သုတ္တနိပါတ်ပါဠိတော်

၁၂-စူဠဗျူဟသုတ်

၈၈၅-၈၈၆။ [အမေး] လိမ္မာကျွမ်းကျင်၏ဟု ပြောဆိုသူတို့သည် မိမိ မိမိတို့၏ မိစ္ဆာအယူ၌ တည်နေကုန်လျက် (မိမိ မိမိတို့၏ အယူကို) မြဲမြံစွာ စွဲယူကုန်၍ အသီး အသီး ပြောဆိုကြပါကုန်၏။ အကြင်သူသည် ဤအယူအကျင့်ကို သိ၏။ ထိုသူသည် တရားကို သိသူ မည်၏။ အကြင်သူသည် ့ဤတရားကို တားမြစ်၏။ ထိုသူသည် မလိမ္မာသူ ဖြစ်ပါ၏။ ဤသို့လည်း မြဲမြံစွာ ငြင်းခုံကြပါကုန်၏။ ငါမှတစ်ပါး အခြား သူတို့သည် မိုက်၏။ မလိမ္မာဟု လည်း ဆိုပါကုန်၏။ ဤသူတို့၏ ဝါဒတို့တွင်အဘယ်အယူဝါဒသည်မှန်ကန်ပါသနည်း၊ ဤသူအားလုံးတို့သည် ပင် လိမ္မာကျွမ်း ကျင်သူဟု ပြောဆိုကြကုန်၏။ (၁-၂)

၈၈၇။ [အဖြေ] သူတစ်ပါး၏ အယူကို မသိသူသည် အကယ်၍ မိုက်သူ ယုတ် ညံ့သူ ပညာမဲ့သူဖြစ်ပါမူဤသူအားလုံးတို့သည် ပင် မိုက်ကြကုန်၏။ အလွန့်အလွန် ပညာမဲ့သူ ဖြစ်ကြကုန်၏။ ဤသူအားလုံးတို့သည် ပင် မိစ္ဆာအယူ၌ တည်နေကြကုန်၏။ (၃)

၈၈၈။ (ထိုသူတို့သည်) မိမိ၏ မိစ္ဆာအယူဖြင့် မဖြူစင်သူ ဖြစ်ကြကုန်လျက် အကယ်၍ စင်ကြယ်သော ပညာရှိကြသူ လိမ္မာကြသူ ဉာဏ်ပညာရှိကြသူ ဖြစ်ကြကုန်မူ ထိုသူတို့တွင် တစ်ယောက်မျှ ပညာမဲ့သူမဖြစ်နိုင်တော့ပေ၊ အကြောင်းသော်ကား ထိုသူတို့၏ အယူသည်လည်း အခြားသူတို့ အယူကဲ့သို့ ပင်စွဲမြဲယူဆထားသောကြောင့် တည်း။ (၄)

၈၈၉။ သူနှစ်ယောက်တို့သည် အချင်းချင်း လူ့ဗာလဟု အကြင်စကားကို ပြော ဆိုကုန်၏။ ထိုစကားကိုမှန်၏ဟူ၍ ငါ မဟော၊ (ထိုသူတို့သည်) မိမိ မိမိ၏ အယူကို အမှန်ပြုလုပ်ကြကုန်၏။ ထို့ကြောင့် အခြားသူကို မိုက်၏ဟူ၍ ရှုကြည့်ကြကုန်၏။ (၅)

၈၉ဝ။ [အမေး] အကြင်အယူကိုမှန်ကန်၏ ချွတ်ယွင်းမှု မရှိဟု အချို့သူတို့က ပြောဆိုကြကုန်၏။ ထိုအယူကိုပင် အခြားသူတို့က အချည်းနှီးဟူ၍လည်းကောင်း၊ မဟုတ်မမှန်ဟူလည်းကောင်းပြောဆိုကြပြန်၏။ ဤသို့လည်း မြဲမြံစွာ စွဲယူကြကုန်လျက် ငြင်းခုံကြကုန်၏။ အဘယ်ကြောင့် သမဏတို့သည် တစ်မျိုးတည်းသော စကားကို မပြောဆိုကြကုန်သနည်း။ (၆)

၈၉၁။ [အဖြေ] အကြင်သစ္စာ၌ သိသော ပုဂ္ဂိုလ်သည် မငြင်းခုံရာ၊ ထိုသစ္စာသည်တစ်မျိုးတည်းသာတည်း၊ နှစ်ခုမြောက်သော သစ္စာမည်သည် မရှိ၊ ထိုသူတို့မူကား အမျိုးမျိုးသော သစ္စာတို့ကိုကိုယ်တိုင် ပြောဆိုကြကုန်၏။ ထို့ကြောင့် သမဏတို့သည် တစ်မျိုးတည်းသော စကားကို မပြောဆိုကြကုန်။ (၇)

၈၉၂။ [အမေး] အမျိုးမျိုး ပြောဆိုတတ်ကုန်သော လိမ္မာကျွမ်းကျင်သည်ဟု ပြောဆိုကြသူတို့သည် အဘယ်ကြောင့် သစ္စာတို့ကို အမျိုးမျိုး ပြောဆိုကြကုန် သနည်း၊ ကြားအပ်သော သစ္စာတို့သည် များကုန်သလော၊ အမျိုးမျိုးရှိကုန် သလော၊သို့ မဟုတ် ထိုသူတို့သည် ကြံစည်မှုမျှသို့ အစဉ်လိုက်ကုန်သလော။ (၈)

၈၉၃။ [အဖြေ] လောက၌မှတ်သားမှု 'သညာ'မျှဖြင့် မြဲ၏ဟူသော အယူတို့ကို ဖယ်ထား၍သစ္စာတို့သည် မများကုန်၊ အမျိုးမျိုး မရှိကုန်သည်သာတည်း၊ မိမိ ကြံစည်မှုကို မိစ္ဆာအယူတို့၌ ဖြစ်စေ၍ (ငါ့အယူသာ)မှန်၏။ (သင့်အယူကား)မှား၏ဟု (အမှန်အမှား) တရားနှစ်ပါးကို ပြောဆိုကြကုန်၏။ (၉)

၈၉၄။ မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံ မလွန်ကျူးမှု 'သီလ' နွား ခွေးစသည်တို့၏ အကျင့် 'ဝတ'ဟူသော ဤသဘောတရားတို့ကိုမှီ၍မြတ်နိုးဖွယ်မဟုတ်သည့် စင်ကြယ်မှုကို မြင်သူသည် ဒိဋ္ဌိအဆုံးအဖြတ်၌ တည်လျက် ရယ်သွမ်းသွေးကာအခြားသူသည် မိုက်မဲ၏။ မလိမ္မာဟူ၍လည်း ပြောဆိုတတ်၏။ (၁ဝ)

၈၉၅။ အကြင်အကြောင်းဖြင့် အခြားသူကို မိုက်သူဟူ၍ ရှုမြင်၏။ ထိုအကြောင်းဖြင့်ပင် မိမိကိုယ်ကို လိမ္မာသူဟူ၍လည်း ပြောဆို၏။ မိမိကိုယ်ကို မိမိ လိမ္မာသူဟု အယူရှိသော ထိုသူသည် အခြားသူကို မမြတ်နိုးနိုင်၊ ထိုအယူကိုပင် ပြောဆို၏။ (၁၁)

၈၉၆။ ထိုသူသည် အတိသာရဒိဋ္ဌိ၁ဟု ဆိုအပ်သော ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာအယူနှင့်ပြည့်စုံသည်ဖြစ်၍ ထောင်လွှားမှု 'မာန'ဖြင့် မာန်ယစ်ရကား ဂုဏ်အားလုံးတို့နှင့် ပြည့်စုံသူဟုမှတ်ထင်၏။ မိမိကိုယ်ကို မိမိ (ငါ ပညာရှိဟု) စိတ်ဖြင့် အဘိသိက်သွန်း၏။ အကြောင်းသော်ကားထိုသူသည် ထိုအတိသာရ ဒိဋ္ဌိအယူသည် ထိုအခြင်းအရာအားဖြင့် စွဲမြဲယူဆသောကြောင့် တည်း။ (၁၂)

၈၉၇။ သူတစ်ပါး ပြောဆိုသော စကားကြောင့် အကယ်၍ ပညာမဲ့သူ ဖြစ်ခဲ့ပါမူ ထိုပြောဆိုသောသူသည်လည်း အပြောခံရသူနှင့် အတူပင် ပညာမဲ့သူ ဖြစ်တော့၏။ ယင်းသို့ မဟုတ် မိမိကိုယ်ကို မိမိအသိဉာဏ်ရှိသူ ပညာရှိသူ အကယ်၍ ဖြစ်နိုင်ခဲ့မူ သမဏတို့တွင် တစ်စုံတစ်ယောက်မျှ မိုက်မဲသူမရှိနိုင်တော့ပေ။ (၁၃)

၈၉၈။ အကြင်သူတို့သည် ဤမိမိအယူမှတစ်ပါး အခြားသော အယူဝါဒတရားကို စွဲမြဲယူဆပြောဆိုကြကုန်၏။ စင်ကြယ်မှု လမ်းစဉ်ကို ချွတ်ယွင်းစေကြကုန်၏။ မပြည့်စုံစေကြကုန်၊သို့ ပင်ဖြစ်သော်လည်း မိမိအယူ၌ စွဲလမ်းမှု 'ရာဂ'ဖြင့် အလွန်စွဲ လမ်းကုန်သော ထိုသူတို့သည် များစွာသော မိစ္ဆာအယူကို စွဲမြဲယူဆပြောဆိုကြကုန်၏။ (၁၄)

၈၉၉။ ထိုတိတ္ထိတို့သည် ဤ (ငါ၏) အယူ၌သာလျှင် စင်ကြယ်မှုရှိ၏ဟု ပြော ဆိုကြကုန်၏။ အခြားသော အယူဝါဒတို့၌ ကား စင်ကြယ်မှုရှိ၏ဟု မပြောဆိုကြကုန်၊ မိမိတို့၏ လမ်းစဉ်ဖြစ်သော ထိုအယူ၌ စွဲစွဲမြဲမြဲ ပြောဆိုကြကုန်၏။ ဤသို့လည်း တိတ္ထိတို့သည် များစွာသော အယူဝါဒတို့၌ သက်ဝင်၍ တည်ကြကုန်၏။ (၁၅)

၉ဝဝ။ မိမိတို့၏ လမ်းစဉ်ဖြစ်သော အယူဝါဒ၌လည်း (ဤအယူသည်သာလျှင် သင့်၏ဟု) စွဲစွဲမြဲမြဲပြောဆိုသူတို့သည် ဤအယူ၌ အဘယ်မည်သောသူတစ်ပါးကို မိုက်မဲသူဟူ၍ ရှုမြင်နိုင်အံ့နည်း၊ အခြားသူကို မိုက်မဲသူ စင်ကြယ်သော သဘော မရှိဟု ပြောဆိုသော ထိုသူသည် မိမိကိုယ်တိုင်ပင်ငြင်းခုံမှုကို ဆောက်ရွက်သည် မည်ရာ၏။ (၁၆)

၉ဝ၁။ လောက၌ ထိုသူသည် ဒိဋ္ဌိအယူဝါဒ၌ တည်၍ မိမိကိုယ်တိုင် နှိုင်းချိန်လျက် (မိမိ၏အယူကို) အထက်၌ ထား၍ ငြင်းခုံခြင်းသို့ ရောက်၏။ လောက၌ (သူတော်ကောင်း) ဖြစ်သော ပုဂ္ဂိုလ်သည်ကား အလုံးစုံသော ဒိဋ္ဌိအယူ ဝါဒတို့ကို စွန့်ပယ်ပြီးဖြစ်၍ ငြင်းခုံခြင်းကို မပြု။ (၁၇)

တစ်ဆယ့်နှစ်ခုမြောက် စူဠဗျူဟသုတ် ပြီး၏။

၁။ အကြောင်းကို လွန်၍ ဖြစ်သောကြောင့် (ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့ကို) အတိသာရဒိဋ္ဌိဟု ဆိုသည်၊ (လွန်၍ဖြစ်၏)ဟူသည် အကြောင်းမဲ့ ကြံစည် ယူဆမှုပင်တည်း။