သုတ္တနိပါတ်ပါဠိတော်

၈-သလ္လသုတ်

၅၈ဝ။ ဤလောက၌ သတ္တဝါတို့၏ အသက်သည် အမှတ်နိမိတ် ကင်းသည်ဖြစ်၍ (သေရမည့်အခါ လားရာဂတိ အသက်အပိုင်းအခြားကို) မသိနိုင်၊ အကြောင်းများစွာနှင့် စပ်သဖြင့် ပင်ပန်းငြိုငြင်ရ၏။ နည်းငယ်တိုတောင်းလှ၏။ (သို့ ဖြစ်နေလျက်လည်း) ထိုအသက်သည် ဆင်းရဲအမျိုးမျိုးနှင့်ရောယှက်နေသေး၏။ (၁)

၅၈၁။ ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်လာသော သတ္တဝါတို့သည် အကြင် (ဆေးဝါး မန္တရားစသော) လုံ့လဖြင့် မသေကုန်ရာ၊ ထိုမသေရာသော လုံ့လမျိုးသည် မရှိနိုင်၊ အိုခြင်းသို့ ရောက်၍သော်လည်းကောင်း (အိုခြင်းသို့ မရောက်မူ၍သော်လည်းကောင်း) သေတတ်၏။ သတ္တဝါတို့သည် ဤသို့ သေတတ်သော သဘောရှိကုန်သည်သာတည်း။ (၂)

၅၈၂။ သစ်သီးမှည့်တို့အား နံနက်တိုင်း ကြွေကျရခြင်းကြောင့် ဘေးဖြစ်သကဲ့သို့ ဤအတူပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်လာကုန်သော သတ္တဝါတို့အား သေရခြင်းကြောင့် အမြဲ ဘေးဖြစ်နေ၏။ (၃)

၅၈၃။ အိုးထိန်းသည် ပြုလုပ်အပ်သော မြေအိုးမြေခွက်အားလုံးတို့သည် ကွဲခြင်းလျှင်အဆုံးရှိကြကုန်သကဲ့သို့ ဤအတူ သတ္တဝါတို့၏ အသက်သည် သေခြင်းလျှင် အဆုံးရှိ၏။ (၄)

၅၈၄။ ငယ်သူတို့သည်လည်းကောင်း၊ ကြီးသူတို့သည်လည်းကောင်း၊ မိုက်သူတို့သည်လည်းကောင်း၊ ပညာရှိသူတို့သည်လည်းကောင်း ထိုသူအားလုံးတို့သည် သေမင်းနိုင်ငံသို့ လိုက်ပါကြရကုန်၏။ အလုံးစုံသောသူတို့သည် သေမင်း၏ အထံသို့ ဆိုက်ရောက်ကြရကုန်၏။ (၅)

၅၈၅။ သေမင်း နှိပ်စက်အပ်ကုန်သည်ဖြစ်၍ တမလွန်လောကသို့ သွားကုန်သော ထိုသတ္တဝါတို့တွင်အမိအဖသည်သားသမီးကို (သေဘေးမှ) မစောင့်ရှောက်နိုင်၊ ဆွေမျိုးတို့သည်လည်း ဆွေမျိုးတို့ကို (သေဘေးမှ) မစောင့်ရှောက်နိုင်ကုန်။ (၆)

၅၈၆။ ကြည့်ရှုစမ်းပါလော့ သတ်မည့်နွားကို ဆောင်ယူသွားသကဲ့သို့ ဆွေမျိုးတို့ကြည့်ရှုနေကြကုန်စဉ်ပင် အထူးထူး အထွေထွေ ငိုကြွေး မြည်တမ်းနေကြကုန်စဉ်မှာပင် သတ္တဝါတို့တွင်တစ်ယောက်စီ တစ်ယောက်စီ သေမင်းသည် ဆောင်ယူသွားလေ၏။ (၇)

၅၈၇။ ဤသို့ သတ္တဝါအပေါင်းကို သေခြင်းတရားသည်လည်းကောင်း၊ အိုခြင်း တရားသည်လည်းကောင်းအလွန်ညှဉ်းဆဲ နှိပ်စက်နေ၏။ ထို့ကြောင့် ပညာရှိတို့သည် လောကအကြောင်းကို သိ၍မစိုးရိမ်ကြကုန်။ (၈)

၅၈၈။ (ဤဘဝသို့) လာသည်လည်းဖြစ်သော (ဘဝတစ်ပါးသို့) သွားသည်လည်းဖြစ်သော အကြင်သူ၏လမ်းခရီးကို မသိ၊ ထိုသူ၏ သွားရာ လာရာ ခရီး နှစ်မျိုးတို့ကို ကောင်းစွာ မမြင်ရ၊ အကျိုးမဲ့ငိုကြွေး၏။ (၉)

၅၈၉။ ငိုကြွေးသည်ဖြစ်၍ အကျိုး တစ်စုံတစ်ရာကို ဆောင်နိုင်ခဲ့ပါမူ တွေဝေသည်ဖြစ်၍ မိမိကိုယ်ကို ညှဉ်းဆဲလျက် အကျိုးတစ်စုံတစ်ရာကို ဆောင်နိုင်ခဲ့ပါမူ ပညာရှိသည် ထိုငိုကြွေးမှုစသည်ကို ပြုရာ၏။

(၁ဝ)

၅၉ဝ။ (တစ်စုံတစ်ယောက်သောသူသည် ) ငိုကြွေးခြင်းဖြင့်လည်းကောင်း စိုးရိမ်ပူ ဆွေးခြင်းဖြင့်လည်းကောင်း စိတ်၏ ငြိမ်းအေးခြင်းသို့ မရောက်နိုင်၊ ထိုငိုကြွေး သူအား ဆင်းရဲသာလျှင် လွန်စွာဖြစ်ရ၏။ ခန္ဓာကိုယ်သည်လည်း ပင်ပန်းရာ၏။ (၁၁)

၅၉၁။ မိမိကိုယ်ကို မိမိကိုယ်တိုင် နှိပ်စက်ညှဉ်းဆဲသူသည် ကြုံလှီသော ကိုယ်ရှိသူ အဆင်းမလှသူဖြစ်ရ၏။ ထိုသို့ ငိုကြွေးသဖြင့် သေသောသူတို့သည် မမျှ တနိုင်ကုန်၊ ထို့ကြောင့် ငိုကြွေးခြင်းသည် အကျိုးမရှိ။ (၁၂)

၅၉၂။ စိုးရိမ်မှု 'သောက'ကို မပယ်စွန့်နိုင်သော သတ္တဝါသည် လွန်စွာ (ကိုယ် စိတ်) ဆင်းရဲခြင်းသို့ ရောက်၏။ သေသူကို အကြောင်းပြု၍ အဖန်တလဲလဲ စိုးရိမ် ညည်းတွားသူသည် စိုးရိမ်ခြင်းသို့ အလိုသို့ အစဉ်လိုက်ရ၏။ (၁၃)

၅၉၃။ ဤလောက၌ တမလွန်သို့ သွားသော ကံအားလျော်စွာ ဘဝသို့ ကပ် ရောက်ရကုန်သောတစ်ပါးသောသူတို့ကိုလည်းကောင်း၊ သေမင်း၏ အလိုနိုင်ငံသို့ ရောက်ကုန်၍ (သေဘေးဖြင့်) တုန်လှုပ်ကုန်သော သတ္တဝါတို့ကိုလည်းကောင်း ကြည့်ရှုလော့။ (၁၄)

၅၉၄။မှန်၏ (သတ္တဝါတို့သည်) အကြင်သို့ သော အသက်ရှည်လိမ့်မည် အနာ ကင်း လိမ့်မည်စသော အခြင်းအရာဖြင့် ထင်မှတ်အောက်မေ့ကုန်၏။ ထိုထင်မှတ် အောက်မေ့သည်မှတစ်ပါး သေခြင်းအနာရောဂါများခြင်းစသော အခြင်းအရာဖြင့် ဖြစ်၏။ ဤသို့ သဘောရှိသော ဆန့်ကျင်ဘက်သဘောသည် ဖြစ်၏။ ဤသို့လောက၏ အကြောင်းကို ရှုပါလော့။ (၁၅)

၅၉၅။ ဤလောက၌ သတ္တဝါသည် အနှစ်တစ်ရာသော်လည်း အသက်ရှည်ရ၏။ အနှစ်တစ်ရာထက်အလွန်သော်လည်း အသက်ရှည်ရ၏။သို့ပင် အသက်ရှည်ရသော်လည်း ဆွေမျိုးအပေါင်းတို့မှ ကင်း၍ဖြစ်ရတတ်၏။ (နောက်ဆုံး၌မူ) အသက်ကို စွန့်ရသည်သာတည်း။ (၁၆)

၅၉၆။ ထို့ကြောင့် မြတ်စွာဘုရား၏ (တရားတော်ကို) ကြားနာရ၍ သေသောသူကို တွေ့မြင်ရသည်ရှိသော် ဤသေသောသူသည် တစ်ဖန် အသက်ရှင်ပါစေ သတည်းဟု ငါ တောင့်တ၍မရနိုင်တော့ပေဟု ပိုင်းခြားသိလျက် ငိုကြွေးခြင်းကို ပယ်ဖျောက်ရာ၏။ (၁၇)

၅၉၇။ မီးလောင်နေသော အိမ်ကို ရေဖြင့် ငြိမ်းသတ်ရာသကဲ့သို့ ဤအတူ တည် ကြည်သည်ဖြစ်၍ပဋိသန္ဓေပညာရှိသော အကြားအမြင် ပညာရှိ၍ လိမ္မာသော ပုဂ္ဂိုလ်သည် (မိမိအပေါ်၌) ကျရောက်နေသော စိုးရိမ်မှု 'သောက'ကို လျင်စွာငြိမ်းစေရာ၏။ လေသည် လဲ ဝါဂွမ်းကို တိုက်ခတ်ဖျက်ဆီးလိုက်သကဲ့သို့ စိုးရိမ်မှု 'သောက'ကို ဖျက်ဆီးရာ၏။ (၁၈)

၅၉၈။ မိမိ၏ ချမ်းသာကို ရှာသောသူသည် ငိုကြွေးမှု တောင့်တမှု နှလုံး မသာယာမှုဟူသော မိမိ၌ စူးဝင်နေသော မြားငြောင့်ကို မိမိကိုယ်တိုင်ပင် နုတ်ရာ၏။ (၁၉)

၅၉၉။ မြားငြောင့်ကို နုတ်ပြီးသူသည် (တဏှာ ဒိဋ္ဌိကို) မမှီမူ၍ စိတ်၏ ငြိမ်း အေးခြင်းသို့ ရောက်လျက်စိုးရိမ်မှုအားလုံးကို လွန်မြောက်ကာ စိုးရိမ်မှုမရှိ ငြိမ်းအေးသူ ဖြစ်၏။ (၂ဝ)

ရှစ်ခုမြောက် သလ္လသုတ် ပြီး၏။