သုတ္တနိပါတ်ပါဠိတော်

၇-သေလသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် အင်္ဂုတ္တရာပတိုင်းတို့၌ တစ်ထောင့်နှစ်ရာ့ငါးကျိပ်သော များစွာသော ရဟန်းအပေါင်းတို့နှင့်အတူ ဒေသစာရီကို လှည့်လည်သည်ရှိသော် အင်္ဂုတ္တရာပတိုင်း အာပဏနိဂုံးသို့ ဆိုက်ရောက်တော်မူ၏။ ကေဏိယရသေ့သည် ''အချင်းတို့သာကီဝင်မင်းသား ဖြစ်သော သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် ရဟန်းဂေါတမသည် တစ်ထောင့်နှစ်ရာ့ငါးကျိပ်သော များစွာသော ရဟန်းအပေါင်းတို့နှင့်အတူ ဒေသစာရီလှည့်လည်တော်မူရာ အင်္ဂုတ္တရာပတိုင်းအာပဏနိဂုံးသို့ ဆိုက်ရောက်လာသတတ်၊ ထိုအသျှင်ဂေါတမအား ဤသို့ ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ တက်၏-'ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ' မည်တော်မူ၏။ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော အကြောင်းကြောင့်လည်း 'သမ္မာသမ္ဗုဒ္ဓ' မည်တော်မူ၏။ အသိဉာဏ် 'ဝိဇ္ဇာ'အကျင့်'စရဏ'နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူ၏။ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း 'သုဂတ' မည်တော်မူ၏။ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူ၏။ ဆုံးမထိုက်သောသူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ'မည်တော်မူ၏။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတ္ထာ ဒေဝမနုဿာနံ'မည်တော်မူ၏။ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ'မည်တော်မူ၏။ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူ၏'ဟု ပျံ့နှံ့၍ တက်၏။ ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့်သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့ လောကကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်းအလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသောတရားကို ဟောတော်မူ၏။ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။ ထိုသို့ သဘောရှိသော ရဟန္တာပုဂ္ဂိုလ်တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း''ဟု ကြားသိလေ၏။

ထို့နောက် ကေဏိယရသေ့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်၏။ တစ်ခုသောနေရာ၌ ထိုင်ပြီးသော ကေဏိယရသေ့အား မြတ်စွာဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်စေ ရွှင်လန်းစေတော်မူ၏။ ထိုအခါ ကေဏိယရသေ့သည် မြတ်စွာဘုရားက တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ ရွှင်လန်းစေပြီးသော် မြတ်စွာဘုရားကို ''အသျှင်ဂေါတမသည် ကောင်းမှုအလို့ငှါ ရဟန်းသံဃာနှင့် အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ''ဟု (လျှောက်၏)၊ ဤသို့ လျှောက်ထားသော် ''ကေဏိယ ရဟန်းသံဃာကား များလှ၏။ တစ်ထောင့်နှစ်ရာငါးကျိပ် အရေအတွက် ရှိ၏။ သင်သည်ကား ပုဏ္ဏားတို့အပေါ်၌ အလွန်ကြည်ညိုသူတည်း''ဟု မြတ်စွာဘုရားက မိန့်တော်မူ၏။

နှစ်ကြိမ်မြောက်လည်း ကေဏိယရသေ့သည် မြတ်စွာဘုရားအား ''အသျှင်ဂေါတမ တစ်ထောင့်နှစ်ရာငါးကျိပ်အရေအတွက်ရှိသော ရဟန်းသံဃာတို့သည် အကယ်၍ များသည်ဖြစ်စေကာမူ အကျွန်ုပ်သည်လည်းပုဏ္ဏားတို့အပေါ်၌ အလွန်ကြည်ညိုသူ ဖြစ်စေကာမူ အသျှင်ဂေါတမသည် နက်ဖြန် ကောင်းမှုအလို့ငှါရဟန်းသံဃာနှင့်အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ''ဟု လျှောက်၏။ နှစ်ကြိမ်မြောက်လည်းမြတ်စွာဘုရားသည် ကေဏိယရသေ့ကို ''ကေဏိယ ရဟန်းသံဃာကား များလှ၏။ တစ်ထောင့်နှစ်ရာငါးကျိပ် အရေအတွက် ရှိ၏။ သင်သည်လည်း ပုဏ္ဏားတို့အပေါ်၌ အလွန်ကြည်ညိုသူတည်း''ဟု မိန့်တော်မူ၏။

သုံးကြိမ်မြောက်လည်း ကေဏိယရသေ့သည် မြတ်စွာဘုရားအား ''အသျှင်ဂေါတမ တစ်ထောင့်နှစ်ရာငါးကျိပ်အရေအတွက်ရှိသော ရဟန်းသံဃာတို့သည် အကယ်၍ များသည်ဖြစ်စေကာမူ အကျွန်ုပ်သည်လည်းပုဏ္ဏားတို့အပေါ်၌ အလွန်ကြည်ညိုသူ ဖြစ်စေကာမူ အသျှင်ဂေါတမသည် နက်ဖြန် ကောင်းမှုအလို့ငှါရဟန်းသံဃာနှင့်အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ''ဟု (လျှောက်၏)၊ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူ၏။ ထိုအခါ ကေဏိယရသေ့သည် မြတ်စွာဘုရား့လက်ခံတော်မူသည်ကို သိ၍ နေရာမှထကာ မိမိသင်္ခမ်းကျောင်းသို့ ချဉ်းကပ်၍ မိတ်ဆွေခင်ပွန်းနှင့်ဆွေမျိုးသားချင်းတို့ကို ပြောဆို၏ ''မိတ်ဆွေခင်ပွန်းနှင့် ဆွေမျိုးသားချင်းတို့ အကျွန်ုပ်၏ (စကားကို) နားထောင်ကုန်လော့၊ ငါသည် နက်ဖြန် ကောင်းမှုအလို့ငှါ ရဟန်းသံဃာနှင့်အတူ ရဟန်းဂေါတမကို ဆွမ်းဖြင့် ပင့်ဖိတ်ခဲ့၏။ ယင်းသို့ ဖိတ်ပြီးဖြစ်သောကြောင့် ငါ့အတွက်ကိုယ်ဖြင့် ပြုရမည့် ဝေယျာဝစ္စကို ပြုလှည့်ကြပါကုန်လော့''ဟု ပြောဆို၏။

''အသျှင် ကောင်းပါပြီ''ဟု ကေဏိယရသေ့၏ မိတ်ဆွေခင်ပွန်းနှင့် ဆွေမျိုးသားချင်းတို့သည် ကေဏိယရသေ့အား ဝန်ခံကြကုန်ပြီး၍ အချို့သူတို့သည် ခုံလောက်တို့ကို တူးကြကုန်၏။ အချို့သူတို့သည် ထင်းတို့ကို ခွဲကြကုန်၏။ အချို့သူတို့သည် အိုးခွက်တို့ကို ဆေးကြောကြကုန်၏။ အချို့သူတို့သည် ရေအိုးစရည်းကြီးကို တည်ထားကြကုန်၏။ အချို့သူတို့သည် နေရာတို့ကို ခင်းကြကုန်၏။ ကေဏိယရသေ့သည်ကား ကိုယ်တိုင်ပင် တန်ဆောင်းဝန်းကို စီရင်၏။

ထိုအခါ သေလပုဏ္ဏားသည် အာပဏနိဂုံး၌ နေ၏။ ထိုသေလပုဏ္ဏားသည် ဝေဒကျမ်းလာ ဂါထာတို့ကို ရွတ်ဆိုတတ်၏။ ဝေဒကျမ်းတို့ကို ဆောင်၏။ အဘိဓာန် 'နိဃဏ္ဍု' ကျမ်း အလင်္ကာ 'ကေဋုဘ' ကျမ်း သဒ္ဒါ 'အက္ခရပ္ပဘေဒ' ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်း၁နှင့်တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏။ ပဒကျမ်း၂ကို တတ်၏။ ဗျာကရုဏ်းကျမ်း၃ကို တတ်၏။ လောကာယတကျမ်း၄ မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏။ လုလင်ပျိုသုံးရာတို့ကို ဗေဒင်ကျမ်းတို့ကို သင်ကြားပို့ချပေး၏။

ထိုစဉ်အခါ၌ ကေဏိယရသေ့သည် သေလပုဏ္ဏားအပေါ်၌ အလွန်ကြည်ညို၏။ ထိုအခါ၌ သေလပုဏ္ဏားသည် လုလင်ပျို သုံးရာခြံရံလျက် အညောင်းပြေ လမ်းလျှောက်ခြင်းဖြင့် စင်္ကြံသွားလာလှည့်လည်စဉ်ကေဏိယရသေ့၏ သင်္ခမ်းကျောင်းသို့ ချဉ်းကပ်လေ၏။ သေလပုဏ္ဏားသည် ကေဏိယရသေ့၏ သင်္ခမ်းကျောင်း၌ အချို့သူတို့က ခုံလောက်တို့ကို တူးကြသည်တို့ကိုလည်းကောင်း။ပ။ အချို့သူတို့ကနေရာခင်း ကြသည်တို့ကိုလည်းကောင်း၊ ကေဏိယရသေ့ကကိုယ်တိုင်ပင် တန်ဆောင်းဝန်းကို စီရင်နေသည်ကိုလည်းကောင်း မြင်လေလျှင် ကေဏိယရသေ့အား ဤစကားကို ဆို၏''အသျှင်ကေဏိယရသေ့အား သတို့သမီးကို ဆောင်ယူခြင်း'အာဝါဟ' မင်္ဂလာသော်လည်း ဖြစ်ပါသလော၊ သတို့သမီးကို ပေးခြင်း 'ဝိဝါဟ' မင်္ဂလာသော်လည်း ဖြစ်ပါသလော၊ ယဇ်ကြီးပူဇော်ခြင်းကိုသော်လည်းစီရင်အပ်ပါသလော၊ များသော စစ်သည်ရှိသော မဂဓတိုင်းရှင် ဗိမ္ဗိသာရမင်းကိုသော်လည်းဗိုလ်ပါအပေါင်းနှင့်တကွ နက်ဖြန် ထမင်းစားရန် အလို့ငှါ ဖိတ်ကြားထားပါသလော''ဟု ဆို၏။

အသျှင်သေလ အကျွန်ုပ်အား သတို့သမီးကို ဆောင်ယူခြင်း 'အာဝါဟ' မင်္ဂလာသော်လည်း မဖြစ်ပါ၊ သတို့သမီးကို ပေးခြင်း 'ဝိဝါဟ' မင်္ဂလာသော်လည်း မဖြစ်ပါ၊ များသော စစ်သည်ရှိသော မဂဓတိုင်းရှင်ဗိမ္ဗိသာရမင်းကိုသော်လည်း ဗိုလ်ပါအပေါင်းနှင့်တကွ နက်ဖြန် ထမင်းစားရန် အလို့ငှါ ဖိတ်ကြားမထားပါ၊ စင်စစ်မှာမူ အကျွန်ုပ်သည် ယဇ်ကြီးပူဇော်ခြင်းကို စီရင်နေပါသည်၊ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့်ရဟန်းဂေါတမသည် အင်္ဂုတ္တရာပတိုင်းတို့၌ ဒေသစာရီလှည့်လည်တော်မူရာ တစ်ထောင့်နှစ်ရာ့ငါးကျိပ်သော များစွာသော ရဟန်းအပေါင်းနှင့်အတူ အာပဏနိဂုံးသို့ ဆိုက်ရောက်လာတော်မူ၏။ ထိုအသျှင်ဂေါတမ၏။ပ။ သစ္စာလေးပါးတရားတို့ကို သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူ၏။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူ၏ဟု ကျော်စောသတင်းသည်ပျံ့နှံ့၍ တက်၏။ အကျွန်ုပ်သည် နက်ဖြန် ကောင်းမှုအလို့ငှါ ရဟန်း သံဃာနှင့်အတူထိုမြတ်စွာဘုရားကို ဆွမ်းဖြင့် ပင့်ဖိတ်ထားပါ၏ဟု ပြောဆို၏။ အသျှင်ကေဏိယ ''ဘုရား''ဟု သင်ဆိုသလော၊ အသျှင်သေလ ''ဘုရား''ဟု အကျွန်ုပ်ဆိုပါ၏။ အသျှင်ကေဏိယ ''ဘုရား''ဟု သင်ဆိုသလော၊ အသျှင်သေလ ''ဘုရား''ဟု အကျွန်ုပ်ဆိုပါ၏ဟု ပြောဆို၏။

ထိုအခါ သေလပုဏ္ဏားအား ဤအကြံသည် ဖြစ်၏ ''ဘုရားဟူသော ဤအသံမျှသည်လည်း လောက၌ ကြားရခဲလှ၏။ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ် လက္ခဏာတို့သည် ငါတို့၏ ဝေဒကျမ်းတို့၌ လာကုန်၏။ ယင်းလက္ခဏာတို့နှင့် ပြည့်စုံသော ယောကျာ်းမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင် ရှိကုန်၏။ အခြားသော အဖြစ်တို့ကား မရှိကုန်၊ (ထိုယောကျာ်းမြတ်သည်) အကယ်၍ လူ့ဘောင်၌ နေခဲ့မူတရားစောင့်သောတရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်မြင်သောတိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်း ဖြစ်နိုင်၏။ ထို (စကြဝတေးမင်း)အား စကြာရတနာ ဆင်ရတနာ မြင်းရတနာပတ္တမြားရတနာ မိဖုရားရတနာ သူဌေးရတနာ ခုနစ်ခုမြောက် သားကြီးရတနာဟူကုန်သော ဤရတနာခုနစ်ပါးတို့သည် ဖြစ်ပေါ်ကုန်၏။ ထိုစကြဝတေးမင်းအား ရဲရင့်ကုန်သောသူရဲကောင်းအင်္ဂရုပ်ရှိကုန်သောတစ်ဖက်စစ်သည်တို့ကို နှိမ်နှင်းနိုင်ကုန်သော အထောင်မကသော သားတော်တို့သည် ရှိကုန်၏။ ထိုစကြဝတေးမင်းသည် သမုဒ္ဒရာအဆုံးရှိသော ဤမြေကို တုတ်မဆောင်မူ၍ လက်နက်မဆောင်မူ၍ တရားသဖြင့် အောင်မြင်လျက် အုပ်စိုးနိုင်၏။ အကယ်၍ လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပြုခဲ့မူ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော လောက၌ (ကိလေသာ) အပိတ်အဖုံးကို ဖွင့်လှစ်ပြီးသော ဘုရားဖြစ်နိုင်၏''ဟု အကြံဖြစ်၏။ အသျှင်ကေဏိယ ပူဇော်အထူးကို ခံတော်မူထိုက်သော (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ထိုအသျှင်ဂေါတမသည် ယခု အဘယ်အရပ်၌ နေပါသနည်း။

ဤသို့ ဆိုလတ်သော် ကေဏိယရသေ့သည် လကျာ်လက်ကို မြှောက်ချီ၍ သေလပုဏ္ဏားအား ''အသျှင်သေလ ဤစိမ်းညိုသော တောအရေးရှိသောအရပ်၌ နေ၏''ဟု ပြောဆို၏။ ထိုအခါ သေလပုဏ္ဏားသည်လုလင်ပျိုသုံးရာတို့နှင့်အတူ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။ ထိုအခါ သေလပုဏ္ဏားသည်ထိုလုလင်တို့ကို ''အမောင်တို့ တိုးတိုးတိတ်တိတ် လာကြကုန်လော့၊ ထပ်ကြပ်မကွာ ဖြည်းဖြည်းလိုက်လာကြကုန်လော့၊ ခြငေ်္သ့မင်းကဲ့သို့ တစ်ပါးတည်း နေတော်မူကြကုန်သော ထိုမြတ်စွာဘုရားတို့ကို ချဉ်းကပ်ရန် ခဲယဉ်းကုန်၏။ အမောင်တို့ ငါသည် ရဟန်းဂေါတမနှင့်အတူ တိုင်ပင်ပြောဆိုသောအခါ သင်တို့သည် ငါ၏စကားကို ကြားဖြတ်ဝင်၍ မပြောကြကုန်လင့်၊ သင်တို့သည် ငါ၏စကားပြီးဆုံးသည့်တိုင်အောင် ဆိုင်းငံ့ကြကုန်လော့''ဟု ပြောဆို၏။

ထို့နောက် သေလပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီး၍တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရား၏ကိုယ်တော်၌ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့ကို ကြည့်ရှုရှာဖွေ၏။ သေလပုဏ္ဏားသည် မြတ်စွာဘုရား၏ကိုယ်တော်၌ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့ကို များသောအားဖြင့် မြင်၏။ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့်ဖုံးလွှမ်းသော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သော လျှာတော်၌လည်းကောင်း (ဤမမြင်ရသော) ယောကျာ်းမြတ်လက္ခဏာနှစ်ပါးတို့၌ ယုံမှား၏။ တွေးတောယုံမှား၏။ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။

ထိုအခါ မြတ်စွာဘုရားအား ဤအကြံဖြစ်၏ ''ဤသေလပုဏ္ဏားသည် ငါ၏ သုံးဆယ့်နှစ်ပါးသော ယောကျာ်း မြတ်လက္ခဏာတို့ကို များသောအားဖြင့် မြင်၏။ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့်ဖုံးလွှမ်းသော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သော လျှာတော်၌လည်းကောင်း (ဤမမြင်ရသော) ယောကျာ်းမြတ် လက္ခဏာနှစ်ပါးတို့၌ ယုံမှား၏။ တွေးတောယုံမှား၏။ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်၊ ငါသည် တန်ခိုးဖန်ဆင်းပြရမူ ကောင်းလေစွ''ဟု အကြံဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် အအိမ်ဖြင့်ဖုံးလွှမ်းသော ပုရိသနိမိတ်ကို သေလပုဏ္ဏား မြင်နိုင်ရန် တန်ခိုးဖန်ဆင်းတော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် လျှာတော်ကို ထုတ်၍ နားတွင်းနှစ်ဖက်တို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏။ နှာခေါင်းပေါက်နှစ်ခုတို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏။ အလုံးစုံသော နဖူးပြင်ကိုလည်းလျှာဖြင့် ဖုံးအုပ်တော်မူ၏။

ထိုအခါ သေလပုဏ္ဏားအား ဤအကြံဖြစ်၏ ''ရဟန်းဂေါတမသည် တင်းတင်းပြည့်ညီသော သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့နှင့် ပြည့်စုံ၏။ တင်းတင်းမပြည့်ညီသော လက္ခဏာတို့နှင့်ပြည့်စုံသည် မဟုတ်ပေ၊ ငါသည် ရဟန်းဂေါတမကို 'ဘုရားဟူ၍လည်းကောင်း ဘုရားမဟုတ်'ဟူ၍လည်းကောင်း မသိ၊ စင်စစ်မှာမူ (အသက်) ကြီးကုန်သော (အရွယ်) ရင့်ကုန်သော ဆရာအဆက်ဆက် ပြောဆိုကြကုန်သော ပုဏ္ဏားတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားရှင်တို့သည် မိမိဂုဏ်ကျေးဇူးကို ပြောဆိုအပ်သည်ရှိသော် မိမိကိုယ်ကို ထင်ရှားပြုကုန်၏ဟူသော စကားကို ငါ ကြားဖူးသည်သာတည်း၊ ငါသည် ရဟန်းဂေါတမကို မျက်မှောက်၌ လျောက်ပတ်သော ဂါထာတို့ဖြင့် ချီးမွမ်းရမူကား ကောင်းလေစွ''ဟု (အကြံဖြစ်၏)၊ ထို့နောက် သေလပုဏ္ဏားသည် မြတ်စွာဘုရား မျက်မှောက်၌ လျောက်ပတ်သော ဂါထာတို့ဖြင့် ချီးမွမ်း၏-

၅၅၄။ ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် မဟာပုရိသလက္ခဏာတို့နှင့် တင်းတင်းပြည့်ညီသော ကိုယ် ရှိတော်မူပါပေ၏။ ကောင်းသော ကိုယ်တော်ရောင် ရှိတော်မူပါပေ၏။ လုံးရပ်သဏ္ဌာန်တို့ဖြင့် ကောင်းစွာ ဖြစ်တော်မူပါပေ၏။ ကြည့်ရှုသူတို့နှစ်သက်စဖွယ် တင့်တယ်သော အဆင်း ရှိတော်မူပါပေ၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိတော်မူပါပေ၏။ ဖွေးဖွေးဖြူစင်သော စွယ်တော်ရှိတော်မူပါပေ၏။ (၁ဝ)

၅၅၅။မှန်၏-လုံးရပ်သဏ္ဌာန်တို့ဖြင့် ကောင်းစွာ ဖြစ်သော ယောကျာ်းမြတ်၏ကိုယ်၌ မဟာပုရိသလက္ခဏာတို့သည် ထင်ရှားပြလျက် ဖြစ်ပေါ်နေကုန်သကဲ့သို့ အသျှင်ဘုရား၏ကိုယ်တော်၌လည်း မဟာပုရိသလက္ခဏာအားလုံးတို့သည် ထင်ရှား ပြလျက် ဖြစ်ပေါ်နေပါကုန်၏။ (၂)

၅၅၆။ မြတ်စွာဘုရား အသျှင်ဘုရားသည် ကြည်လင်သော မျက်လုံးတော် ရှိ တော်မူသည်လပြည့်ဝန်းကဲ့သို့ တင့်တယ်သော မျက်နှာရှိတော်မူသည် လုံးရပ် သဏ္ဌာန်ပြည့်စုံသဖြင့် ကျယ်ပြန့်တော်မူ၍ဗြဟ္မာမင်း၏ကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိတော်မူသည် တောက်ပသော အရောင်ရှိတော်မူသည်ဖြစ်၍ ရဟန်း အပေါင်း၏ အလယ်၌ နေမင်းကဲ့သို့ တင့်တယ်တော်မူပါပေ၏။ (၃)

၅၅၇။ ရဟန်း (အသျှင်ရဟန်းသည် ) ကြည့်ရှုသူတို့၏ မျက်စိ၌ ကောင်းသော အမြင် ရှိတော်မူ၏။ ရွှေနှင့်တူသော ကိုယ်ရေအဆင်း ရှိတော်မူ၏။ ဤသို့လျှင် မြတ်သော အဆင်းနှင့် ပြည့်စုံသော အသျှင်ဘုရားအား ရဟန်း၏အဖြစ်ဖြင့် အဘယ်အကျိုး ရှိပါအံ့နည်း။ (၄)

၅၅၈။ (အသျှင်ဘုရားသည် ) သမုဒ္ဒရာလေးစင်း အပိုင်းအခြား ရှိသည့်မြေကို အစိုးရသော ရန်အပေါင်းကို အောင်မြင်သော ဇမ္ဗူဒိပ်နှင့်တကွ လေးကျွန်းလုံးကို အစိုးရသော ရထားစီး မင်းတကာတို့ထက်မြတ်သော စကြဝတေးမင်းဖြစ်ရန် ထိုက်တန်ပါပေ၏။ (၅)

၅၅၉။ မင်းမျိုးမင်းနွယ်တို့သည်လည်းကောင်း၊ မြို့ စားရွာစား မင်းတို့သည်လည်းကောင်း၊ ဘိသိက်ခံပြီးမင်းတို့သည်လည်းကောင်း အသျှင်၏ နောက်လိုက် အရံမင်း ဖြစ်ကြပါစေ၊ ဂေါတမနွယ်ဖွားမြတ်စွာဘုရား (အသျှင်ဘုရားသည် ) လူတို့ကို အစိုးရသော မင်းတကာတို့ ပူဇော်ထိုက်သော စကြဝတေးမင်း ပြုတော်မူပါဟု (လျှောက်၏)။ (၆)

၅၆ဝ။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

သေလ ငါသည် မင်းဖြစ်၏။ အတုမရှိ တရားမင်း ဖြစ်၏။ (ထိုငါသည်) တရားဖြင့် အာဏာစက်ကို လည်စေတော်မူ၏။ တစ်ဦးတစ်ယောက်မျှ မလည်စေနိုင်သော ဓမ္မစက်ကို လည်စေတော်မူ၏။ (၇)

၅၆၁။ (သေလပုဏ္ဏားသည် ဤသို့ လျှောက်၏) -

ဂေါတမနွယ်ဖွား မြတ်စွာဘုရား အသျှင်ဘုရားသည် ဘုရားဟူ၍ ဝန်ခံတော်မူပါ၏။ အတုမရှိသောတရားမင်း ဖြစ်၏။ တရားဖြင့် အာဏာစက်ကို လည်စေ၏ဟု မိန့်ဆိုတော်မူပါ၏။ (၈)

၅၆၂။ ဆရာ့အလိုသို့ လိုက်၍ အသျှင်၏စကားကို နာယူသော စစ်သူကြီးကား အဘယ်သူပါနည်း၊ အသျှင်သခင် လည်စေအပ်သော ဓမ္မစက်ကို အဘယ်သူသည် အတုလိုက်၍ လည်စေပါသနည်း။ (၉)

၅၆၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

သေလ ငါသည် ဓမ္မစက်ကို လည်စေအပ်ပြီ၊ မြတ်စွာဘုရား၏ အနုဇာတသား ဖြစ်သော သာရိပုတ္တရာသည် အတုမရှိ မြတ်သော ဓမ္မစက်ကို အတုလိုက်၍ လည် စေ၏။ (၁ဝ)

၅၆၄။ ပုဏ္ဏား ငါသည် ထူးသောဉာဏ်ဖြင့် သိထိုက်သော ဝိဇ္ဇာနှင့်ဝိမုတ္တိကို ထူးသောဉာဏ်ဖြင့် သိသူပွါးများထိုက်သော မဂ္ဂသစ္စာတရားကို ပွါးများပြီးသူ ပယ်ထိုက်သော သမုဒယသစ္စာကို ပယ်ပြီးသူဖြစ်သောကြောင့် သစ္စာလေးပါးကို သိပြီးသူ 'ဗုဒ္ဓ' ဖြစ်၏။ (၁၁)

၅၆၅။ ပုဏ္ဏား ငါ့အပေါ်၌ ယုံမှားမှု 'ကင်္ခါ'ကို ပယ်ဖျောက်လော့၊ အတိအကျ ဆုံးဖြတ်လော့၊ မြတ်စွာဘုရားတို့အား ဖူးမြော်ရခြင်းသည် အလွန်ပင် ရခဲလှ၏။ (၁၂)

၅၆၆။ ပုဏ္ဏား လောက၌ သမ္ဗုဒ္ဓဘုရားတို့၏ ထင်ရှားဖြစ်ပေါ်မှုသည် အလွန်ပင် ရခဲလှ၏။ ငါသည် (ရာဂစသော) မြားငြောင့်တို့ကို ပယ်နုတ်ပြီးသူဖြစ်၍ မိမိထက် လွန်မြတ်သူ မရှိသော သမ္ဗုဒ္ဓဘုရားပင်တည်း။ (၁၃)

၅၆၇။ ဗြဟ္မမင်းသဖွယ်ဖြစ်သော နှိုင်းရှည့်မှုအတုကို လွန်တော်မူပြီးသော မာရ် စစ်သည်အပေါင်းကို နှိမ်နင်းပြီးသော ငါသည် ရန်သူအားလုံးကို အလိုသို့ လိုက်ပါစေ၍ တစ်စုံတစ်ခုမျှ ဘေးမခဘဲဝမ်းမြောက်ရ၏။ (၁၄)

၅၆၈။ အမောင်လုလင်တို့ ငါးပါးသော မျက်စိအမြင်ရှိသည်ဖြစ်၍ (ရာဂစသော) မြားငြောင့်ကို ပယ်နုတ်ပြီးသော ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရားသည် တော (အတွင်း) ဝယ်ခြငေ်္သ့မင်းဟောက်သကဲ့သို့ ဟောတော်မူအပ်သော စကားတော်ကို နာယူမှတ်သားကြကုန်လော့။ (၁၅)

၅၆၉။ ဗြဟ္မမင်းသဖွယ်ဖြစ်သော နှိုင်းရှည့်မှုအတုကို လွန်တော်မူပြီးသော မာရ် စစ်သည်အပေါင်းကို နှိမ်နင်းတော်မူပြီးသော မြတ်စွာဘုရားကို ဖူးမြင်ရမူ အမျိုး ဇာတ် ယုတ်နိမ့်သူပင် ဖြစ်ငြားသော်လည်းအဘယ်သူသည် မကြည်ညိုဘဲ ရှိအံ့ နည်း။ (၁၆)

၅၇ဝ။ ငါသည် ဤအရပ်၌ မြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရား၏ အထံ၌ ရဟန်းပြုတော့အံ့၊ ရဟန်းပြုလိုသူသည် ငါ့ကို အတုလိုက်၍ ရဟန်းပြုလော့၊ ရဟန်း မပြုလိုသူသည် အလိုရှိရာသွားပါလေလော့ (ဟု ဤသို့ တပည့်တို့ကို ပြောဆို၏)။ (၁၇)

၅၇၁။ အသျှင်၏စိတ်သည် မြတ်စွာဘုရား သာသနာတော်၌ (ရဟန်းပြုရန်) အကယ်၍ နှစ်သက်ခဲ့ပါမူအကျွန်ုပ်တို့သည်လည်း မြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရား၏ အထံ၌ ရဟန်းပြုကြပါကုန်အံ့ (ဤသို့ တပည့်တို့က ဆိုကုန်၏)။ (၁၈)

၅၇၂။ မြတ်စွာဘုရား သုံးရာသော ဤပုဏ္ဏားတို့သည် လက်အုပ်ချီကြကုန်လျက် (ရဟန်းပြုရန်) တောင်းပန်ကြပါကုန်၏။ (အကျွန်ုပ်တို့သည်) အသျှင်ဘုရား၏ အထံတော်၌ အကျင့်မြတ်ကို ကျင့်သုံးလိုပါကုန်၏။ (၁၉)

၅၇၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

သေလ အကြင်အကျင့်ကို ကျင့်သည်ရှိသော် မမေ့မလျော့မူ၍ ကျင့်သော အမျိုး ကောင်းသား၏ရဟန်းအဖြစ်သည် အချည်းနှီး မဖြစ်နိုင်၊ ကောင်းစွာ ဟောအပ်သော မျက်မှောက်ထင်ထင်ကိုယ်တိုင်သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော ထိုအကျင့်မြတ်ကို ကျင့်ကြကုန်လော့။ (၂ဝ)

သေလပုဏ္ဏားသည် ပရိသတ်နှင့်တကွ မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလေ၏။ ရဟန်း အဖြစ်ကို ရလေ၏။ ထို့နောက် ကေဏိယရသေ့သည် ထိုညဉ့်ကို လွန်သောအခါ မိမိသင်္ခမ်းကျောင်း၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီရင်စေပြီးလျှင် မြတ်စွာဘုရားအား ''အသျှင်ဘုရား အချိန်တန်ပါပြီ၊ ဆွမ်းစီမံပြီးပါပြီ''ဟု အချိန်တန်ကြောင်းကို လျှောက်ကြားစေ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက် အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ကေဏိယရသေ့၏ သင်္ခမ်းကျောင်းသို့ ကြွတော်မူပြီးလျှင် ခင်းထားအပ်သောနေရာ၌ ရဟန်းသံဃာနှင့်အတူ ထိုင်နေတော်မူ၏။

ထိုအခါ ကေဏိယရသေ့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့်ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ မြတ်စွာဘုရားသည် ဆွမ်းစားပြီး၍ သပိတ်မှ လက်တော်ကို ဖယ်ပြီးသောအခါ ကေဏိယရသေ့သည် နိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသောနေရာ၌ ထိုင်နေ၏။ တစ်ခုသောနေရာ၌ ထိုင်နေသော ကေဏိယရသေ့အားမြတ်စွာဘုရားသည် ဤဂါထာတို့ဖြင့် အနုမောဒနာပြုတော်မူ၏-

၅၇၄။ (ကေဏိယ) ယဇ်ပူဇော်ခြင်းတို့သည် မီးပူဇော်ခြင်းလျှင် ရှေ့သွား ရှိကုန်၏။ သာဝိတ္တိမည်သော ဂါထာသည် ဆန်းကျမ်း၏ အစအဦး ဖြစ်၏။ မင်းသည် လူတို့၏ အကြီးအမှူး ဖြစ်၏။ သမုဒ္ဒရာသည်မြစ်တို့၏ အကြီးအမှူး ဖြစ်၏။ (၂၁)

၅၇၅။ လသည် နက္ခတ်တို့၏ အကြီးအမှူးဖြစ်၏။ နေသည် ထွန်းလင်းတောက်ပသော ဆီမီးပတ္တမြားစသည်တို့၏ အကြီးအမှူးဖြစ်၏။ သံဃာတော်သည် စင်စစ် ကောင်းမှုကို အလိုရှိ၍ပူဇော်လှှူဒါန်းသောသူတို့၏ သုံးပါးသော ချမ်းသာ၏ အကြောင်းဖြစ်၏ဟု (အနုမောဒနာ ပြုတော်မူ၏)။ (၂၂)

မြတ်စွာဘုရားသည် ကေဏိယရသေ့ကို ဤဂါထာတို့ဖြင့် အနုမောဒနာပြုတော်မူပြီးလျှင် နေရာမှထ၍ဖဲကြွတော်မူ၏။ ထို့နောက် အသျှင်သေလသည် ပရိသတ်နှင့်တကွ တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းထန်သော လုံ့လရှိကာ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍နေသည်ရှိသော် မကြာမြင့်မီပင်။ပ။ ပရိသတ်နှင့်တကွ အသျှင်သေလသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။

ထို့နောက် အသျှင်သေလသည် ပရိသတ်နှင့်တကွ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက်ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်၍ လက်အုပ်ချီကာ မြတ်စွာဘုရားအား ဂါထာဖြင့် ရွတ်ဆိုလျှောက်ထား၏-

၅၇၆။ ငါးပါးသော မျက်စိအမြင်ရှိသော မြတ်စွာဘုရား (အကျွန်ုပ်တို့သည်) ဤနေ့မှ စ၍ ရေတွက်သော်ရှစ်ရက်မြောက်သော နေ့၌ အသျှင်ဘုရားကို ကိုးကွယ် ရာဟူ၍ ဆည်းကပ်ကြပါကုန်၏။ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့သည် ခုနစ်ညဉ့်မျှဖြင့် အသျှင်ဘုရား၏သာသနာတော်၌ ယဉ်ကျေးသူတို့ ဖြစ်ကြရပါကုန်၏။ (၂၃)

၅၇၇။ (မြတ်စွာဘုရား) အသျှင်ဘုရားသည် သစ္စာလေးပါးကို သိတော်မူပါ၏။ အသျှင်ဘုရားသည် ဆရာဖြစ်တော်မူပါ၏။ အသျှင်ဘုရားသည် မာရ်ငါးပါးကို နှိမ်နင်းတော်မူပါပေ၏။ အသျှင်ဘုရားသည် အနုသယတို့ကို ဖြတ်တောက်လျက် သံသရာမှ ကူးမြောက်ပြီးဖြစ်၍ ဤသတ္တဝါအပေါင်းကို သံသရာမှ ကယ်တင်တော်မူပါပေ၏။ (၂၄)

၅၇၈။ အသျှင်ဘုရားသည် ဥပဓိလေးပါးတို့ကို ကောင်းစွာ လွန်မြောက်ပါကုန်ပြီ၊ အသျှင်ဘုရားသည် အာသဝတို့ကို ခွဲဖျက်အပ်ပါကုန်ပြီ၊ အသျှင်ဘုရားသည် ခြငေ်္သ့ သဖွယ် ဖြစ်တော်မူပါပေ၏။ တစ်စုံတစ်ရာစွဲလမ်းမှုမရှိသူ ကြောက်ခြင်း ထိတ်လန့်ခြင်းတို့ကို ပယ်ပြီးသူ ဖြစ်တော်မူပါပေ၏။ (၂၅)

၅၇၉။ သုံးရာသော ဤရဟန်းတို့သည် လက်အုပ်ချီလျက် တည်နေကြပါကုန်၏။ လုံ့လရှိတော်မူသော မြတ်စွာဘုရား ခြေတော်တို့ကို ဆန့်တန်းတော်မူပါလော့၊ ရဟန္တာတို့သည် မြတ်စွာဘုရားအား ရှိခိုးကြပါစေကုန်သတည်းဟု (လျှောက်၏)။

(၂၆) ခုနစ်ခုမြောက် သေလသုတ် ပြီး၏။

၁။ မဟာဘာရတစသော ရှေးဟောင်းသမိုင်းရာဇဝင်ပုံပြင်ကျမ်း။

၂။ ဝေဒကျမ်းလာပုဒ်ရင်းတို့ကို ထုတ်နုတ်စီစဉ်ပြသောကျမ်း။

၃။ ဓာတ် ပစ္စည်း ဝိဘတ်တို့ဖြင့် ဝေဖန်၍ ပုဒ်တို့၏ ပြီးစီးပုံကို ပြသောကျမ်း။

၄။ မျက်မြင်လောကအကြောင်းအရာကိုသာ ပြသော ရုပ်ဝါဒကျမ်း၊ စာရ်ဗာက ဆရာ၏ ရုပ်ဝါဒစသည်။