သုတ္တနိပါတ်ပါဠိတော်

၆-သဘိယသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ သဘိယပရိဗိုဇ်အား ရှေးဘဝက ဆွေမျိုးတော်စပ်ဖူးသော နတ်သည် အမေးပြဿနာတို့ကို သင်ကြားညွှန်ပြအပ်ကုန်၏ ''သဘိယ ဤအမေးပြဿနာတို့ကို သင်ကမေးအပ်သည်ဖြစ်၍ ဖြေဆိုနိုင်သော သမဏဗြာဟ္မဏတို့အထံ၌ အကျင့်မြတ်ကို ကျင့်လေလော့''ဟု သင်ကြား ညွှန်ပြအပ်ကုန်၏။

ထိုအခါ သဘိယပရိဗိုဇ်သည် ထိုနတ်၏အထံ၌ ထိုအမေးပြဿနာတို့ကို သင်ယူ၍ တပည့်အပေါင်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းဆရာလည်းဖြစ်သူ ထင်ရှားသူ ကျော်စောသူ အယူဝါဒတီထွင်သူ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်ကုန်သော ပူရဏကဿပမက္ခလိဂေါသာလ အဇိတကေသ ကမ္ဗလ ပကုဓကစ္စာန သဉ္စယဗေလဋ္ဌပုတ္တ နိဂဏ္ဌနာဋပုတ္တဟူကုန်သော သမဏဗြာဟ္မဏတို့ထံသို့ ချဉ်းကပ်၍ ထိုအမေးပြဿနာတို့ကို မေး၏။ သဘိယပရိဗိုဇ်သည်အမေးပြဿနာတို့ကို မေး အပ်ကုန်သည်ရှိသော် ထိုဆရာ ခြောက်ဦးတို့သည် မဖြေဆိုနိုင်ကုန်၊ မဖြေဆိုနိုင်ကုန်သည်ဖြစ်၍ အမျက်ကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း မနှစ်သက်သော အမူအရာကိုလည်းကောင်း ထင်စွာပြုကြကုန်၏။ ဤမျှမက သဘိယပရိဗိုဇ်ကိုပင် တစ်ဖန်ပြန်မေးကုန်သေး၏။

ထိုအခါ သဘိယပရိဗိုဇ်အား ဤအကြံဖြစ်၏ ''တပည့်အပေါင်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းနှင့်လည်းပြည့်စုံသူ ဂိုဏ်းဆရာလည်းဖြစ်သူ ထင်ရှားသူ ကျော်စောသူ အယူဝါဒတီထွင်သူ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်ကုန်သော ပူရဏကဿပ။ပ။ နိဂဏ္ဌနာဋပုတ္တဟူကုန်သော သမဏဗြာဟ္မဏတို့သည် ငါမေးအပ်သော အမေးပြဿနာကို မဖြေဆိုနိုင်ကုန်၊ မဖြေဆိုနိုင်ကုန်သည်ဖြစ်၍ အမျက်ကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မနှစ်သက်သော အမူအရာကိုလည်းကောင်း ထင်စွာပြုကုန်၏။ ဤမျှမက ငါ့ကိုပင်လျှင် တစ်ဖန် ပြန်မေးကြကုန်သေး၏။ ငါသည် လူထွက်၍ ကာမတို့ကို သုံးဆောင်ရမူကောင်း လေစွ''ဟု ဤအကြံဖြစ်၏။

ထို့နောက် သဘိယပရိဗိုဇ်အား ဤအကြံဖြစ်ပြန်၏ ''ရဟန်းဂေါတမသည်လည်း တပည့်အပေါင်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းဆရာလည်းဖြစ်သူ ထင်ရှားသူ ကျော်စောသူ အယူဝါဒတီထွင်သူ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်၏။ ငါသည် ရဟန်းဂေါတမထံသို့ ချဉ်းကပ်၍ ဤအမေး ပြဿနာတို့ကို မေးရမူ ကောင်းလေစွ''ဟု ဤအကြံဖြစ်၏။

ထို့နောက် သဘိယပရိဗိုဇ်အား ဤအကြံဖြစ်ပြန်၏ ''အကြင့်ကြောင့် အိုကြသူ ကြီးကြသူ ရင့်ကြသူရှေးမီကြသူ အဆုံးအရွယ်သို့ ရောက်ကြသူ မထေရ်ကြီးဖြစ်ကြသူ ရဟန်းဝါရင့်ကြသူ ရဟန်းသက်ရှည်ကြသူ ဖြစ်သည့်ပြင် တပည့်အပေါင်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းဆရာလည်း ဖြစ်သူထင်ရှားသူ ကျော်စောသူ အယူဝါဒတီထွင်သူ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်ကုန်သော ပူရဏကဿပ။ပ။ နိဂဏ္ဌနာဋပုတ္တဟူကုန်သော အသျှင်သမဏဗြာဟ္မဏတို့သော်မှလည်း အမေးပြဿနာကို ငါမေးအပ်ကုန်သည်ရှိသော် မဖြေဆိုနိုင်ကုန်၊ မဖြေဆိုနိုင်ကုန်သည်ဖြစ်၍ အမျက်ကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မနှစ်သက်သော အမူအရာကိုလည်းကောင်း ထင်စွာပြုကြကုန်၏။ ဤ့မျှမက ငါ့ကိုပင်လျှင် ဤအမေးပြဿနာ၌ တစ်ဖန် ပြန်မေးကြကုန်ဘိသေး၏။ ရဟန်းဂေါတမသည်ကားဤအမေးပြဿနာတို့ကို ငါမေးအပ်သော် အဘယ်မှာလျှင် ဖြေဆိုနိုင်လိမ့်မည်နည်း၊ အကြောင်းကားရဟန်းဂေါတမသည် အသက်အားဖြင့်လည်း ငယ်ရွယ်သူဖြစ်၏။ ရဟန်းအဖြစ်အားဖြင့်လည်း သီတင်းငယ်ဖြစ်၏''ဟု အကြံဖြစ်၏။

ထို့နောက် သဘိယပရိဗိုဇ်အား ဤသို့ အကြံဖြစ်ပြန်၏ ''ရဟန်းဂေါတမကို ငယ်၏ဟူ၍ မထီမဲ့မြင်မပြုအပ် မဖြေနိုင်ဟု မဆိုအပ်၊ ရဟန်းဂေါတမသည် ငယ်သော်လည်း တန်ခိုးအာနုဘော်ကြီး၏။ ငါသည်ရဟန်းဂေါတမသို့ ချဉ်းကပ်၍ ဤအမေးပြဿနာတို့ကို မေးရမူကား ကောင်းလေစွ''ဟု အကြံဖြစ်ပြန်၏။

ထို့နောက် သဘိယပရိဗိုဇ်သည် ရာဇဂြိုဟ်ပြည်သို့ ဒေသစာရီ ဖဲသွားလေ၏။ အစဉ်အတိုင်း ဒေသစာရီလှည့်လည်သွားလေသော် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်းမြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားကို ဂါထာဖြင့်ရွတ်ဆိုလျှောက်၏-

၅၁၆။ (သဘိယသည် ဤသို့ လျှောက်၏) -

မြတ်စွာဘုရား တွေးတောယုံမှားလျက် မဆုံးဖြတ်နိုင်သည် ဖြစ်သောကြောင့် အမေးပြဿနာကို မေးလျှောက်ရန် အလိုရှိသည်ဖြစ်၍ အကျွန်ုပ် ရောက်လာပါ၏။ မြတ်စွာဘုရား ထိုပြဿနာတို့ကို အဆုံးတိုင် ဖြေရှင်းတော်မူပါ၊ အကျွန်ုပ်မေးအပ်သော အသျှင်ဘုရားသည် ပြဿနာစဉ် အနက်စဉ်အတိုင်းအကျွန်ုပ်အား ဖြေတော်မူပါ။ (၁)

၅၁၇။ (မြတ်စွာဘုရားက ဤသို့ မိန့်တော်မူ၏) -

သဘိယ သင်သည် ပြဿနာတို့ကို မေးရန် အလွန်လိုလားတောင့်တသည်ဖြစ်၍ အဝေးမှ လာဘိ၏။ သင်မေးအပ်သော် ငါသည် ထိုပြဿနာတို့ကို အဆုံးတိုင် ဖြေရှင်းတော်မူအံ့၊ သင်မေးအပ်သော ပြဿနာစဉ် အနက်စဉ်အတိုင်း သင့်အား ဖြေကြားပေအံ့။ (၂)

၅၁၈။ သဘိယ သင်၏ စိတ်၌ မေးလိုသော ပြဿနာကို ငါ့အား မေးလော့၊ ထိုထိုပြဿနာအတွက်ဖြစ်ပေါ်နေသော သင်၏ ယုံမှားခြင်း 'ဝိစိကိစ္ဆာ'ကို အဆုံး တိုင် ပြေရှင်းအောင် ငါဖြေရှင်းအံ့ဟု (မိန့်တော်မူ၏)။ (၃)

ထိုအခါ သဘိယပရိဗိုဇ်အား ဤအကြံဖြစ်၏ ''အချင်းတို့အံ့သြဖွယ်ရှိပေစွ၊ အချင်းတို့ မဖြစ်ဖူးမြဲဖြစ်ပေစွ၊ ငါသည် တစ်ပါးသော သမဏဗြာဟ္မဏတို့၌ အခွင့်ပေးမှုမျှကိုသော်လည်း မရခဲ့သော ဤအမေးပုစ္ဆာ ပြဿနာကို ရဟန်းဂေါတမသည် ငါ့အား မေးခွင့်ပြုပေ၏''ဟု မိမိစိတ်တိုင်းကျ ဖြစ်သဖြင့်ရွှင်လန်းတက်ကြွကာ နှစ်သိမ့်ဝမ်းမြောက်သည်ဖြစ်၍ မြတ်စွာဘုရားအား အမေးပုစ္ဆာပြဿနာကို မေးလျှောက်၏-

၅၁၉။ (သဘိယသည် ဤသို့ မေးလျှောက်၏) - မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို ဘိက္ခုဟူ၍ဆိုကြကုန်သနည်း၊ အဘယ်အကြောင်းဖြင့် လွန်စွာ ငြိမ်းသောသူဟူ၍ ဆိုကြကုန်သနည်း၊ အဘယ်သို့ သောသူကို ယဉ်ကျေးပြီးဟူ၍ ဆိုကြကုန်သနည်း၊ အဘယ်အကြောင်းဖြင့် ဗုဒ္ဓဟူ၍ ဆိုသနည်း၊ မေးအပ်သော အသျှင်ဘုရားသည် အကျွန်ုပ်အား ဖြေကြားတော်မူပါ။ (၄)

၅၂ဝ။ (မြတ်စွာဘုရားသည် ဤသို့ ဖြေတော်မူ၏) -

သဘိယ အကြင်ပုဂ္ဂိုလ်သည် မိမိပြုအပ်သော မဂ်ဖြင့် ကိလေသာငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်၏။ ယုံမှားခြင်းကို လွန်မြောက်၏။ ပျက်စီးဆုတ်ယုတ်ခြင်းကိုလည်းကောင်း၊ ကြီးပွါးခြင်းကိုလည်းကောင်းပယ်စွန့်၍ မဂ်အကျင့်ကို ကျင့်သုံး ပြီး ဖြစ်၏။ တစ်ဖန် ဘဝသစ်၌ ဖြစ်မှုကုန်ခန်းပြီး ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် ဘိက္ခု မည်၏။ (၅)

၅၂၁။ အကြင်ပုဂ္ဂိုလ်သည် အလုံးစုံသော အာရုံတို့၌ (ဆဠင်္ဂုပေက္ခာဖြင့်) လျစ် လျူရှုတတ်၏။ သတိရှိ၏။ ထိုသူသည် လောကအားလုံး၌ တစ်စုံတစ်ယောက်ကိုမျှ မညှဉ်းဆဲ သြဃလေးပါးမှ ကူးမြောက်ပြီး ဖြစ်၏။ မကောင်းမှု ငြိမ်းအေးပြီး ဖြစ်၏။ မိစ္ဆာဝိတက်တို့ဖြင့် မနောက်ကျု၊ အကြင်ပုဂ္ဂိုလ်အား (ရာဂစသော) ထူပြောမှု 'ဥဿဒ'တို့ မရှိကုန်၊ ထိုပုဂ္ဂိုလ်သည် လွန်စွာ ငြိမ်းအေးသောသူ မည်၏။ (၆)

၅၂၂။ အကြင်ပုဂ္ဂိုလ်၏ အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်းလောကအားလုံးဝယ် စက္ခုစသော ဣန္ဒြေတို့သည် ပွါးများပြီး ဖြစ်ကုန်၏။ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း ထိုးထွင်းသိ၍ သေရမည့် အချိန်ကာလကို ငံ့လင့်နေ၏။ ထိုပုဂ္ဂိုလ်သည် ပွါးများပြီးဖြစ်၍ ယဉ် ကျေးသူ မည်၏။ (၇)

၅၂၃။ ကပ်ကမ႓ာအားလုံးတို့ကိုလည်းကောင်း၊ နှစ်ပါးစုံသော စုတိ ပဋိသန္ဓေဟူသော ကျင်လည်မှု သံသရာကိုလည်းကောင်း သိမြင်တော်မူပြီး၍ ရာဂမြူကင်းလျက် အညစ်အကြေးမရှိသော အထူးသဖြင့် စင်ကြယ်သော ဇာတိကုန်ရာ နိဗ္ဗာန်သို့ ရောက်တော်မူသော ထိုပုဂ္ဂိုလ်ကို ဗုဒ္ဓဟူ၍ဆိုကြကုန်၏။ (၈)

ထို့နောက် သဘိယ ပရိဗိုဇ်သည် မြတ်စွာဘုရား ဟောအပ်သည်ကို စိတ်တိုင်းကျလျက် ရွှင်လန်းတက်ကြွကာ နှစ်သိမ့်ဝမ်းမြောက်သည်ဖြစ်၍ မြတ်စွာဘုရားအား ပြဿနာကို နောက်ထပ်တစ်ဖန် မေးလျှောက်ပြန်၏။

၅၂၄။ (သဘိယသည် ဤသို့ မေးလျှောက်၏) -

မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို မကောင်းမှုမှ အပပြုပြီးသူ 'ဗြာဟ္မဏ'ဟူ၍ဆိုကြကုန်သနည်း၊ အဘယ်အကြောင်းဖြင့် ငြိမ်းအေးပြီးသူ 'သမဏ'ဟူ၍ ဆိုကြကုန်သနည်း၊ အဘယ်သို့ သောသူကို မကောင်းမှုကို ဆေးကြောပြီးသူ 'နှာတက'ဟူ၍ ဆိုကြကုန်သနည်း၊ အဘယ်အကြောင်းဖြင့် မကောင်းမှုကို မပြုတတ် သူ'နာဂ'ဟူ၍ ဆိုပါသနည်း၊ အကျွန်ုပ်၏အမေးအပ်သော မြတ်စွာဘုရားသည် ဖြေကြားတော်မူပါ။ (၉)

၅၂၅။ (မြတ်စွာဘုရားသည် ဤသို့ ဖြေကြားတော်မူ၏) -

သဘိယ (အကြင်ပုဂ္ဂိုလ်သည် ) မကောင်းမှုအားလုံးတို့ကို အပပြု၍ တည်သော သဘော ရှိ၏။ အညစ်အကြေး ကင်း၏။ အရဟတ္တဖိုလ် သမာဓိဖြင့် ကောင်းစွာ တည်၏။ သံသရာကို လွန်၍ပြုဖွယ်ကိစ္စပြီးဆုံးပြီး ဖြစ်၏။ တဏှာဒိဋ္ဌိကို မမှီမူ၍ တာဒိဂုဏ်နှင့် ပြည့်စုံ၏။ ထိုပုဂ္ဂိုလ်ကို မကောင်းမှုမှအပပြုပြီးသူ 'ဗြာဟ္မဏ'ဟူ၍ ဆိုအပ်၏။ (၁ဝ)

၅၂၆။ အကြင်ပုဂ္ဂိုလ်သည် ထိုအရိယမဂ်ဖြင့် ကိလေသာတို့ကို ငြိမ်းစေလျက် တည်၏။ ကောင်းမှုမကောင်းမှုကို ပယ်၍ ရာဂမြူ ကင်း၏။ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်းသိ၍ ပဋိသန္ဓေနေခြင်း သေခြင်းကို လွန်မြောက်၏။ ဖောက်ပြန်ခြင်းမရှိမူ၍ သဘောအတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။ ထိုပုဂ္ဂိုလ်ကို ငြိမ်းအေးပြီးသူ 'သမဏ'ဟူ၍ ဆိုအပ်၏။ (၁၁)

၅၂၇။ (အကြင်ပုဂ္ဂိုလ်သည် ) အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်းလောကအားလုံးဝယ် အလုံးစုံသော မကောင်းမှုတို့ကို ဆေးလျော် ပြီးလျှင် (တဏှာဒိဋ္ဌိတို့ဖြင့်) ကြံစည်အပ်ကုန်သော လူ့ပြည် နတ်ပြည်တို့၌ (လူဟူ၍လည်းကောင်း၊ နတ်ဟူ၍လည်းကောင်း) ကြံစည်ခြင်းသို့ မရောက်၊ ထိုပုဂ္ဂိုလ်ကို ဆေးလျော်ပြီးသူ'နှာတက'ဟူ၍ ဆိုအပ်၏။ (၁၂)

၅၂၈။ အကြင်ပုဂ္ဂိုလ်သည် လောက၌ တစ်စုံတစ်ခုသော မကောင်းမှုကို မပြု၊ စပ်ယှဉ်မှုအားလုံးတို့ကိုလည်းကောင်း၊ အနှောင်အဖွဲ့တို့ကိုလည်းကောင်း ဖြေ ဖျောက်ပယ်စွန့်ပြီးလျှင် အလုံးစုံသော ခန္ဓာစသည်တို့၌ နှစ်ပါးသော ဝိမုတ္တိတို့ဖြင့် လွတ်မြောက်သည်ဖြစ်၍ မကပ်ငြိ ဖောက်ပြန်ခြင်း မရှိမူ၍သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။ ထိုပုဂ္ဂိုလ်ကို မကောင်းမှုကို မပြုသော 'နာဂ'ဟူ၍ ဆိုအပ်၏။ (၁၃)

ထို့နောက် သဘိယ ပရိဗိုဇ်သည်။ပ။ မြတ်စွာဘုရားအား ပြဿနာကို နောက်ထပ် တစ်ဖန် မေးလျှောက်ပြန်၏-

၅၂၉။ (သဘိယသည် ဤသို့ မေးလျှောက်၏) -

မြတ်စွာဘုရား အဘယ်သူကို ခေတ္တမည်သော အာယတနကို အောင်သူဟူ၍ မြတ်စွာဘုရားတို့ဟောကုန်သနည်း၊ အဘယ်အကြောင်းဖြင့် ဖြတ်တောက် ဖျက် ဆီးတတ်သူ (လူလိမ္မာ)ဟူ၍ဟောကုန်သနည်း၊ အဘယ်သို့ သောသူကို ပညာရှိဟူ၍ ဆိုကြကုန်သနည်း၊ အဘယ်အကြောင်းဖြင့်မုနိမည်၏ဟူ၍ ဆိုအပ်သနည်း၊ အကျွန်ုပ် မေးလျှောက်အပ်သော အသျှင်ဘုရားသည် ဖြေကြားတော်မူပါ။ (၁၄)

၅၃ဝ။ (မြတ်စွာဘုရားသည် ဤသို့ ဖြေတော်မူ၏) -

သဘိယ အကြင်ပုဂ္ဂိုလ်သည် နတ်၌ ဖြစ်သော အာယတနကိုလည်းကောင်း၊ လူ၌ ဖြစ်သော အာယတနကိုလည်းကောင်း ဗြဟ္မာ့ပြည်၌ ဖြစ်သော အာယတနကိုလည်းကောင်းအာယတနအားလုံးတို့ကို သိမြင်တော်မူပြီး၍ အာယတနအားလုံးတို့၏ မူလအနှောင်အဖွဲ့မှလွတ်မြောက်၏။ ဖောက်ပြန်ခြင်းမရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။ ထိုပုဂ္ဂိုလ်ကို ခေတ္တမည်သော အာယတနကို အောင်ပြီးသူဟူ၍ ဆိုအပ်၏။ (၁၅)

၅၃၁။ အကြင်ပုဂ္ဂိုလ်သည် နတ်၌ ဖြစ်သော ကျီ ကြ (ကံ) ကိုလည်းကောင်း လူ၌ ဖြစ်သော ကျီ ကြ (ကံ) ကိုလည်းကောင်း ဗြဟ္မာ၌ ဖြစ်သော ကျီကြ (ကံ) ကိုလည်းကောင်း ကုသိုလ်ကံ အကုသိုလ်ကံကျီကြအားလုံးတို့ကို သိမြင်ပြီး၍ ကျီ ကြကံအား လုံးတို့၏ မူလအနှောင်အဖွဲ့မှ လွတ်မြောက်၏။ ဖောက်ပြန်ခြင်းမရှိမူ၍ သဘော အတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။ ထိုပုဂ္ဂိုလ်ကို ကျ ီကြ (ကံ) ကို ဖြတ်တောက် ဖျက်ဆီးတတ်သူ လူလိမ္မာဟူ၍ ဆိုအပ်၏။ (၁၆)

၅၃၂။ အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်း ဖြစ်ကုန်သော ဖြူစင်ကုန်သော အာယတန နှစ်ပါးတို့ကို သိမြင်၍ စင် ကြယ်သော ပညာရှိ၏။ မည်းနက်သော အကုသိုလ်ကံ ဖြူစင်သော ကုသိုလ်ကံ တရားကို လွန်မြောက်၏။ ဖောက်ပြန်ခြင်း မရှိမူ၍ သဘောအတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံသော ထိုပုဂ္ဂိုလ်ကို ပညာရှိဟူ၍ ဆိုအပ်၏။ (၁၇)

၅၃၃။ အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်း၊ လောကအားလုံး၌ သူယုတ်မာတို့၏ တရားကိုလည်းကောင်း၊ သူတော် ကောင်းတို့၏တရားကိုလည်းကောင်း သိမြင်၍ (ရာဂစသော) ကပ်ငြိမှုနှင့် (တဏှာ ဒိဋ္ဌိဟူသော) ကွန်ရက်ကို လွန်၍တည်၏။ ထိုပုဂ္ဂိုလ်ကို နတ်လူတို့ ပူဇော်အပ်သည်ဖြစ်၍ မုနိဟူ၍ ဆိုအပ်၏။ (၁၈)

ထို့နောက် သဘိယ ပရိဗိုဇ်သည်။ပ။ မြတ်စွာဘုရားအား ပြဿနာကို နောက်ထပ် တစ်ဖန် မေးလျှောက်ပြန်၏-

၅၃၄။ (သဘိယသည် ဤသို့ မေးလျှောက်၏) -

မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို သိခြင်းသို့ ရောက်သူ 'ဝေဒဂူ'ဟူ၍ ဆိုကုန်သနည်း၊ အဘယ်အကြောင်းဖြင့်လျော်စွာ သိသူ 'အနုဗုဒ္ဓ'ဟူ၍ ဆိုကြကုန် သနည်း၊ အဘယ်သို့ သောသူကို ဝီရိယရှိသူဟူ၍ ဆိုကြကုန်သနည်း၊ အဘယ်သို့လျှင် အာဇာနည် မည်သနည်း၊ အကျွန်ုပ်မေးလျှောက်အပ်သော အသျှင်ဘုရားသည် ဖြေကြားတော်မူပါ။ (၁၉)

၅၃၅။ (မြတ်စွာဘုရားသည် ဤသို့ ဖြေတော်မူ၏) -

သဘိယ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် သမဏဗြာဟ္မဏတို့၏ ဝေဒကျမ်းအားလုံးတို့ကို သိမြင်၍ဝေဒကျမ်းအားလုံးကို လွန်မြောက်လျက် ဝေဒနာအားလုံးတို့၌ တပ်စွန်းမှု ကင်း၏။ ထိုပုဂ္ဂိုလ်ကို ့ဝေဒဂူမည်၏ဟူ၍ ဆိုအပ်၏။ (၂ဝ)

၅၃၆။ အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌လည်းကောင်း ဗဟိဒ္ဓသန္တာန်၌လည်းကောင်း (တဏှာ ဒိဋ္ဌိ မာန) ပပဉ္စတရားသုံးပါး နာမ်ရုပ်တရားနှင့် (နာမ်ရုပ်)ဟူသော အနာရောဂါ၏ အမြစ်အဝိဇ္ဇာဘဝတဏှာကိုလျော်စွာသိမြင်၍ ရောဂါအားလုံးတို့၏ မူလဖြစ်သော အနှောင်အဖွဲ့မှ လွတ်မြောက်၏။ ဖောက်ပြန်မှု မရှိမူ၍ သဘော အတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံသော ထိုပုဂ္ဂိုလ်ကို အနုဗုဒ္ဓဟူ၍ ဆိုအပ်၏။ (၂၁)

၅၃၇။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် မကောင်းမှုအားလုံးတို့မှ ကြဉ်ရှောင်၏။ ငရဲ၌ ဖြစ်သော ဝဋ်ဆင်းရဲကို လွန်မြောက်၍ တည်၏။ ဝီရိယဟူသောနေရာအိမ်ရှိ၏။ အကျင့်ပဓာနရှိသည်ဖြစ်၍တည်ကြည်မှုရှိသော ဖောက်ပြန်မှု မရှိမူ၍ သဘော အတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့်ပြည့်စုံသော ထိုပုဂ္ဂိုလ်ကို ဝီရိယရှိသူဟူ၍ ဆိုအပ်၏။ (၂၂)

၅၃၈။ အကြင်ပုဂ္ဂိုလ်အား အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်းအနှောင်အဖွဲ့တို့သည် ဖြတ်တောက်ပြီး ဖြစ်ကုန်၏။ ကပ်ငြိမှု အမြစ်မူလကိုလည်း နုတ်ပြီးဖြစ်၏။ ကပ်ငြိမှုအားလုံး၏ မူလအနှောင်အဖွဲ့မှ လွတ်မြောက်၏။ ဖောက်ပြန်မှု မရှိမူ၍ သဘောအတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံသော ထိုပုဂ္ဂိုလ်ကို အာဇာနည်ဟူ၍ ဆိုအပ်၏။ (၂၃)

ထို့နောက် သဘိယပရိဗိုဇ်သည်။ပ။ မြတ်စွာဘုရားအား ပြဿနာကို နောက်ထပ် တစ်ဖန် မေးလျှောက်ပြန်၏-

၅၃၉။ (သဘိယသည် ဤသို့ မေးလျှောက်၏) -

မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို အကြားအမြင်များသူ 'သောတ္ထိယ'ဟူ၍ ဆိုကြကုန်သနည်း၊ အဘယ်အကြောင်းဖြင့် အရိယာဟူ၍ ဆိုကြကုန်သနည်း၊ အဘယ်သို့ သောသူကို စရဏရှိသူဟူ၍ဆိုကြကုန်သနည်း၊ အဘယ်သို့လျှင် ပရိဗိုဇ် မည်ပါသနည်း၊ အကျွန်ုပ် မေးလျှောက်သော အသျှင်ဘုရားသည် ဖြေကြားတော်မူပါ။ (၂၄)

၅၄ဝ။ (မြတ်စွာဘုရားသည် ဤသို့ ဖြေတော်မူ၏) -

သဘိယ လောက၌ တရားအားလုံးကို ကြားနာရသည်ရှိသော် ထူးသောဉာဏ်ဖြင့် သိလျက် အပြစ်ရှိ မရှိတရားဟူသမျှကို နှိမ်နင်းသူ ယုံမှားခြင်းမရှိသူ အနှောင် အဖွဲ့မှ လွတ်မြောက်သူ ခန္ဓာစသောတရားအားလုံးတို့၌ ရာဂစသည် နှိပ်စက်ခြင်း မရှိသူကို အကြားအမြင်များသူ 'သောတ္တိယ'ဟူ၍ဆိုကြကုန်၏။ (၂၅)

၅၄၁။ အကြင်ပုဂ္ဂိုလ်သည် အာသဝလေးပါးတို့ကိုလည်းကောင်း၊ တဏှာဒိဋ္ဌိဟူသော အာလယနှစ်ပါးတို့ကိုလည်းကောင်း ဖြတ်၍ လေးပါးသော မဂ်ဉာဏ်သို့ ရောက်သဖြင့် သိကြားလိမ္မာ၏။ ထိုပုဂ္ဂိုလ်သည် ပဋိသန္ဓေနေခြင်းသို့ မကပ်ရောက်၊ သုံးပါးအပြားရှိသော သညာကိုလည်းကောင်း၊ ကာမဂုဏ်တည်းဟူသော ညွန်ကိုလည်းကောင်း ပယ်ဖျောက်၍ (တဏှာဒိဋ္ဌိ)ဟူသော ကြံစည်မှု 'ကပ္ပ'သို့လည်း မရောက်၊ ထိုပုဂ္ဂိုလ်ကို အရိယာဟူ၍ ဆိုကြကုန်၏။ (၂၆)

၅၄၂။ ဤသာသနာတော်၌ အကြင်ပုဂ္ဂိုလ်သည် စရဏတရားတို့ကြောင့် ရောက် သင့် ရောက်ထိုက်သော အရဟတ္တဖိုလ်သို့ ရောက်၏။ စရဏတရားတို့၌လည်း လိမ္မာ၏။ အခါ ခပ်သိမ်း နိဗ္ဗာန်တရားကိုလည်းသိ၏။ အလုံးစုံသော ခန္ဓာစသောတရားတို့၌ မကပ်ငြိ၊ နှစ်ပါးသော ဝိမုတ္တိတို့ဖြင့် လွတ်မြောက်ပြီးသော စိတ်ရှိ၏။ အကြင်ပုဂ္ဂိုလ်အား စိတ်ထိခိုက်မှု 'ပဋိဃ'တို့သည် မရှိကုန်၊ ထိုပုဂ္ဂိုလ်သည် စရဏရှိသူမည်၏။ (၂၇)

၅၄၃။ အကြင်ပုဂ္ဂိုလ်သည် ဆင်းရဲကျိုးကို ဖြစ်စေတတ်သော အတိတ် အနာဂတ် ပစ္စုပ္ပန်ကံကို မဂ်ဉာဏ်ဖြင့် ပယ်ထုတ်လွှင့်မှုတ်၍ လှည့်ပတ်မှု 'မာယာ'ကိုလည်းကောင်း၊ မာနကိုလည်းကောင်း၊ လောဘ ဒေါသကိုလည်းကောင်း ပိုင်းခြားသိလျက် ကျင့်သုံးပြီးလျှင် နာမ်ရုပ်တို့၏ အဆုံးကို ပြုခဲ့ပြီ၊ အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို ပရိဗ္ဗာဇကဟူ၍ ဆိုကြကုန်၏။ (၂၈)

ထို့နောက် သဘိယပရိဗိုဇ်သည် မြတ်စွာဘုရား ဟောအပ်သောတရားတော်ကို မိမိစိတ်တိုင်းကျဖြစ်သဖြင့် ရွှင်လန်းတက်ကြွကာ နှစ်သိမ့်ဝမ်းမြောက်သည်ဖြစ်၍ နေရာမှ ထကာ လက်ဝဲတစ်ဖက် ပုခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်လျက် မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီ ရှိခိုး၍ မြတ်စွာဘုရား မျက်မှောက်၌ လျောက်ပတ်သော ဂါထာတို့ဖြင့် ချီးမွမ်း၏-

၅၄၄။ မြေကြီးကဲ့သို့ ပြန့်ပြောကြီးကျယ်သော ပညာရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် သာသနာ့ပြင်ပ သမဏတို့၏ အယူဝါဒကိုမှီကုန်သော ဣတ္ထိပုရိသဟူသော ဝေါဟာရနှင့် အမှားကြံစည်မှုတစ်ဆင့်ကြားမှုစသည်တို့၏ အစွမ်းအားဖြင့် ဖြစ်သော ဖောက်ပြန်မှုသညာ ဤနှစ်ပါးကိုလည်းမှီကုန်သော သက်ဆင်းရာ ရေဆိပ်သဖွယ် ဖြစ်ကုန်သော (သက္ကာယဒိဋ္ဌိနှင့်တကွ) မိစ္ဆာအယူ ခြောက်ဆယ့်သုံးပါးတို့ကို ပယ်ဖျောက်တော်မူ၍ သြဃတည်းဟူသော အမိုက်တိုက်ကို လွန်မြောက်တော်မူပါပေ၏။ (၂၉)

၅၄၅။ မြတ်စွာဘုရား အသျှင်ဘုရားသည် ဝဋ်ဆင်းရဲ၏ အဆုံးနိဗ္ဗာန်သို့ ရောက် သူ နိဗ္ဗာန်ဟူသောတစ်ဖက်ကမ်းသို့ ရောက်သူ ဖြစ်တော်မူပါပေ၏။ အသျှင်ဘုရားသည် ပူဇော်အထူးကို ခံထိုက်သူ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိသူ ဖြစ်တော်မူပါပေ၏။ ပညာအရောင်ရှိသူသိစွမ်းနိုင်သော ပညာရှိသူ အဆုံး မရှိသူ ပညာရှိသူ ဖြစ်တော်မူပါပေ၏။ အသျှင်ဘုရားကို အာသဝေါကုန်ခန်းပြီးသူဟု အကျွန်ုပ် ထင်မှတ်ပါ၏။ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုတတ်သော မြတ်စွာဘုရားအသျှင်ဘုရားသည် အကျွန်ုပ်ကို (ယုံမှားခြင်းမှ) ကူးမြောက်စေပါ၏။ (၃ဝ)

၅၄၆။ မြတ်စွာဘုရား အသျှင်ဘုရားသည် အကျွန်ုပ်၏ ယုံမှားခြင်းကို သိတော်မူပါပေ၏။ အကျွန်ုပ်ကို ယုံမှားခြင်းမှ ကူးမြောက်စေပါ၏။ ထို့ကြောင့် အသျှင်ဘုရားအား ရှိခိုးပါ၏။ ရောက်ထိုက်သော အရဟတ္တဖိုလ်သို့ ရောက်တော်မူပြီး ထသော ယုံမှားခြင်းတည်းဟူသော ငြောင့်တံသင်းမရှိထသော နေမင်း၏ အဆွေ ဖြစ်သော မြတ်စွာဘုရား အသျှင်ဘုရားသည် လွန်စွာငြိမ်းအေးသောသူ ဖြစ်တော်မူပါပေ၏။ (၃၁)

၅၄၇။ ရှေးအခါ က ဖြစ်ပေါ်နေသော အကျွန်ုပ်၏ ယုံမှားခြင်းကို စက္ခုငါးပါး ရှိတော်မူသော မြတ်စွာဘုရားသည် ပြောကြားတော်မူပါ၏။ မြတ်စွာဘုရား အသျှင်ဘုရားသည် သစ္စာလေးပါးတရားကို သိတော်မူသော သမ္ဗုဒ္ဓအစစ် ဖြစ်တော်မူပါ၏။ အသျှင်ဘုရားအား အပိတ်အပင် 'နီဝရဏ' တရားတို့မရှိတော့ပါကုန်။ (၃၂)

၅၄၈။ အသျှင်ဘုရားသည် ပြင်းစွာ ပင်ပန်းမှု 'ဥပါယာသ'အားလုံးတို့ကို ဖျက် ဆီးအပ်ပါကုန်ပြီ၊ ကျူပင်ကို နုတ်သကဲ့သို့ နုတ်အပ်ပါကုန်ပြီ၊ (မြတ်စွာဘုရားသည် ) ငြိမ်းအေးသည်ဖြစ်၍ ဣန္ဒြေတို့ကို ဆုံးမပြီးသူ၏ အဖြစ်သို့ ရောက်ပြီးသူ သမာဓိရှိသူမှန်ကန်သော ဝီရိယရှိသူ ဖြစ်တော်မူပါပေ၏။ (၃၃)

၅၄၉။ ရဟန္တာဖြစ်တော်မူသော မြတ်စွာဘုရား ဆင်ပြောင်ကြီးနှင့် တူသော ကြီးမြတ်သော လုံ့လရှိတော်မူသောတရားဒေသနာကို ဟောကြားတော်မူတတ်သော အသျှင်ဘုရားအား နာရဒတောင်၌ နေကြကုန်သော နှစ်မျိုးကုန်သော အာကာသဋ္ဌ ဘုမ္မဋ္ဌနတ်အားလုံးတို့သည် ဝမ်းမြောက်ဝမ်းသာအနုမောဒနာ ပြုကြကုန်၏။ (၃၄)

၅၅ဝ။ ယောကျာ်းအာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား ရှိခိုးပါ၏။ ယောကျာ်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား ရှိခိုးပါ၏။ နတ်နှင့်တကွသော လောက၌ အသျှင်ဘုရားအား တုပြိုင်နိုင်မည့် ပုဂ္ဂိုလ် မရှိပါ။ (၃၅)

၅၅၁။ မြတ်စွာဘုရား အသျှင်ဘုရားသည် သစ္စာလေးပါးကို သိတော်မူပါ၏။ အသျှင်ဘုရားသည် ဆရာဖြစ်တော်မူပါ၏။ အသျှင်ဘုရားသည် မာရ်ငါးပါးကို နှိမ် နင်းတော်မူပါ၏။ အသျှင်ဘုရားသည် အနုသယတို့ကို ဖြတ်တောက်လျက် သံသရာမှ ကူးမြောက်ပြီး ဖြစ်၍ ဤသတ္တဝါအပေါင်းကို သံသရာမှကယ်တင်တော်မူပါပေ၏။ (၃၆)

၅၅၂။ အသျှင်ဘုရားသည် ဥပဓိလေးပါးတို့ကို ကောင်းစွာ လွန်မြောက်ပါကုန်ပြီ၊ အသျှင်ဘုရားသည် အာသဝတို့ကို ခွဲဖျက်အပ်ပါကုန်ပြီ၊ အသျှင်ဘုရားသည် ခြငေ်္သ့ သဖွယ် ဖြစ်တော်မူပါ၏။ တစ်စုံတစ်ရာစွဲလမ်းမှု မရှိသူ ကြောက်ခြင်း ထိတ်လန့်ခြင်းတို့ကို ပယ်ပြီးသူ ဖြစ်တော်မူပါပေ၏။ (၃၇)

၅၅၃။ အဆင်းလှသော ကြာသည် ရေ၌ မလိမ်းကျံသကဲ့သို့ ဤအတူ အသျှင်ဘုရားသည် ကုသိုလ်ကံ၌လည်းကောင်း၊ အကုသိုလ်ကံ၌လည်းကောင်း နှစ်ပါးစုံ၌ မလိမ်းကျံ မကပ်ငြိပါ၊ လုံ့လရှိတော်မူသော မြတ်စွာဘုရား ခြေတော်ကို ဆန့်တန်း တော်မူပါ၊ သဘိယသည်ဆရာဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိိုးပါ၏။ (၃၈)

ထို့နောက် သဘိယပရိဗိုဇ်သည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်၍ မြတ်စွာဘုရားအားအသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏။ ရဟန်းအဖြစ်ကို ရလိုပါ၏''ဟု လျှောက်၏။

သဘိယ သာသနာတော်၌ တစ်ပါးသော အယူရှိသည့် တိတ္ထိဖြစ်ဖူးသောသူသည် ဤသာသနာတော်၌ ရှင်အဖြစ်ကို ရလိုမူ၊ ရဟန်းအဖြစ်ကို ရလိုမူ လေးလတို့ပတ်လုံး အစမ်းကျင့်သုံးရ၏။ လေးလလွန်သောအခါ ရဟန်းတို့သည် ကျေနပ်သော စိတ်ရှိကြလျှင် ရှင်ပြုပေးကုန်လတ္တံ့၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးကုန်လတ္တံ့၊သို့သော် ဤအရာ၌ ငါသည်ကား ပုဂ္ဂိုလ်တို့၏ ခြားနားသည့်အဖြစ်ကို သိတော်မူ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား သာသနာတော်၌ တစ်ပါးသော အယူရှိသည့် တိတ္ထိဖြစ်ဖူးသောသူတို့သည် ဤသာသနာတော်၌ ရှင်အဖြစ်ကို ရလိုကုန်မူ ရဟန်းအဖြစ်ကို ရလိုကုန်မူ လေးလတို့ပတ်လုံး အစမ်းကျင့်သုံးကြရကုန်ငြားအံ့၊ လေးလလွန်သောအခါ ရဟန်းတို့ ကျေနပ်သော စိတ်ရှိကြလျှင်ရှင်ပြုပေးကုန်ငြားအံ့၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးကုန်ငြားအံ့၊ အကျွန်ုပ်သည် လေးနှစ်တို့ပတ်လုံးအစမ်းကျင့်သုံးပါမည်၊ လေးနှစ်လွန်သောအခါ ရဟန်းတို့သည် ကျေနပ်သော စိတ်ရှိကြလျှင်ရှင်ပြုပေးတော်မူကြပါစေ၊ ရဟန်း အဖြစ်သို့ မြှင့်တင်ပေးတော်မူကြပါစေဟု (လျှောက်၏)၊ သဘိယပရိဗိုဇ်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလေ၏။ ရဟန်းအဖြစ်ကို ရလေ၏။ အသျှင်သဘိယသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။

ခြောက်ခုမြောက် သဘိယသုတ် ပြီး၏။