သုတ္တနိပါတ်ပါဠိတော်

၁၃-မဟာဗျုဟသုတ်

၉ဝ၂။ [အမေး] မိစ္ဆာအယူ၌ စွဲမြဲတည်နေကုန်သောအချို့သော သမဏဗြာဟ္မဏတို့သည် ဤငါ့အယူသာလျှင် မှန်၏ဟူ၍ ပြောဆိုကြကုန်၏။ ထိုသူအားလုံးတို့သည် ထိုအယူ၌ အကဲ့ရဲ့ကိုသာခံကြရပါသလော၊သို့ မဟုတ် ချီးမွမ်းခြင်းကိုလည်း ရပါကုန်သေးသလော။ (၁)

၉ဝ၃။ [အဖြေ] ဤချီးမွမ်းခံရခြင်းသည် အနည်းငယ်မျှသာတည်း၊ (ရာဂစသည်တို့) ငြိမ်းအေးရန် မစွမ်းနိုင်၊ ငြင်းခုံခြင်း၏ အကျိုးတို့ကိုနိုင်ခြင်း ရှုံးခြင်းစသော ကောင်း မကောင်းအားဖြင့် နှစ်ပါးတို့ဟူ၍ငါ ဆို၏။ ဤသို့ ငြင်းခုံခြင်း၏ အပြစ်ကိုလည်း မြင်၍ ငြင်းခုံမှုမရှိရာ နိဗ္ဗာန်ကို ဘေးမရှိဟု ရှုလျက်ငြင်းခုံမှုကို မပြုရာ။ (၂)

၉ဝ၄။ မိစ္ဆာအယူအားလုံးတို့ကို ပုထုဇဉ်တို့ ဖြစ်စေအပ်ကုန်၏။ ပညာရှိသည်ဤမိစ္ဆာအယူအားလုံးတို့သို့ မကပ်ရောက်၊ မြင်ရသော အရာ ကြားရသော အရာ၌ နှစ်သက်လိုလားမှုကို မပြုသော ကပ်ရောက်တတ်သည့် တဏှာဒိဋ္ဌိမရှိသော ထိုပညာ ရှိသည် အဘယ်မည်သော ကပ်ရောက်ဖွယ့်ရုပ်ဝေဒနာစသည်သို့ ကပ်ရောက်တော့ မည်နည်း။ (၃)

၉ဝ၅။ စောင့်ထိန်းမှု 'သီလ'သာ မြတ်၏ဟု အယူရှိသူတို့့သည် သီလ စောင့်စည်းရုံမျှဖြင့်စင်ကြယ်၏ဟူ၍ ဆိုကုန်၏။ နွား ခွေးစသည်တို့၏ အကျင့် 'ဝတ'ကို ကောင်းစွာ ယူ၍ တည်ကုန်၏။ ဤမိမိအယူ၌သာလျှင် ကျွမ်းကျင်လိမ္မာ၏ဟု ပြောဆိုသူတို့သည် ဘဝ၌ မက်မောနစ်မြုပ်ကုန်လျက်ထိုဆရာ၏ စင်ကြယ်သောအကျင့်ကို ကျင့်ကုန်အံ့ဟု ပြောဆိုကြကုန်၏။ (၄)

၉ဝ၆။ ထိုသူသည် စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ'မှ ရွေ့လျောခဲ့မူ သီလနှင့်ဝတချွတ်ယွင်းပျက်စီးသောကြောင့် တုန်လှုပ်၏။ နေအိမ်မှ (ထွက်ခဲ့၍) အရပ်တစ်ပါးသို့ သွားသူသည် လှည်းအုပ်မှ ကျန်ရစ်ခဲ့သော် ထိုနေအိမ်နှင့် လှည်း အုပ်တစ်ခုခုကို တောင့်တဘိသကဲ့သို့ ထို့အတူစင်ကြယ်မှုကို တမ်းတမူလည်း တမ်းတ၏။ တောင့်တမူလည်း တောင့်တ၏။ (၅)

၉ဝ၇။ စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ'အားလုံးကိုလည်းကောင်း၊ အပြစ်ရှိ အပြစ်မရှိသော ထိုအကုသိုလ် ကုသိုလ်ကံကိုလည်းကောင်း ပယ်စွန့်၍ စင်ကြယ်မှု မစင်ကြယ်မှုကို မတောင့်တသော ရဟန်းပုဂ္ဂိုလ်သည် မိစ္ဆာအယူကို မယူမူ၍ (စင်ကြယ်မှု မစင်ကြယ်မှုမှ) ကြဉ်ရှောင်လျက်သွားလာနေထိုင်နိုင်ရာ၏။ (၆)

၉ဝ၈။ သံသရာမှ စင်ကြယ်၏ဟု (ဥဒ္ဓံသရအကိရိယသဿတ) အယူရှိသူတို့သည် စက်ဆုပ်အပ်သော 'တပေါဇိဂုစ္ဆာ' အကျင့်ကိုလည်းကောင်း ထို့ပြင် မြင်ရသော 'ရူပါရုံ' ကြားရသော 'သဒ္ဒါရုံ' ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံကိုလည်းကောင်း အမှီပြု၍ ဘဝကြီးငယ်တို့၌ တပ်မက်မှု 'တဏှာ' မကင်းကြကုန်ရကား စင်ကြယ်မှုကို ပြောဆိုကုန်၏။ (၇)

၉ဝ၉။ တောင့်တသူအား တမ်းတမှု 'တဏှာ'တို့ ဖြစ်ကုန်သည်သာတည်း၊ (တဏှာဒိဋ္ဌိဖြင့်) ကြံစည်အပ်သော ဝတ္ထုတို့၌ တုန်လှုပ်မှုသည်မူလည်း ဖြစ်၏။ ဤလောက၌ အကြင်ရဟန္တာပုဂ္ဂိုလ်အားစုတိပဋိသန္ဓေ မရှိ၊ ထိုရဟန္တာပုဂ္ဂိုလ်သည် အဘယ်ရာဂစသည်ဖြင့်မူလည်း တုန်လှုပ်ရာအံ့နည်၊ အဘယ်အရာမျိုး၌မူလည်း တမ်းတရာအံ့နည်း။ (၈)

၉၁ဝ။ [အမေး] အချို့သောသူတို့သည် အကြင်အယူဝါဒတရားကို မြတ်၏ဟူ၍ ဆိုကုန်၏။ အခြားသူတို့ကမူ ထိုအယူဝါဒတရားကိုပင်လျှင် ယုတ်၏ဟု ဆိုကြကုန်၏။ ဤသူအားလုံးတို့သည် ပင်လျှင်လိမ္မာကျွမ်းကျင်၏ဟူ၍ အယူရှိကြကုန်၏။ ဤသူတို့၏ အယူဝါဒတို့တွင် အဘယ်သူ၏ အယူဝါဒသည်မှန်ပါသနည်း။ (၉)

၉၁၁။ [အဖြေ] အချို့သူတို့သည် မိမိအယူဝါဒတရားကိုသာ ပြည့်စုံ၏ဟူ၍ ပြော ဆိုကုန်၏။ အခြားသောသူ၏ အယူဝါတရားကိုမူကား ယုတ်၏ဟူ၍ ပြောဆိုကုန်၏။ ဤသို့လည်း စွဲမြဲယူဆ၍ငြင်းခုံခြင်းကို ပြုကြကုန်၏။ မိမိ မိမိတို့၏ ပညတ်ချက် အယူဝါဒကိုသာမှန်၏ဟူ၍ ပြောဆိုကြကုန်၏။ (၁ဝ)

၉၁၂။ သူတစ်ပါးကဲ့ရဲ့ရှုတ်ချမှုကြောင့် ယုတ်ညံ့သူဖြစ်ခဲ့မူ အယူဝါဒတရားတို့၌ တစ်စုံတစ်ရာထူးခြားချက် မဖြစ်ရာ၊ အကြောင်းသော်ကား များစွာသောသူတို့သည် အခြားသောသူ၏ အယူဝါဒတရားကို ယုတ်ညံ့၏ဟု ပြောဆိုကြကာ မိမိ အယူဝါဒ၌မူကား မြဲမြံစွာ ပြောဆိုတတ်သောကြောင့် တည်း။ (၁၁)

၉၁၃။ (ထိုတိတ္ထိတို့သည်) မိမိတို့၏ အယူဝါဒ လမ်းစဉ်တို့ကို ချီးမွမ်းကုန်သကဲ့သို့ ဤအတူထိုသူတို့၏ မိမိတို့ဆရာနှင့် ဆရာ့တရားကို ပူဇော်မှုသည်လည်း မချွတ်မယွင်းမှန်ကန်၏ဟု သာချီးမွမ်းကြကုန်၏။ ဤသို့ ဖြစ်လတ်သော် အယူဝါဒအားလုံးတို့သည် မချွတ်မယွင်း အမှန်ချည်းသာဖြစ်ကုန်ရာ၏။သို့ ပင်ဖြစ်သော်လည်း ထိုဆရာတို့၏ အယူဝါဒ စင်ကြယ်မှုသည် အသီးအခြား (တစ်မျိုးစီသာ) ဖြစ်၏။ (၁၂)

၉၁၄။ ရဟန္တာပုဂ္ဂိုလ်အား သူတစ်ပါးတို့ သိစေအပ်သော အရာမျိုးမရှိ၊ (ခြောက်ဆယ့်နှစ်ပါးသော) အယူဝါဒတရားတို့၌ ဆုံးဖြတ်၍ စွဲလမ်းမှုလည်းမရှိ၊ ထို့ကြောင့် ရဟန္တာပုဂ္ဂိုလ်သည် သတိပဋ္ဌာန်စသည်မှ တစ်ပါးသော မိစ္ဆာဝါဒတရားကို အမြတ်ထား၍မရှုသောကြောင့် ငြင်းခုံမှုတို့ကို လွန်မြောက်တော့၏။ (၁၃)

၉၁၅။ (ပရစိတ္တဝိဇာနနဉာဏ် စသည်ဖြင့်) ငါ သိ၏။ ငါ မြင်၏။ ထိုငါ သိမြင်သောတရားသည်မချွတ်မယွင်းမှန်သည်သာလျှင် တည်း (ဟု) အချို့သော သမဏ ဗြာဟ္မဏတို့သည် မိစ္ဆာအယူဖြင့်စင်ကြယ်မှုကို ယုံကြည်ကြကုန်၏။ (ထိုသူတို့တွင် တစ်ယောက်ယောက်သည် ပရစိတ္တဝိဇာနနဉာဏ်စသည်ဖြင့်) အကယ်၍ သိမြင်စေ ကာမူ (သစ္စာလေးပါးတို့ သိမှု ကိစ္စမပြီးသောကြောင့် ) ထိုသူ၏ထိုမြင်ခြင်းဖြင့် အဘယ်သို့ ပြုအံ့နည်း၊ (ထိုတိတ္ထိတို့သည်) သတိပဋ္ဌာန်စသည်တို့ကို ကျော်လွန်၍အခြားသော မိစ္ဆာတရားဖြင့် စင်ကြယ်၏ဟူ၍ ပြောဆိုကြကုန်၏။ (၁၄)

၉၁၆။ (ပရစိတ္တဝိဇာနနဉာဏ် စသည်ဖြင့်) ရှုမြင်သော နာမ်ရုပ်ကို (နိစ္စသုခ အတ္တအားဖြင့်) ရှုမြင်၏။ ရှုမြင်ပြီး၍မူလည်း ထိုနာမ်ရုပ်တို့ကိုသာလျှင် (နိစ္စသုခ အတ္တအားဖြင့်) သိလတ္တံ့၊ များစွာရှုမြင်သည်မူလည်း ဖြစ်စေ၊ အနည်းငယ် ရှုမြင်သည်မူလည်းဖြစ်စေ ထိုရှုမြင်ခြင်းမျိုးဖြင့် စင်ကြယ်၏ဟု ခန္ဓာစသည်၌ လိမ္မာကုန်သောသူတို့က မပြောဆိုကြကုန်။ (၁၅)

၉၁၇။ မြဲမြံစွာ စွဲယူ၍ ဆိုလေ့ရှိသော (သဿတစသည့်) အယူရှိသူသည် ဆုံးမလွယ်သူ မဖြစ်နိုင်၊ ကြံစည်အပ်သည့်အယူကို ရှေ့သွားပြုသော်လည်း ဆုံးမ လွယ်သူ မဖြစ်နိုင်၊ ထိုသူသည် အကြင်အယူဝါဒကိုမှီ၏။ ထိုမိမိမှီရာ အယူဝါဒ၌ တင့်တယ်ကောင်းမြတ်၏ဟု ပြောဆို၏။ စင်ကြယ်၏ဟု ပြောဆိုသော ထိုသူသည် ထိုမိမိအယူဝါဒ၌ မချွတ်မယွင်းမှန်ကန်၏ဟု ရှုမြင်၏။ (၁၆)

၉၁၈။ ရဟန္တာပုဂ္ဂိုလ်သည် ပညာဖြင့် သိ၍ (တဏှာဒိဋ္ဌိဟူသော) ကြံစည်ခြင်းသို့ မကပ်ရောက်၊ မိစ္ဆာအယူတို့ကို အနှစ်သာရအားဖြင့် မယုံကြည်၊ အဘိညာဉ်ဉာဏ် သမာပတ္ထိဉာဏ်ဖြင့် (တဏှာဒိဋ္ဌိ) အနှောင်အဖွဲ့ကိုလည်း မဖြစ်စေ၊ ထိုရဟန္တာပုဂ္ဂိုလ်သည် ပုထုဇဉ်တို့ ဖြစ်စေအပ်ကုန်သော မိစ္ဆာအယူဝါဒတို့ကို သိပြီး၍သာလျှင် လျစ် လျူရှု၏။ တစ်ပါးသော ပုထုဇဉ်တို့သည်ကားထိုမိစ္ဆာဒိဋ္ဌိအယူဝါဒတို့ကို တဏှာဒိဋ္ဌိအားဖြင့် စွဲယူကုန်၏။ (၁၇)

၉၁၉။ ဤလောက၌ ရဟန္တာပုဂ္ဂိုလ်သည် အထုံးအဖွဲ့ 'ဂန္ထ'တရားလေးပါးတို့ကို ဖြေချပြီး၍ဖြစ်ပေါ်လာသော ငြင်းခုံမှုတို့၌ ဆန္ဒစသည်တို့၏ အစွမ်းဖြင့် အဂတိ အုပ်စုသို့ မလိုက်၊ မငြိမ်းအေးမှုတရားတို့၌ လျစ်လျူရှုသော ထိုရဟန္တာပုဂ္ဂိုလ်သည် ရာဂစသည် ငြိမ်းအေးပြီးဖြစ်ရကား (တဏှာဒိဋ္ဌိအစွမ်းအားဖြင့်) မစွဲယူ၊ အခြားသော ပုထုဇဉ်တို့သည်ကား (တဏှာဒိဋ္ဌိအစွမ်းအားဖြင့်) စွဲယူကုန်၏။ (၁၈)

၉၂ဝ။ ပညာရှိသော ထိုရဟန္တာပုဂ္ဂိုလ်သည် ရှေးအတိတ်ဖြစ်သော ခန္ဓာငါးပါးတို့ကို (အာရုံပြု၍ဖြစ်သော) ကိလေသာတို့ကို ပယ်စွန့်၍ အသစ်ပစ္စုပ္ပန်ဖြစ်သော ခန္ဓာငါးပါးတို့ကို (အာရုံပြု၍ ဖြစ်သော လိုလားမှုစသည်ကို) မပြုမူ၍ ဆန္ဒာဂတိစသည်သို့ မလိုက်၊ မြဲမြံစွာ စွဲယူ၍လည်း ဆိုလေ့မရှိ၊ (ခြောက်ဆယ့်နှစ်ပါးသော) မိစ္ဆာအယူတို့မှ လွတ်မြောက်၏။ လောက၌ (တဏှာဒိဋ္ဌိတို့ဖြင့်) မလိမ်းကျံမကပ်ငြိ၊ (ဒုစရိုက်ကို ပြုမိလေခြင်း သုစရိုက်ကို မပြုမိလေခြင်းဟု) မိမိကိုယ်ကို မကဲ့ရဲ့တတ်။ (၁၉)

၉၂၁။ ထိုရဟန္တာပုဂ္ဂိုလ်သည် မြင်သမျှသော ရူပါရုံကိုလည်းကောင်း၊ ကြားသမျှသော သဒ္ဒါရုံကိုလည်းကောင်း၊ ရောက်သမျှသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံကိုလည်းကောင်း ထိုတရားအားလုံးတို့၌ ကိလေသာစသော မာရ်စစ်သည်ကို လွှမ်းမိုး ဖျက်ဆီးနိုင်၏။ ခန္ဓာဝန်ကို ချပြီးဖြစ်၏။ ကိလေသာတို့မှလွတ်မြောက်ပြီး ဖြစ်၏။ တဏှာဒိဋ္ဌိဟူသော ကြံစည်မှုတို့ကို မပြု၊ ပုထုဇဉ်သေက္ခတို့ကဲ့သို့ ရှောင်ကြဉ်ဆဲမဟုတ်တော့ပေ၊ တောင့်တမှု တဏှာလည်း မရှိတော့ပေ။ (၂ဝ)

တစ်ဆယ့်သုံးခုမြောက် မဟာဗျူဟာသုတ် ပြီး၏။