သုတ္တနိပါတ်ပါဠိတော်

၉-ဝါသေဋ္ဌသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဣစ္ဆာနင်္ဂလနိဂုံးဣစ္ဆာနင်္ဂလ တောအုပ်၌ သီတင်းသုံးနေတော်မူ၏။ ထိိုစဉ်အခါ၌ စင်္ကီပုဏ္ဏား တာရုက္ခပုဏ္ဏားပေါက္ခရသာတိပုဏ္ဏား ဇာဏေုဿာဏိပုဏ္ဏား တောဒေယျပုဏ္ဏားဟူသော အလွန်ထင်ရှားကျော်စောကုန်သော ပုဏ္ဏားသူဌေး များစွာတို့သည်လည်းကောင်း၊ ထိုမှတစ်ပါး့အလွန်ထင်ရှားကျော်စောသော ပုဏ္ဏားသူဌေးတို့သည်လည်းကောင်း ဣစ္ဆာနင်္ဂလ နိဂုံး၌တည်းခိုနေထိိုင်ကြကုန်၏။ ထိုအခါ ဝါသေဋ္ဌနှင့် ဘာရဒွါဇလုလင်တို့သည် အညောင်းပြေလမ်းလျှောက်ခြင်းဖြင့် တစ်ယောက်နောက် တစ်ယောက်လိုက်ကာ စင်္ကြံသွားလာ လှည့်လည်လျက်နေကြကုန်စဉ် ''အဘယ်သို့ သော အကြောင်းဖြင့် ဗြာဟ္မဏဖြစ်နိုင်သနည်း''ဟု ဤအကြားစကားသည် ဖြစ်ပေါ်၏။

ဘာရဒွါဇလုလင်က ဤသို့ ဆို၏ ''အချင်းဝါသေဋ္ဌ အမိဖက် အဖဖက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ် ရှိ၏။ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်း ရှိ၏။ ဇာတ်နှင့် စပ်သောစကားဖြင့် အပယ် မခံရ၊ အကဲ့ရဲ့ မခံရ၊ အချင်းဝါသေဋ္ဌ ဤမျှဖြင့်ပင် ဗြာဟ္မဏ ဖြစ်နိုင်၏''ဟု ဆို၏။

ဝါသေဋ္ဌလုလင်က ဤသို့ ဆို၏ ''အချင်းဘာရဒွါဇ သီလရှိ၏။ ကျင့်ဝတ်နှင့်ပြည့်စုံ၏။ အချင်းဘာရဒွါဇဤမျှဖြင့်ပင် ဗြာဟ္မဏဖြစ်နိုင်၏''ဟု ဆို၏။ ဘာရဒွါဇလုလင်သည် ဝါသေဋ္ဌလုလင်ကို နားလည်စေခြင်းငှါမစွမ်းနိုင်သည်သာတည်း၊ ဝါသေဋ္ဌလုလင်သည်လည်း ဘာရဒွါဇလုလင်ကို နားလည်စေခြင်းငှါ မစွမ်းနိုင်။

ထိုအခါ ဝါသေဋ္ဌလုလင်သည် ဘာရဒွါဇလုလင်ကို ဤသို့ ပြော၏ ''အချင်းဘာရဒွါဇ သာကီဝင်မင်း မျိုးမှရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် ဣစ္ဆာနင်္ဂလနိဂုံး ဣစ္ဆာနင်္ဂလတောအုပ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအသျှင်ဂေါတမအား ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍တက်၏-'ထိုမြတ်စွာဘုရားသည် ။ပ။ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်းဗုဒ္ဓမည်တော်မူ၏။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ'မည်တော်မူ၏'ဟု ပျံ့နှံ့၍ တက်၏။ အချင်းဘာရဒွါဇ သွားကြစို့၊ ရဟန်းဂေါတမထံသို့ ချဉ်းကပ်၍ ရဟန်းဂေါတမအား ဤအကြောင်းကို မေးကုန်အံ့၊ ရဟန်းဂေါတမ ဖြေကြားသော အတိုင်း ထိုအကြောင်းကို ငါတို့မှတ်သားကုန်အံ့''ဟု ပြော၏။ ''အချင်းဝါသေဋ္ဌ ကောင်းပါပြီ''ဟု ဘာရဒွါဇလုလင်သည် ဝါသေဋ္ဌလုလင်အား ဝန်ခံ၏။

ထိုအခါ ဘာရဒွါဇနှင့် ဝါသေဋ္ဌလုလင်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီး၍ တစ်ခုသောနေရာ၌ ထိုင်နေကုန်၏။ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် ဝါသေဋ္ဌလုလင်သည် မြတ်စွာဘုရားအား ဂါထာတို့ဖြင့် ရွတ်ဆိုလျှောက်ထား၏-

၆ဝဝ။ အသျှင်ဂေါတမ အကျွန်ုပ်တို့ နှစ်ယောက်သည် ဗေဒင်သုံးပုံကို တတ် မြောက်ကုန်၏ဟု ဆရာကခွင့်ပြုပြီးသူ မိမိကလည်း ဝန်ခံပြီးသူ ဖြစ်ကြပါကုန်၏။ အကျွန်ုပ်သည် ပေါက္ခရသာတိပုဏ္ဏား၏ (တပည့်ကြီးပါတည်း)၊ ဤလုလင်ကား တာရုက္ခပုဏ္ဏား၏ (တပည့်ကြီးပါတည်း)။ (၁)

၆ဝ၁။ အကျွန်ုပ်တို့သည် (ရှေးဆရာတို့) ဟောကြားအပ်သော ဗေဒင်သုံးပုံအပါ အဝင် ပဒကျမ်းဗျာကရုဏ်းကျမ်းစသည်တို့၌ အကြွင်းမဲ့ တတ်မြောက်သူတို့ ဖြစ် ကြပါကုန်၏။ ပဒကျမ်းဗျာကရုဏ်းကျမ်းကို ဆောင်သူတို့ ဖြစ်ကြပါကုန်၏။ ဗေဒင်အရာ၌ အကျွန်ုပ်တို့သည် ဆရာနှင့်တူပါကုန်၏။ (၂)

၆ဝ၂။ အသျှင်ဂေါတမ ထိုအကျွန်ုပ်တို့အား အမျိုးဇာတ်ကို စွဲ၍ ဖြစ်သော အယူဝါဒ၌ ငြင်းခုံမှု ရှိပါ၏။ အမျိုးဇာတ်အားဖြင့် ဗြာဟ္မဏဖြစ်၏ဟု ဘာရဒွါဇ ပုဏ္ဏားက ဆိုပါ၏။ အကျွန်ုပ်က (ပြုလုပ်မှုကုသိုလ်) ကံအားဖြင့် ဗြာဟ္မဏဖြစ်၏ဟု ဆိုပါ၏။ စက္ခုငါးပါးရှိ တော်မူသော မြတ်စွာဘုရား ဤသို့ သိတော်မူပါ။ (၃)

၆ဝ၃။ ထိုအကျွန်ုပ်တို့သည် အချင်းချင်း သိနားလည်စေခြင်းငှါ မစွမ်းနိုင်ကြပါကုန်၊ အကျွန်ုပ်တို့နှစ်ယောက်သည် တရားအားလုံးကိုမှန်စွာ သိသူ (ဘုရား)ဟု ကျော်စောထင်ရှားသော အသျှင်ဘုရားကို မေးလျှောက်ရန် လာကြပါကုန်၏။ (၄)

၆ဝ၄။ လောက၌ ရှိခိုးလိုသူတို့သည် ဆုတ်ယုတ်ခြင်းကို လွန်သော လပြည့်ဝန်းကို စိတ်ဖြင့့်ကပ်ရောက်၍ လက်အုပ်ချီလျက် ရှိခိုးကြကုန်သကဲ့သို့ ဤအတူ ဂေါတမမြတ်စွာဘုရားကိုလည်းရှိခိုးကြပါကုန်၏။ (၅)

၆ဝ၅။ လောက၌ မျက်စိသဖွယ်ဖြစ်သော အသျှင်ဂေါတမကို အကျွန်ုပ်တို့ မေး လျှောက်ပါကုန်၏။ အမျိုးဇာတ်အားဖြင့် 'ဗြာဟ္မဏ' ဖြစ်ပါသလော၊သို့ မဟုတ် (ပြုလုပ်မှုကုသိုလ်) ကံအားဖြင့် 'ဗြာဟ္မဏ'ဖြစ်ပါသလော၊ 'ဗြာဟ္မဏ'ဟု မသိကုန်သော အကျွန်ုပ်တို့အား 'ဗြာဟ္မဏ'ဟု သိနိုင်လောက်သော အခြင်းအရာအားဖြင့် ဟောတော်မူပါလော့။ (၆)

၆ဝ၆။ (မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏) -

ဝါသေဋ္ဌ ထိုသတ္တဝါတို့၏ အမျိုးဇာတ်အကျယ်ကိုဟုတ်တိုင်းမှန်စွာ အစဉ် အတိုင်း သင်တို့အား ငါဟောကြားပေအံ့၊မှန်၏- အမျိုးဇာတ်တို့သည် တစ်မျိုး စီတစ်မျိုးစီ များပြားလှကုန်၏။ (၇)

၆ဝ၇။ မြက်သစ်ပင်တို့ကိုလည်း သင်တို့ သိကြကုန်၏။ ထိုမြက်သစ်ပင်တို့သည် မြက်သစ်ပင်မျိုးဟု ဝန်မခံကြကုန်၊ (ဝန်မခံကြကုန်သော်လည်း) ထိုမြက်သစ်ပင်တို့၏ အသွင်အပြင်သည် အမျိုးဇာတ်အားဖြင့်ဖြစ်၏။ (ထိုမြက်သစ်ပင်တို့၏) အမျိုး ဇာတ်တို့သည် တစ်မျိုးစီ တစ်မျိုးစီ များပြားလှကုန်၏။ (၈)

၆ဝ၈။ ထိုမှ (တစ်ပါးသော) ပေါက်ဖတ်တို့သည်လည်းကောင်း၊ နှံကောင်တို့သည်လည်းကောင်း၊ ပရွက်ပိုးရွတို့တို့ကိုလည်းကောင်း သင်တို့ သိကြကုန်၏။ ထိုပေါက်ဖတ်စသည်တို့၏ အသွင်အပြင်သည်အမျိုးဇာတ်အားဖြင့် ဖြစ်၏။မှန်၏ - အမျို းဇာတ်တို့သည် တစ်မျိုးစီ တစ်မျိုးစီ များပြားလှကုန်၏။ (၉)

၆ဝ၉။ ငယ်သည်လည်းဖြစ်ကုန်သော ကြီးသည်လည်းဖြစ်ကုန်သော အခြေလေး ချောင်းရှိသော သတ္တဝါတို့ကိုလည်း သင်တို့ သိကြကုန်၏။ ထိုသတ္တဝါတို့၏ အသွင် အပြင်သည် အမျိုးဇာတ်အားဖြင့်ဖြစ်၏။မှန်၏- အမျိုးဇာတ်တို့သည် တစ်မျိုးစီ တစ်မျိုးစီ များပြားလှကုန်၏။ (၁ဝ)

၆၁ဝ။ ဝမ်းပိုက်ရေလျှင် အခြေရှိကုန်သော ရှည်သော ကျောက်ကုန်းရှိကုန်သော မြွေတို့ကိုလည်း သင်တို့သိကြကုန်၏။ ထိုသတ္တဝါတို့၏ အသွင်အပြင်သည် အမျိုး ဇာတ်အားဖြင့် ဖြစ်၏။မှန်၏-အမျိုးဇာတ်တို့သည် တစ်မျိုးစီ တစ်မျိုးစီ များ ပြားလှကုန်၏။ (၁၁)

၆၁၁။ ထိုမှတစ်ပါး ရေ၌ ပေါက်ဖွား၍ ရေ၌ ကျက်စားတတ်ကုန်သော ငါးတို့ကိုလည်း သင်တို့သိကြကုန်၏။ ထိုရေသတ္တဝါတို့၏ အသွင်အပြင်သည် အမျိုးဇာတ်အားဖြင့် ဖြစ်၏။မှန်၏-အမျိုးဇာတ်တို့သည် တစ်မျိုးစီ တစ်မျိုးစီ များပြားလှကုန်၏။ (၁၂)

၆၁၂။ ထိုမှတစ်ပါး အတောင်ဖြင့် သွားကုန်သော ကောင်းကင်၌ ပျံကုန်သော ငှက်တို့ကိုလည်း သင်တို့သိကြကုန်၏။ ထိုငှက်သတ္တဝါတို့၏ အသွင်အပြင်သည် အမျိုးဇာတ်အားဖြင့် ဖြစ်၏။မှန်၏ -အမျိုးဇာတ်တို့သည် တစ်မျိုးစီ တစ်မျိုးစီ များပြားလှကုန်၏။ (၁၃)

၆၁၃။ ဤဆိုခဲ့ပြီးသော အမျိုးဇာတ်တို့၌ ဇာတ်ဖြင့်ပြီးသော အသီးသီးသော အသွင်အပြင်ရှိသကဲ့သို့ ဤအတူ လူတို့၌ အမျိုးဇာတ်ဖြင့် ပြီးသော အသီးသီးသော အသွင်အပြင် မရှိ။ (၁၄)

၆၁၄။ လူတို့၌ ဆံပင်တို့ဖြင့်မူလည်း အမျိုးဇာတ်ဖြင့် ဖြစ်သော အသွင်အပြင် အထူး မရှိ၊ ဦးခေါင်းနားရွက် မျက်စိ နှာခေါင်း နှုတ်ခမ်း မျက်ခုံးတို့ဖြင့်မူလည်း အမျိုးဇာတ်ဖြင့် ဖြစ်သော အသွင်အပြင်အထူးမရှိ။ (၁၅)

၆၁၅။ လည်ပင်း ပခုံး ဝမ်းဗိုက် ကျောက်ကုန်း ခါး ရင် ကျဉ်းမြောင်းရာအင်္ဂါ မေထုန်အားဖြင့်မူလည်းအမျိုးဇာတ်ဖြင့် ဖြစ်သော အသွင်အပြင် အထူးမရှိ။ (၁၆)

၆၁၆။ လက်သည်း ခြေသည်း ခြေသလုံး ပေါင် အဆင်းအသံတို့ဖြင့်မူလည်း အမျိုးဇာတ်ဖြင့် ဖြစ်သော အသွင်အပြင် အထူးမရှိ၊ လူမှတစ်ပါးသော သစ်ပင်စသော ဇာတ်တို့၌ ဇာတ်ဖြင့်ဖြစ်သော အသွင်အပြင်ရှိသကဲ့သို့ ဤအတူ လူတို့၌ ဇာတ်ဖြင့်ဖြစ်သော အသွင်အပြင် အထူးမရှိ။ (၁၇)

၆၁၇။ လူတို့တွင် (ပုဏ္ဏားအစရှိသူတို့၏) ကိုယ်တို့၌ အသီးသီးဖြစ်သော ဤဆံပင်အစရှိသော ပုံသဏ္ဌာန်ထူးခြားမှု မရှိ၊ (သို့ ပင်မရှိပါသော်လည်း) လူတို့ဝယ် ဗြာဟ္မဏ ခတ္တိယဟု ခေါ်ဝေါ်ကြောင်းခန္ဓာကိုယ်တို့၌ အမည်ပညတ်အားဖြင့်သာ ခေါ်ဆိုရ၏။ (၁၈)

၆၁၈။ လူတို့တွင် မည်သည့်ပုဂ္ဂိုလ်မဆို လယ်ထွန်မှုကိုမှီ၍ အသက်မွေး၏။ ထိုသူသည် လယ်သမား 'ကဿက' မည်၏။ 'ဗြာဟ္မဏ'မမည်၊ ဝါသေဋ္ဌ ဤသို့ သိလော့။ (၁၉)

၆၁၉။ လူတို့တွင် မည်သည့်ပုဂ္ဂိုလ်မဆို အထူးထူးသော လက်မှုပညာဖြင့် အသက်မွေး၏။ ထိုသူသည် လက်မှုပညာသည် 'သိပ္ပိက' မည်၏။ 'ဗြာဟ္မဏ'မမည်၊ ဝါသေဋ္ဌ ဤသို့ သိလော့။ (၂ဝ)

၆၂ဝ။ လူတို့တွင် မည်သည့်ပုဂ္ဂိုလ်မဆို အရောင်းအဝယ်ကိုမှီ၍ အသက်မွေး၏။ ထိုသူသည် ကုန်သည် 'ဝါဏိဇ' မည်၏။ 'ဗြာဟ္မဏ'မမည်၊ ဝါသေဋ္ဌ ဤသို့ သိလော့။ (၂၁)

၆၂၁။ လူတို့တွင် မည်သည့်ပုဂ္ဂိုလ်မဆို သူတစ်ပါးတို့၏ အစေအပါးအဖြစ်ဖြင့် အသက်မွေး၏။ ထိုသူသည် အစေခံ 'ပေဿိက' မည်၏။ 'ဗြာဟ္မဏ'မမည်၊ ဝါသေဋ္ဌ ဤသို့ သိလော့။ (၂၂)

၆၂၂။ လူတို့တွင် မည်သည့်ပုဂ္ဂိုလ်မဆို မပေးသော ဥစ္စာကို ခိုးယူမှုဖြင့် အသက်မွေး၏။ ထိုသူသည် သူခိုး 'စောရ' မည်၏။ 'ဗြာဟ္မဏ'မမည်၊ ဝါသေဋ္ဌ ဤသို့ သိလော့။ (၂၃)

၆၂၃။ လူတို့တွင် မည်သည့်ပုဂ္ဂိုလ်မဆို မြားလှံစသော လက်နက်ဖြင့် အသက် မွေး၏။ ထိုသူသည် စစ်မှုထမ်း 'ယောဓာဇီဝ' မည်၏။ 'ဗြာဟ္မဏ'မမည်၊ ဝါသေဋ္ဌ ဤသို့ သိလော့။ (၂၄)

၆၂၄။ လူတို့တွင် မည်သည့်ပုဂ္ဂိုလ်မဆို ပုရောဟိတ်အမှုဖြင့် အသက်မွေး၏။ ထိုသူသည် ယဇ်ပူဇော်တတ်သူ 'ယာဇက' မည်၏။ 'ဗြာဟ္မဏ'မမည်၊ ဝါသေဋ္ဌ ဤသို့ သိလော့။ (၂၅)

၆၂၅။ လူတို့တွင် မည်သည့်ပုဂ္ဂိုလ်မဆို မြို့ ရွာကိုလည်းကောင်း၊ တိုင်းနိုင်ငံကိုလည်းကောင်းသုံးဆောင်ခံစား၏။ ဤသူသည် မင်း 'ရာဇာ' မည်၏။ 'ဗြာဟ္မဏ' မမည်၊ ဝါသေဋ္ဌ ဤသို့ သိလော့။ (၂၆)

၆၂၆။ (ဝါသေဋ္ဌ) ပုဏ္ဏားမျိုး၌ ဖြစ်သော ပုဏ္ဏေးမမှဖြစ်သောသူကို 'ဗြာဟ္မဏ'ဟု ငါ မဆို၊ ထိုပုဏ္ဏားသည် ရာဂစသောကြောင့်ကြမှု ကိလေသာရှိခဲ့မူ ဘောဝါဒီ အမည် ရှိ၏။ကြောင့်ကြမှုကိလေသာလည်း မရှိ၊ စွဲလမ်းမှုလည်း မရှိသော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၂၇)

၆၂၇။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် အလုံးစုံသော အနှောင်အဖွဲ့ သံယောဇဉ်အားလုံးကို ဖြတ်၍ထိတ်လန့်ပူပန်မှု မရှိ၊ ကပ်ငြိတတ်သည့် ကိလေသကို လွန်သော ကိလေသာနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါဆို၏။ (၂၈)

၆၂၈။ (ဝါသေဋ္ဌ ဒေါသတည်းဟူသော) နှောင်ကြိုးကိုလည်းကောင်း၊ (တဏှာတည်းဟူသော) လွန်ကြိုးကိုလည်းကောင်း ကိန်းအောင်းနေသော ကိလေသာနှင့် တကွသော မိစ္ဆာဒိဋ္ဌိခြောက်ဆယ့်နှစ်ပါးတည်းဟူသော ထူးကြိုးကိုလည်းကောင်း ဖြတ်၍ အဝိဇ္ဇာတံခါးကျင် မင်းတုပ်ကို ပယ်နုတ်ပြီးလျှင် သစ္စာလေးပါးကို သိသော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၂၉)

၆၂၉။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် ဆဲရေးခြင်း ပုတ်ခတ်ညှဉ်းဆဲခြင်း နှောင် ဖွဲ့ခြင်းကို အမျက်မထွက်ဘဲသည်းခံ၏။သည်းခံခြင်းအားတည်းဟူသော စစ်သည် ဗိုလ်ပါရှိသော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၃ဝ)

၆၃ဝ။ (ဝါသေဋ္ဌ) အမျက်လည်းမထွက်၊ ဓုတင်အကျင့်လည်းရှိသော သီလနှင့်လည်း ပြည့်စုံတဏှာပြန့်ပြောခြင်းလည်း မရှိ၊ ယဉ်ကျေး၍ အဆုံးစွန်သော ကိုယ် ရှိသော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၃၁)

၆၃၁။ (ဝါသေဋ္ဌ) ကြာဖက်၌ ရေမတင်သကဲ့သို့လည်းကောင်း၊ (ပွတ်ဆောက်) စူးဖျား၌ မုန်ညင်းစေ့မတည်နိုင်သကဲ့သို့လည်းကောင်း ကာမတို့၌ မကပ်ငြိ မလိမ်းကျံသော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါဆို၏။ (၃၂)

၆၃၂။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် ဤဘဝ၌ပင် မိမိ၏ ဆင်းရဲကုန်ရာဖြစ်သော နိဗ္ဗာန်ကို သိ၏။ ချအပ်သော ခန္ဓာဝန်ရှိ၍ ကိလေသာတို့နှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၃၃)

၆၃၃။ (ဝါသေဋ္ဌ) နက်နဲသော ပညာရှိသော ထက်မြက်သော ပညာရှိသော လမ်းမှန်ကိုဟုတ်သည်မဟုတ်သည်၌ လိမ္မာသော အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၃၄)

၆၃၄။ (ဝါသေဋ္ဌ) လူတို့နှင့်လည်းကောင်း၊ ရဟန်းတို့နှင့်လည်းကောင်း နှစ်ပါးစုံသောသူတို့နှင့်မရောယှက်သောတဏှာကင်းကြောင်း အကျင့်ရှိသည်ဖြစ်၍ အလို နည်းသော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၃၅)

၆၃၅။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် ထိတ်လန့်တတ်သော ပုထုဇဉ် သေက္ခ ပုဂ္ဂိုလ်တို့၌လည်းကောင်း၊ မကြောက်မလန့် တည်တံ့သော ရဟန္တာပုဂ္ဂိုလ်တို့၌လည်းကောင်း တုတ် လက်နက်ကို ပယ်ချထားပြီးဖြစ်၍ မိမိလည်း မသတ် သူတစ်ပါးကိုလည်း မသတ်စေ၊ ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါဆို၏။ (၃၆)

၆၃၆။ (ဝါသေဋ္ဌ) ဆန့်ကျင်ဘက်ပြုသူတို့၌ မဆန့်ကျင်သော ဓားတုတ်ရှိသူတို့၌ ဓားတုတ်ချပြီးသည်ဖြစ်၍ ရန်ငြိမ်းသော စွဲလမ်းအပ်သောတရားတို့၌ စွဲလမ်းခြင်း မရှိသော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၃၇)

၆၃၇။ (ဝါသေဋ္ဌ) မုန်ညင်းစေ့သည် (ပွတ်ဆောက်) စူးဖျားမှ လျောကျသကဲ့သို့ စွဲမက်မှု 'ရာဂ'အမျက်ထွက်မှု 'ဒေါသ' ထောင်လွှားမှု 'မာန' သူတစ်ပါး၏ဂုဏ်ကို ဖျက်ဆီးမှု 'မက္ခ'တို့ကင်းပလျောကျပြီးသော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၃၈)

၆၃၈။ (ဝါသေဋ္ဌ အကြင်ပုဂ္ဂိုလ်သည် ) မည်သည့် တစ်စုံတစ်ယောက်ကိုမျှ အမျက်ဒေါသဖြင့် မထိခိုက်မငြိစွန်းစေမူ၍ နူးညံ့ပြေပြစ်လျက် သဘောအဓိပ္ပါယ် ပေါ်လွင်စေသောမှန်သော စကားကို ပြောဆိုရာ၏။ ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၃၉)

၆၃၉။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် လောက၌ ပိုင်ရှင်မပေးသော ဥစ္စာကို ရှည်သည်ဖြစ်စေ၊ တိုသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မခိုးယူ၊ ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၄ဝ)

၆၄ဝ။ အကြင်ပုဂ္ဂိုလ်အား ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်းမက်မောမှု 'တဏှာ'တို့ မရှိကုန်၊ မက်မောမှု 'အာသာ' ကင်း၍ ကိလေသာနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၄၁)

၆၄၁။ အကြင်ပုဂ္ဂိုလ်အား ကပ်ငြိတွယ်တာခြင်းတို့ မရှိကုန်၊ တရားမှန်ကို သိ၍သို့လောသို့လောတွေးတောခြင်း မရှိ၊ အမြိုက်နိဗ္ဗာန်သို့ ဝင်ရောက်သော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၄၂)

၆၄၂။ (ဝါသေဋ္ဌ) ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် ကုသိုလ် အကုသိုလ်ကံ နှစ်ပါးစုံတို့ကိုလည်းကောင်း၊ ကပ်ငြိတတ်သောတဏှာကိုလည်းကောင်း လွန် မြောက်၏။ စိုရိမ်ခြင်းမရှိသော ကိလေသာမြူကင်းသော စင်ကြယ်သော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၄၃)

၆၄၃။ (ဝါသေဋ္ဌ) အညစ်အကြေးကင်းသော လမင်းကဲ့သို့ ကိလေသာမရှိ၍ စင်ကြယ်သော အထူးသဖြင့်ကြည်လင်သော စိတ်ရှိသော နောက်ကျုခြင်းမှ ကင်းလျက် ဘဝတို့၌ နှစ်သက်တတ်သည့်တဏှာကုန်ပြီးသော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၄၄)

၆၄၄။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် ရာဂတည်းဟူသော ဘေးကိုလည်းကောင်း၊ ကိလေသာတည်းဟူသော အသွားခက်သည့် ခရီးကိုလည်းကောင်း၊ သံသရာတည်းဟူသော အကူးခက်သည့် သမုဒ္ဒရာကိုလည်းကောင်း၊ မောဟတည်းဟူသော အမိုက် မှောင်ကိုလည်းကောင်းလွန်မြောက်ပြီး သြဃလေးပါးကို ကူးမြောက်ပြီးဖြစ်၍ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်၏။ ကိလေသာတို့ကို ရှို့မြှိုက်လေ့ ရှိ၏။ တဏှာကင်း၏။သို့လောသို့လော တွေးတောမှု မရှိ၊ အစွဲအလမ်းကင်း၍ ငြိမ်းအေး၏။ ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၄၅)

၆၄၅။ (ဝါသေဋ္ဌ) ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် ကာမတို့ကို ပယ်၍ အိမ်ရာ မထောင်ဘဲရဟန်းပြု၏။ ကုန်ပြီးသော ကာမကုန်ပြီးသော ဘဝရှိသော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၄၆)

၆၄၆။ (ဝါသေဋ္ဌ) ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် တဏှာကို ပယ်၍ အိမ်ရာ မထောင်ဘဲ ရဟန်းပြု၏။ ကုန်ပြီးသောတဏှာကုန်ပြီးသော ဘဝရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဆို၏။ (၄၇)

၆၄၇။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် လူ၌ ဖြစ်သော အစီးအပွါးကို ပယ်စွန့်၍ နတ်၌ ဖြစ်သော အစီးအပွါးကို လွန်မြောက်၏။ အလုံးစုံသော အစီးအပွါးနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါဆို၏။ (၄၈)

၆၄၈။ (ဝါသေဋ္ဌ ကာမဂုဏ်၌) မွေ့လျော်ခြင်း (ဆိတ်ငြိမ်ရာ၌) မမွေ့လျော်ခြင်းကို ပယ်စွန့်၍ငြိမ်းအေးပြီးသော ဥပဓိမရှိသော အလုံးစုံသော လောကကို လွှမ်းမိုး၍ တည်သော ရဲရင့်သော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၄၉)

၆၄၉။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် သတ္တဝါတို့၏သေခြင်းကိုလည်းကောင်း၊ ပဋိသန္ဓေနေခြင်းကိုလည်းကောင်း အလုံးစုံအားဖြင့် သိ၏။ ကပ်ငြိတွယ်တာခြင်း မရှိသောသူတော်ကောင်းအကျင့်ကို ကောင်းစွာကျင့်၍ သစ္စာလေးပါးကို သိသော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါဆို၏။ (၅ဝ)

၆၅ဝ။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်၏ လားရာဂတိကို နတ် ဂန္ဓဗ္ဗနတ် လူတို့သည် မသိနိုင်ကုန်၊ အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၅၁)

၆၅၁။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်အား (အတိတ်) ခန္ဓာ၌လည်းကောင်း၊ (အနာဂတ်) ခန္ဓာ၌လည်းကောင်း၊ (ပစ္စုပ္ပန်) ခန္ဓာ၌လည်းကောင်းကြောင့်ကြမှု မရှိ၊ကြောင့်ကြမှုမရှိသော စွဲလမ်းမှုကင်းသော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၅၂)

၆၅၂။ (ဝါသေဋ္ဌ) ရှေ့ဆောင် နွားလားဥသဘနှင့်တူသော မြတ်၍ လုံ့လရှိသော သီလက္ခန္ဓစသည်ကို ရှာမှီးလေ့ရှိသော မာရ်သုံးပါးကို အောင်ပြီးသောတဏှာကင်းသော ကိလေသာအညစ်အကြေးဆေးလျှော်ပြီးသော သစ္စာလေးပါးကို သိသော ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၅၃)

၆၅၃။ (ဝါသေဋ္ဌ) အကြင်ပုဂ္ဂိုလ်သည် ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို သိ၏။ နတ်ပြည် ငရဲပြည် ကိုလည်း မြင်၏။ ပဋိသန္ဓေကုန်ရာ အရဟတ္တဖိုလ်သို့လည်း ရောက်၏။ ထိုပုဂ္ဂိုလ်ကို 'ဗြာဟ္မဏ'ဟု ငါ ဆို၏။ (၅၄)

၆၅၄။ လောက၌ အမည်အနွယ်ကို အထူးထူးအထွေထွေ ကြံဆအပ်၏။ ဤသို့ ကြံဆခြင်းသည် အမည်ပညတ်မျှသာတည်း၊ အမည်ပညတ်သည် ခေါ်ဝေါ်သမုတ် သဖြင့် ဖြစ်ပေါ်လာ၏။ ထိုထိုမွေးဖွားရာအချိန်ကာလကပင် ဆွေမျိုးသားချင်းတို့သည် အထူးထူးအထွေထွေမှည့်ခေါ်ကြံဆအပ်၏။ (၅၅)

၆၅၅။ မသိကြကုန်သော သတ္တဝါတို့၏ စိတ်နှလုံး၌ မိစ္ဆာအယူသည် ရှည်စွာသော ကာလပတ်လုံးကိန်းဝပ်၏။ မသိကြကုန်သည်ဖြစ်၍သာလျှင် အမျိုးဇာတ်အားဖြင့် 'ဗြာဟ္မဏဖြစ်၏'ဟု ဆိုကြကုန်၏။ (၅၆)

၆၅၆။ အမျိုးဇာတ်ကြောင့် 'ဗြာဟ္မဏ'မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် 'ဗြာဟ္မဏ' မဟုတ်သူလည်းမဖြစ်နိုင်၊ ပြုလုပ်သော အမှုကြောင့် သာ 'ဗြာဟ္မဏ'ဖြစ်၏။ ပြု လုပ်သော အမှုကြောင့် သာ'ဗြာဟ္မဏ'မဟုတ်သူ ဖြစ်၏။ (၅၇)

၆၅၇။ အလုပ်ဖြင့် လယ်သမားဖြစ်၏။ အလုပ်ဖြင့် လက်မှုပညာသည် ဖြစ်၏။ အလုပ်ဖြင့်ကုန်သည် ဖြစ်၏။ အလုပ်ဖြင့် အစေခံ ဖြစ်၏။ (၅၈)

၆၅၈။ အလုပ်ဖြင့် ခိုးသူ ဖြစ်၏။ အလုပ်ဖြင့် စစ်မှုထမ်းသူလည်း ဖြစ်၏။ အလုပ်ဖြင့် ယဇ်ပူဇော်တတ်သူဖြစ်၏။ အလုပ်ဖြင့် မင်း ဖြစ်၏။ (၅၉)

၆၅၉။ ပဋိစ္စသမုပ္ပါဒ်ကို ရှုမြင်ကုန်သော ကံ ကံ၏အကျိုး၌ လိမ္မာကုန်သော ပညာရှိတို့သည် ဤသို့ ဟုတ်တိုင်းမှန်စွာ ဤအကြောင်းကံကို မြင်ကုန်၏။ (၆ဝ)

၆၆ဝ။ လောကသည် ကံကြောင့် ဖြစ်၏။ သတ္တဝါသည် ကံကြောင့် ဖြစ်၏။ သွားနေသော ရထား၏နားပန်းစောင့်သည် (ရထားဘီးကို) ထိန်းဖွဲ့ထားသကဲ့သို့ သတ္တဝါတို့ကို ကံသည် ထိန်းဖွဲ့ထား၏။ (၆၁)

၆၆၁။ ဣန္ဒြေကို စောင့်စည်းမှုဖြင့်လည်းကောင်း၊ အကျင့်မြတ်ဖြင့်လည်းကောင်း၊ စောင့်စည်းမှု 'သီလ'ဖြင့်လည်းကောင်း၊ ပညာဖြင့်လည်းကောင်း ဤမြတ်သော ကံကြောင့် သာ 'ဗြာဟ္မဏ'ဖြစ်၏။ ထိုဗြာဟ္မဏအဖြစ်သည် မြတ်၏။ (၆၂)

၆၆၂။ ဝိဇ္ဇာသုံးပါးတို့နှင့် ပြည့်စုံသော ကိလေသာငြိမ်းအေးပြီးသောတစ်ဖန်ဘဝ သစ်၌ ဖြစ်မှုကုန်ပြီးသော ပုဂ္ဂိုလ်သည် ပညာရှိတို့၏ ဗြဟ္မာလည်း မည်၏။ သိကြားလည်း မည်၏။ ဝါသေဋ္ဌဤသို့ သိလော့ဟု (မိန့်တော်မူ၏)။ (၆၃)

ဤသို့ ဟောတော်မူသော် ဝါသေဋ္ဌနှင့် ဘာရဒွါဇလုလင်တို့သည် မြတ်စွာဘုရားအား ''အသျှင်ဂေါတမတရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ ယနေ့မှ အစပြု၍ အသက်ထက်ဆုံးကိုးကွယ်ခြင်းသို့ ရောက်သော ဥပါသကာတို့ဟူ၍မှတ်တော်မူပါ''ဟု (လျှောက်ကုန်၏)။

ကိုးခုမြောက် ဝါသေဋ္ဌသုတ် ပြီး၏။