ရှိသော် ကောင်းမှုကို အလိုရှိသည် ကောင်းမှုကို ငဲ့ကွက်သည်ဖြစ်၍ပေးလှူပူဇော်၏။ မြတ်စွာဘုရား ကောင်းမှုရှင်ဖြစ်သော ထိုသူ၏ မြတ်သော အလှူခံပုဂ္ဂိုလ်တို့ကို အကျွန်ုပ်အား ညွှန်ကြား တော်မူပါ။ (၃)

၄၉၅။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် စင်စစ် ရာဂဖြင့်ကပ်ငြိမှုမရှိကုန်ဘဲကြောင့်ကြမှုမရှိကုန်ဘဲ ပြီးပြီးသော ကိစ္စရှိကုန်သည် စောင့်စည်းသော စိတ်ရှိကုန်သည်ဖြစ်၍ လောက၌ လှည့်လည် နေထိုင်ကြသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၄)

၄၉၆။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်သံယောဇဉ်အနှောင်အဖွဲ့အားလုံးတို့ကို ဖြတ်တောက်ပြီးကုန် ယဉ်ကျေးကုန် ကိလေသာတို့မှလွတ်မြောက်ကုန်၍ ဆင်းရဲမရှိကုန်ဘဲ တပ်မက်မှု အာသာ ကင်းကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၅)

၄၉၇။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်သံယောဇဉ်အားလုံးမှ လွတ်မြောက်ပြီးကုန် ယဉ်ကျေးပြီးကုန် ကိလေသာတို့မှ လွတ်မြောက်ပြီးကုန်ဆင်းရဲမရှိကြကုန် တပ်မက်မှု အာသာကင်းကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၆)

၄၉၈။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မောဟကိုလည်းကောင်း ပယ် စွန့်၍အာသဝေါကုန်ခန်းပြီးသော 'မဂ်'တည်းဟူသော မြတ်သောအကျင့်ကို ကျင့် သုံးပြီးကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၇)

၄၉၉။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်လှည့်ပတ်မှု 'မာယာ' မကိန်းဝပ်နိုင်သူ မာနမကိန်းဝပ်နိုင်သူ အာသဝေါကုန်ခန်း ပြီးသူ 'မဂ်'တည်းဟူသော မြတ်သောအကျင့်ကို ကျင့်သုံးပြီးသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၈)

၅ဝဝ။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် လောဘကင်းသူ (တဏှာဒိဋ္ဌိတို့ဖြင့်) မြတ်နိုးမှုမရှိသူ တပ်မက်မှု 'အာသာ' မရှိသူ အာသဝေါကုန်ခန်းပြီးသူ့'မဂ်'တည်းဟူသော မြတ်သောအကျင့်ကို ကျင့်သုံး ပြီးသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၉)

၅ဝ၁။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် တဏှာကင်းသူကာမတဏှာစသည်တို့၌ နှလုံးမသွင်းမူ၍ လွန်မြောက် ပြီးသူ သြဃလေးပါးကို ကူးမြောက်ပြီးသူ (တဏှာဒိဋ္ဌိတို့ဖြင့်) မြတ်နိုးမှု မရှိဘဲ လှည့်လည်နေထိုင်သူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁ဝ)

၅ဝ၂။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်ဤလူ့လောက၌လည်းကောင်း၊ တစ်ပါးသော နတ်ပြည် စသော လောက၌လည်းကောင်း တစ်စုံတစ်ခုသော လောက၌ ဘဝကြီးငယ်အကျိုးငှါ ရူပတဏှာ စသောတဏှာခြောက်ပါးတို့ မရှိသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၁)

၅ဝ၃။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ကာမတို့ကို ပယ်စွန့်၍ တဏှာအိမ်မရှိကုန်ဘဲ ရက်ဖောက်ကဲ့သို့ ဖြောင့်ဖြောင့် ကောင်းစွာ စောင့်စည်းသော စိတ်ရှိကြလျက် ကျင့်ကြသူ ရဟန္တာ ပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၂)

၅ဝ၄။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ရာဂကင်းသူကောင်းစွာတည်သော ဣန္ဒြေရှိသူ ရာဟု ဖမ်းခြင်းမှ လွတ်မြောက်သော လကဲ့သို့ ကိလေသာဖမ်းခြင်းမှလွတ်မြောက်သူ ရဟန္တာ ပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၃)

၅ဝ၅။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် သစ္စာလေးပါးကို သိပြီးဖြစ်သူ ရာဂကင်းသူ အမျက်ဒေါသမရှိသူ ဤလောက၌ ဖြစ်ဆဲ ခန္ဓာငါးပါးကို ပယ်စွန့်ပြီးနောက်ဘဝတစ်ပါးသို့ လားရောက်မှု မရှိသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၄)

၅ဝ၆။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ပဋိသန္ဓေနေခြင်းသေခြင်းကို အကြွင်းမဲ့ ပယ်စွန့်၍သို့လောသို့လော တွေးတောယုံမှားမှုအားလုံးကို လွန်မြောက်ပြီးသူရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ် ဝတ္ထုကို ပေးလှူရာ၏။ (၁၅)

၅ဝ၇။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် မိမိ၏သီလစသော ဂုဏ်၌သာ မိမိ၏မှီခိုရာကျွန်းပြု၍ လှည့်လည် သွား လာနေကြကုန်သောကြောင့်ကြမရှိကြကုန်မူ၍ အလုံးစုံသော ခန္ဓာ စသည်တို့၌ လွတ် မြောက်ပြီး ဖြစ်ကြကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၆)

၅ဝ၈။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်ဤခန္ဓာအာယတနစသော အစဉ်၌ ဤခန္ဓာအာယတနစသော အစဉ်ကို ဖြစ်ပေါ်နေသည့် သဘောအတိုင်းသိပြီးသူ 'ဤပဋိသန္ဓေနေခြင်းသည် အဆုံးဖြစ်သော ပဋိသန္ဓေနေခြင်းတည်း၊ တစ်ဖန်ဘဝသစ်ဖြစ်ခြင်းမရှိ'ဟု သိပြီးသူ ရဟန္တာ ပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၇)

၅ဝ၉။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် လေးပါးသော မဂ်ဉာဏ်တို့ဖြင့် ကိလေသာတို့ကို ဖောက်ထွင်းသွားတော်မူသော ဈာန်၌ မွေ့လျော်တော်မူလျက်သတိရှိတော်မူသော သဗ္ဗညုအဖြစ်သို့ ရောက်တော်မူပြီးသော များစွာသော နတ်လူတို့၏ကိုးကွယ်ရာဖြစ်တော်မူသော မြတ်စွာဘုရား၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၈)

၅၁ဝ။ (မာဃလုလင်သည် ဤသို့ လျှောက်၏) -

မြတ်စွာဘုရား အသျှင်ဘုရားသည် သဗ္ဗညုတဉာဏ်ဟူသော ဤဓမ္မဓာတ်ကို ထိုးထွင်းသိတော်မူပြီးဖြစ်သောကြောင့် ဤလောက၌ ဤဉေယျဓံတရားအားလုံးကိုဟုတ်တိုင်းမှန်စွာသိတော်မူပါပေ၏။ (ထို့ကြောင့် ) မြတ်စွာဘုရားသည် အကျွန်ုပ်အား အလှူခံပုဂ္ဂိုလ်တို့ကို ့ဟောကြားတော်မူပါပြီ၊ အကျွန်ုပ်၏ အမေး ပြဿနာသည် အမှန်ပင် အချည်းနှီး မဖြစ်တော့ပါ။ (၁၉)

၅၁၁။ (မာဃလုလင်သည် ဤသို့ လျှောက်ပြန်၏) -

ဤလောက၌ တောင်းခြင်းငှါ သင့်သော အလှူရှင်ဖြစ်သော အကြင်လူသည် သူ တစ်ပါးတို့အားထမင်းအဖျော်ကို ပေးလှူပူဇော်သည်ရှိသော် ကောင်းမှုကို အလိုရှိသည် ကောင်းမှုကို ငဲ့ကွက်သည်ဖြစ်၍ပေးလှူပူဇော်၏။ မြတ်စွာဘုရား ကောင်းမှု ရှင်ဖြစ်သော ထိုလူ၏ လှူဖွယ်ဝတ္ထုပြည့်စုံမှုကို အကျွန်ုပ်အားဟောကြားတော်မူပါ။ (၂ဝ)

၅၁၂။ (မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏) -

မာဃလုလင် သင်သည် လှူဒါန်း ပူဇော်လော့၊ လှူဒါန်း ပူဇော်သည်ရှိသော် ကာလသုံးပါး၌ စိတ်ကို အထူးသဖြင့် ကြည်လင်စေလော့၊ လှူဒါန်းပူဇော်ဖွယ် ဝတ္ထုသည် လှူဒါန်းပူဇော်သူ၏ အာရုံပင်တည်း၊ ဤပူဇော်ဖွယ်ဝတ္ထုစသည်၌ တည်၍ အလှူရှင်သည် အပြစ်သုံးမျိုးတို့ကို ပယ်စွန့်နိုင်၏။ (၂၁)

၅၁၃။ ထိုအလှူရှင်ဒါယကာသည် ပူဇော်ဖွယ်ဝတ္ထုတို့၌ တပ်ခြင်းကင်း၍ အလှူခံ ပုဂ္ဂိုလ်တို့အပေါ်၌ အမျက်ဒေါသကို ပယ်ဖျောက်ပြီးလျှင် အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွါးစေလျက် နေ့ညဉ့်ပတ်လုံးအမြဲမပြတ် မမေ့မလျော့ဘဲ မေတ္တာဟု ဆိုအပ်သော အပ္ပမညာကို အရပ်အားလုံးတို့သို့ ပျံ့နှံ့စေ၏။ (၂၂)

၅၁၄။ အဘယ်သူသည် စင်ကြယ်ပါသနည်း၊ အဘယ်သူသည် လွတ်မြောက်ပါ သနည်း၊ အဘယ်သူသည် ကပ်ငြိပါသနည်း၊ အဘယ်အကြောင်းကြောင့် ဗြဟ္မာ့ပြည်သို့ ကိုယ်တိုင် သွားနိုင်ပါသနည်း၊ မြတ်စွာဘုရား မေးလျှောက်အပ်သော အသျှင်ဘုရားသည် မသိသော အကျွန်ုပ်အား ဟောတော်မူပါ၊ ဗြဟ္မာဖြစ်တော်မူသော မြတ်စွာဘုရားကို ယနေ့ အကျွန်ုပ်သည် မျက်မြင်ကိုယ်တွေ့ဖြစ်ပါ၏။ အသျှင်ဘုရားသည် အမှန်လျှင် အကျွန်ုပ်တို့၏ ဗြဟ္မာနှင့် တူသည် ဖြစ်ပါ၏။ ပညာအရောင်ထွန်းပြောင်တော်မူသော မြတ်စွာဘုရား အဘယ်သို့ သော အကြောင်းဖြင့် ဗြဟ္မာ့ ပြည်သို့ ကပ်ရောက်နိုင်ပါသနည်း။ (၂၃)

၅၁၅။ (မြတ်စွာဘုရားက ဤသို့ မိန့်တော်မူ၏) -

မာဃလုလင် အကြင်ပုဂ္ဂိုလ်သည် သုံးပါးအပြားရှိသော ပြည့်စုံသော အလှူဒါနကို ပေးလှူ ပူဇော်၏။ ထိုသို့ သဘောရှိသော အလှူရှင်ပုဂ္ဂိုလ်သည် အလှူခံပုဂ္ဂိုလ်တို့ဖြင့် စင်ကြယ်စေရာ၏။ ဤသို့ ကောင်းစွာလှူဒါန်းပူဇော်၍ တောင်းခြင်းငှါ သင့်သော အလှူရှင်သည် ဗြဟ္မာ့ပြည်သို့ ကပ်ရောက်နိုင်၏။ (၂၄)

ဤသို့ ဟောတော်မူသည်ရှိသော် မာဃလုလင်သည် မြတ်စွာဘုရားကို ဤသို့ လျှောက်၏ ''အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ 'ယနေ့မှ အစပြု၍ အသက်ထက်ဆုံးကိုးကွယ်ခြင်းသို့ ရောက်သော ဥပါသကာ'ဟုမှတ်တော်မူပါ''ဟု (လျှောက်၏)။

ငါးခုမြောက် မာဃသုတ် ပြီး၏။