သုတ္တနိပါတ်ပါဠိတော်

၁၄-တုဝဋကသုတ်

၉၂၂။ [အမေး] နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအားမေးလျှောက်ပါ၏။ မြတ်သော သီလက္ခန္ဓစသောတရားကို ရှာမှီးတော်မူသော မြတ်စွာဘုရား လောက၌ ရဟန်းသည် ကာယဝိဝေကစသော ဆိတ်ငြိမ်မှု 'ဝိဝေက'ကိုလည်းကောင်း (ရာဂစသည်တို့) ငြိမ်းအေးရာနိဗ္ဗာန်ကိုလည်းကောင်း အဘယ်သို့ ရှုမြင်သည်ရှိသော် (ရုပ်စသော) တစ်စုံတစ်ခုကို စွဲလမ်းမယူမူ၍မိမိသန္တာန်၌ ရာဂ စသည်ကို ငြိမ်းအေးစေနိုင်ပါသနည်း။ (၁)

၉၂၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

(ရဟန်းသည် ) သံသရာကို ချဲ့ထွင်တတ်သောတဏှာဒိဋ္ဌိဟူသော ပပဉ္စတရား၏ အရင်းမူလ'အဝိဇ္ဇာ'စသည်ကိုလည်းကောင်း (ရုပ်စသော ခန္ဓာငါးပါး၌) ငါဟူသော ထောင်လွှားမှု 'အသ္မိမာန'ကိုလည်းကောင်း ဤအလုံးစုံကို ပညာဖြင့် အကြွင်းမဲ့ ချုပ်စေရာ၏။ အဇ္ဈတ္တသန္တာန်၌ ဖြစ်သောတဏှာအားလုံးတို့ကို ပယ်ဖျောက်ခြင်းငှါ အခါ ခပ်သိမ်း သတိနှင့် ပြည့်စုံသည်ဖြစ်၍ ကျင့်ရာ၏။ (၂)

၉၂၄။ အကြင်ပုဂ္ဂိုလ်သည် မိမိကို စွဲ၍ ဖြစ်သော ဂုဏ်အားလုံးကိုလည်းကောင်း ထိုမှတစ်ပါးသော ဆရာဥပဇ္ဈာယ်တို့ကို စွဲ၍ ဖြစ်သော ဂုဏ်အားလုံးတို့ကိုလည်းကောင်း သိရာ၏။ ထိုပုဂ္ဂိုလ်သည် ထိုသိသမျှသော မိမိဂုဏ် ဆရာသမားဂုဏ်ဖြင့် ခက်ထန်မှု 'မာန'ကို မပြုရာ၊ ထိုခက်ထန်မှု 'မာန'ကို ငြိမ်းအေးကြောင်းဟူ၍ သူတော်ကောင်းတို့ မဆိုကြကုန်။ (၃)

၉၂၅။ ထိုမာနဖြင့် ငါသည် မြင့်မြတ်သူဟူ၍လည်းကောင်း၊ ယုတ်နိမ့်သူဟူ၍လည်းကောင်း၊ ထို့ပြင်တူညီသူဟူ၍လည်းကောင်း မမှတ်ထင်ရာ၊ များစွာသော အခြင်းအရာတို့ဖြင့် ပြည့်စုံသူဟူ၍ မိမိကိုယ်ကိုအထူးကြံစည်လျက် မတည်ရာ။ (၄)

၉၂၆။ ရဟန်းသည် မိမိသန္တာန်၌ ဖြစ်သော (ရာဂစသော) ကိလေသာကိုသာလျှင် ငြိမ်းစေရာ၏။ (သတိပဋ္ဌာန်စသည်တို့မှ) တစ်ပါးသော မိစ္ဆာအကျင့်ဖြင့် ငြိမ်းအေးမှုကို မရှာမှီးရာ၊ မိမိသန္တာန်၌ ဖြစ်သော (ရာဂစသော) ကိလေသာကို ငြိမ်းစေပြီး သူအား မိမိကိုယ်ဟူသော (အတ္တဒိဋ္ဌိ) အယူ မရှိ၊ အတ္တမှ ကင်းသော (ဥစ္ဆေဒဒိဋ္ဌိ) အယူသည်ကား အဘယ်မှာ ရှိတော့အံ့နည်း။ (၅)

၉၂၇။ သမုဒ္ဒရာ၏ (အောက်အထက်တို့) အလယ်၌ လှိုင်းတံပိုးတို့ မဖြစ်မူ၍ (မတုန်မလှုပ်) တည်သကဲ့သို့ ဤအတူ တဏှာကင်းသူသည် (လောကဓံတရား ရှစ်ပါးကြောင့် မတုန်မလှုပ်) တည်၏။ ရဟန်းသည် တစ်စုံတစ်ခုသော အာရုံကြောင့် (ရာဂစသည်) ထူပြောများပြားခြင်းကို မပြုရာ။ (၆)

၉၂၈။ [အမေး] အပိတ်အပင်မရှိ ပွင့်ပွင့်လင်းလင်း မြင်စွမ်းနိုင်သော မြတ်စွာဘုရား (မြတ်စွာဘုရားသည် ထင်ရှား မထင်ရှားသော) ဘေးရန်ကို ဖျက်ဆီးတတ်သော ကိုယ်တိုင်မျက်မှောက်ပြု၍ သိပြီးသောတရားကို ဟောကြားခဲ့ပါပြီ၊ အသျှင်ဘုရား မဂ်ဖိုလ်နိဗ္ဗာန်နှင့်လျော်သော ကျင့်စဉ်ကိုလည်းကောင်း၊ပါတိမောက္ခသံဝရ သီလကို လည်းကောင်း၊ တည်ကြည်မှု 'သမာဓိ' ကိုလည်းကောင်း ဟောကြားတော်မူပါလော့။ (၇)

၉၂၉။ [အဖြေ] မျက်စိတို့ဖြင့် လျှပ်ပေါ်သည် မဖြစ်ရာ၊ တိရစ္ဆာနကထာဟူသော ရွာသူတို့၏ စကားမှနားကို ပိတ်ပင်တားဆီးရာ၏။ ရသာရုံ၌လည်း မမက်မော ရာ၊ လောက၌ တစ်စုံတစ်ခုကိုမျှလည်း (တဏှာဒိဋ္ဌိတို့ဖြင့်) မမြတ်နိုးရာ။ (၈)

၉၃ဝ။ ရဟန်းသည် အနာရောဂါဟူသော အတွေ့ဖြင့် တွေ့ကြုံသောအခါတစ်စုံ တစ်ခုသော အကြောင်းကြောင့် ငိုကြွေးခြင်းကို မပြုရာ၊ (ကာမစသော) ဘဝကိုလည်း မတောင့်တရာ၊ ကြောက်မက်ဖွယ် ဘေးရန်တို့ကြောင့်လည်း မတုန်လှုပ်ရာ။ (၉)

၉၃၁။ ထမင်း (မုံ့ ငါးစသည်)တို့ကိုလည်းကောင်း၊ (ရှစ်ပါးသော) အဖျော်တို့ကိုလည်း ကောင်း၊ (မုံံ့ သစ်သီးစသော) ခဲဖွယ်တို့ကိုလည်းကောင်း၊ အဝတ်တို့ကိုလည်းကောင်း ရသည် ရှိသော် သိုမှီးမှုကို မပြုရာ၊ ထိုထမင်းစသည်တို့ကို မရသော်လည်း မစိုးရိမ် မထိတ်လန့်ရာ။ (၁ဝ)

၉၃၂။ ဈာန်၌ မွေ့လျော်သော ရဟန်းသည် လှည့်လည်သွားလာခြင်းဖြင့် ခြေလျှပ် ပေါ်သူ မဖြစ်ရာ၊ (လက် ခြေဆော့ခြင်းစသော လှုပ်ရှားမှု) ကုက္ကုစ္စမှ ရှောင်ကြဉ် ရာ၏။ (ကုသိုလ်တရားတို့၌) မမေ့မလျော့ရာ၊ အသံတိတ်ဆိတ်ကုန်သောနေရာ အိပ်ရာတို့၌ နေရာ၏။ (၁၁)

၉၃၃။ (ကိလေသာကို) ပူပန်စေတတ်သော လုံ့လရှိသူသည် အိပ်ခြင်းကို၁ များစွာ မပြုရာ၊ နိုးကြားမှု 'ဝီရိယ'ကိုမှီဝဲရာ၏။ ပျင်းရိမှုကိုလည်းကောင်း၊ လှည့်ပတ်မှု 'မာယာ'ကိုလည်းကောင်း၊ ရယ်ရွှင်မှုကိုလည်းကောင်း၊ မြူးထူးကစားမှုကိုလည်းကောင်း၊ မေထုန်အကျင့်ကိုလည်းကောင်း၊ အသုံးအဆောင်နှင့်တကွ ခန္ဓာကိုယ်ကို တန်ဆာဆင်မှုကိုလည်းကောင်း ပယ်စွန့်ရာ၏။ (၁၂)

၉၃၄။ (ရတနာသုံးပါးကို) မြတ်နိုးသူသည် သူတစ်ပါးကို နှိပ်စက်ကြောင်း (အာထဗ္ဗဏ) အတတ်ကိုလည်းကောင်း၊ အိပ်မက်ကျမ်းကိုလည်းကောင်း၊ လက္ခဏာ ကျမ်းကိုလည်းကောင်း၊ ထို့ပြင်နက္ခတ်ကျမ်းကိုလည်းကောင်း၊ သားငှက်စသည်တို့၏ မြည်သံတွန်သံကို သိသော အတတ်ကိုလည်းကောင်း၊ ကိုယ်ဝန်တည်ရေး ဆေး ပေးခြင်းကိုလည်းကောင်း မစီရင်ရာ၊ ဆေးကုခြင်းကိုလည်း မမှီဝဲမလိုက်စားရာ။ (၁၃)

၉၃၅။ ရဟန်းသည် ကဲ့ရဲ့ခြင်းကြောင့် မတုန်လှုပ်ရာ၊ အချီးမွမ်းခံရသော်လည်း မတက်ကြွရာ၊ ဝန်တိုခြင်းနှင့်တကွ လိုချင်မှု 'လောဘ'ကိုလည်းကောင်း၊ အမျက် ထွက်မှု 'ကောဓ'ကိုလည်းကောင်း၊ ချောပစ်ကုန်းတိုက်မှုကိုလည်းကောင်း ပယ် ဖျောက်ရာ၏။ (၁၄)

၉၃၆။ ရဟန်းသည် ဝယ်ခြင်း ရောင်းခြင်း၌၂ မတည်ရာ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် မျှစွပ်စွဲကြောင်း ကိလေသာကို မဖြစ်စေရာ၊ ရွာ၌လည်း (လူတို့နှင့်) မရောယှက် မကပ်ငြိရာ၊ လာဘ်လိုချင်မှုဟူသော အကြောင်းကြောင့် လူ အပေါင်းကို မြှောက်ပင့်နှိမ့်ချ၍ မပြောဆိုရာ။ (၁၅)

၉၃၇။ ရဟန်းသည် ဝါကြွားတတ်သူ မဖြစ်ရာ၊ (သင်္ကန်းစသော ပစ္စည်းရရေးနှင့်) စပ်သောစကားကို မပြောဆိုရာ၊ (ကိုယ်နှုတ်စိတ်) ကြမ်းတမ်းရိုင်းစိုင်းမှုကို မပြုကျင့်ရာ၊ ငြင်းခုံသော စကားကို မပြောဆိုရာ။ (၁၆)

၉၃၈။ ဆင်ခြင်ဉာဏ် သမ္ပဇဉ်ရှိသူသည် မုသားစကား မပြောဆိုရာ၊ စဉ်းလဲခြင်းတို့ကိုလည်း မပြုရာ၊ ခေါင်းပါးသော အသက်မွေးခြင်းဖြင့်လည်းကောင်း၊ ပညာဖြင့်လည်းကောင်း၊ စောင့်ထိန်းမှု 'သီလ'ဓူတင်ဆောက်တည်မှု 'ဝတ'ဖြင့်လည်းကောင်း အခြားသူတို့ကို မထီမဲ့မြင်မအောက်မေ့ရာ။ (၁၇)်

၉၃၉။ သူတစ်ပါးတို့ ဖျက်ဆီးကဲ့ရဲ့ခံရသော ရဟန်းသည် ပရိဗိုဇ်ရဟန်းတို့၏လည်းကောင်း၊ များစွာသောသူတို့၏လည်းကောင်း၊ များစွာသော စကားကို ကြားရသည်ရှိသော်လည်းကောင်း ထိုသူတို့ကိုကြမ်း၊ ကတ်သော စကားဖြင့် တုံ့ပြန်မပြော ဆိုရာ၊မှန်၏- သူတော်ကောင်းတို့သည် ရန်တုံ့မူခြင်းကို မပြုကြကုန်။ (၁၈)

၉၄ဝ။ စုံစမ်းဆင်ခြင်သော ရဟန်းသည် ထိုဟောပြခဲ့ပြီးသောတရားကိုလည်း သိ၍ အခါ ခပ်သိမ်းသတိနှင့် ပြည့်စုံသည် ဖြစ်လျက် ကျင့်ရာ၏။ (ရာဂစသည်တို့) ငြိမ်းအေးရာ သဘောတရားကို'သန္တိသုခနိဗ္ဗာန'ဓာတ်ဟု သိ၍ ဂေါတမနွယ် ဖွား မြတ်စွာဘုရား၏ သာသနာတော်၌ မမေ့မလျော့ရာ။ (၁၉)

၉၄၁။ အာရုံခြောက်ပါးတို့ကို လွှမ်းမိုးနိုင်သည်ဖြစ်၍ ကိလေသာတို့က မနှိပ် စက်နိုင်သော ထိုမြတ်စွာဘုရားသည် (တစ်ဆင့်ကြားမဟုတ်)၊ မိမိ (ကိုယ်တော်တိုင်) မျက်မှောက်ပြုသောတရားကို ့မြင်တော်မူ၏။ ထို့ကြောင့် ပင်လျှင် ထိုမြတ်စွာဘုရား၏ သာသနာတော်၌ မမေ့မလျော့ အခါ ခပ်သိမ်းရိုသေကိုင်းညွတ်သည်ဖြစ်၍ ကျင့်ရာ၏။ (၂ဝ)

တစ်ဆယ့်လေးခုမြောက် တုဝဋကသုတ် ပြီး၏။

၁။ ညဉ့်နေ့ကို ခြောက်ပုံပုံ၍ တစ်ပုံ (လေးနာရီ) မျှသာ အိပ်ရာ၏။ (မဟာနိဒ္ဒေသပါဠိတော်)

၂။ သီတင်းသုံးဖော်အချင်းချင်း လှည့်ပတ်၍ဖြစ်စေ အမြတ်ယူ၍ဖြစ်စေ ဖလှယ်မှုကိုဆိုသည်။ (အဋ္ဌကထာ)