သုတ္တနိပါတ်ပါဠိတော်

၁၅-အတ္တဒဏ္ဍသုတ်

၉၄၂။ (ပစ္စုပ္ပန် သံသရာနှစ်ဖြာသော) ဘေးသည် မိမိ၏ ဒုစရိုက် အပြစ်ဒဏ်ကြောင့် သာဖြစ်ပေါ်လာရာ၏။ (သို့ ပင်ဖြစ်သော်လည်း) အချင်းချင်း ခိုက်ရန် ငြင်းခုံ နေသော လူအပေါင်းကိုရှုကြကုန်လော့၊ ငါဘုရားကိုယ်တိုင် ထိတ်လန့်မှု သံဝေဂ ရခဲ့ဖူးသည့်အတိုင်း ထိတ်လန့်ဖွယ်သံဝေဂတရားကို ဟောကြားပေအံ့။ (၁)

၉၄၃။ ရေနည်းငါးတို့ကဲ့သို့ (ကိလေသာတို့ကြောင့်) တုန်လှုပ်နေသော သတ္တဝါ အပေါင်းကိုမြင်ရ၍လည်းကောင်း၊ အချင်းချင်း ခိုက်ရန် ငြင်းခုံနေကြသော လူတို့ကို မြင်ရ၍လည်းကောင်းကြောက်မက်ဖွယ် ဘေးဘျမ်းသည် ငါ့ထံသို့ ဝင်ရောက် လာ၏။ (၂)

၉၄၄။ ထက်ဝန်းကျင် (အားလုံး) သော လောကသည် အနှစ်သာရ မရှိ၊ အရပ် မျက်နှာအားလုံးရှိသင်္ခါရတရားတို့သည် (မမြဲခြင်းစသည်ဖြင့်) တုန်လှုပ်ကုန်၏။ မိမိ၏မှီခိုအားထားရာကို အလိုရှိသူသည် (ဇရာစသည်တို့ဖြင့်) မလွှမ်းမိုးနိုင်သည့် တစ်စုံတစ်ခုသောအရပ်ကို မမြင်။ (၃)

၉၄၅။ ပျိုသော အရွယ်စသည်တို့၏ ပြီးဆုံးပြီးနောက် ဖြစ်ကုန်သော (ဇရာ စသည်တို့) နှိပ်စက်ညှဉ်းဆဲအပ်ကုန်သော သတ္တဝါတို့ကို မြင်ရ၍ ငါ့အား မမွေ့လျော်မှု ဖြစ်ခဲ့ပြီ၊ ထို့ပြင်ဤသတ္တဝါတို့၌ စိတ်နှလုံးကိုမှီနေသည်ဖြစ်၍ မြင်နိုင် ခဲသော (ရာဂစသော) မြားငြောင့်ကို ငါ မြင်ပြီ။ (၄)

၉၄၆။ အကြင် (ရာဂစသော) မြားငြောင့် စူးဝင်နေသူသည် အရပ်မျက်နှာအား လုံးတို့သို့ ပြေးသွားရ၏။ ထို (ရာဂစသော) မြားငြောင့်ကိုပင်လျှင် နုတ်ပယ်လိုက်သည်ရှိသော် မပြေးသွားရတော့ပေ၊ (သြဃလေးပါး၌) မနစ်မြုပ်ရတော့ပေ။ (၅)

၉၄၇။ လူ့ပြည် လောက၌ အကြင်တပ်မက်မောဖွယ် (ကာမဂုဏ်)တို့သည် ရှိကုန်၏။ ထိုတပ်မက်မောဖွယ် ကာမဂုဏ်တို့ကြောင့် (ဆင်အတတ်စသော) အတတ် ပညာတို့ကို အဆင့်ဆင့်သင်ယူကြကုန်၏။ ထိုကာမဂုဏ်တို့နှင့် အတတ်ပညာတို့၌ လိုက်စားလေ့လာသူ မဖြစ်ရာ၊ ကာမတို့ကို (အနိစ္စစသောအားဖြင့်) အချင်းခပ်သိမ်း ထိုးထွင်းသိ၍ မိမိ၏ (ရာဂစသည်ကို) ငြိမ်းစိမ့်သောငှါ ကျင့်ရာ၏။ (၆)

၉၄၈။ ရဟန်းသည် ဝစီသစ္စာစသည်နှင့် ပြည့်စုံသူ ဖြစ်ရာ၏။ (ကိုယ်နှုတ်စိတ်) မကြမ်းတမ်းသူလှည့်ပတ်မှု 'မာယာ' မရှိသူကုန်းတိုက်မှု ကင်းသူ အမျက်ထွက်မှု မရှိသူ ဖြစ်ရာ၏။ ယုတ်မာသော လော ဘကိုလည်းကောင်း၊ ဝန်တိုမှု 'မစ္ဆရိယ'ကိုလည်းကောင်း လွန်မြောက်ရာ၏။ (၇)

၉၄၉။ နိဗ္ဗာန်သို့ ညွတ်သော စိတ်ရှိသူသည် ငိုက်မျဉ်းခြင်းကိုလည်းကောင်း ပျင်းရိခြင်းကိုလည်းကောင်း၊ ထိုင်းမှိုင်းခြင်းကိုလည်းကောင်း ဖျောက်ဖျက်ရာ၏။ (ကုသိုလ်ကောင်းမှုတို့၌) မေ့လျော့သဖြင့် မနေရာ၊ အလွန်ထောင်လွှားမှု 'မာန'၌ မတည်ရာ။ (၈)

၉၅ဝ။ မုသားစကား မပြောဆိုရာ၊ ရုပ်တရား၌ ချစ်ခင်မှုကို မပြုရာ၊ ထောင် လွှားမှု 'မာန'ကိုလည်းပိုင်းခြား၍ သိရာ၏။ အဆောတလျင် ပြုလုပ်ခြင်းမှ ရှောင် ကြဉ်သည်ဖြစ်၍ ကျင့်ရာ၏။ (၉)

၉၅၁။ အတိတ်ခန္ဓာငါးပါးကို မနှစ်သက် မမက်မောရာ၊ ပစ္စုပ္ပန်ခန္ဓာငါးပါး၌ နှစ်သက်မက်မောမှုကိုလည်းမပြုရာ၊ ခန္ဓာစသည် ပျက်စီးသည်ရှိသော် မပူဆွေး ရာ၊ ဆွဲငင်တတ်သောတဏှာကို စွဲမှီသူ မဖြစ်ရာ။ (၁ဝ)

၉၅၂။ မက်မောမှု 'တဏှာ'ကို ကြီးစွာသော ရေအလျဉ်ဟူ၍ ငါ ဆို၏။ လျင်စွာ ဖြစ်တတ်သောတဏှာကို တောင့်တမှု 'ဇပ္ပန'ဟူ၍လည်းကောင်း၊ မလွှတ်မူ၍ ဆွဲကိုင်မှု 'အာရမ္မဏ'ဟူ၍လည်းကောင်း၊ တုန်လှုပ်မှု 'ပကပ္ပန'ဟူ၍လည်းကောင်း ငါ ဆို၏။ ကာမဟူသော ညွန်ကို လွန်မြောက်နိုင်ခဲသော အရာဟု ငါ ဆို၏။ (၁၁)

၉၅၃။ မကောင်းမှုမှ အပပြုပြီးသော ထိုရဟန်းသည် (အဋ္ဌင်္ဂီကမဂ်) သစ္စာမှ မလွှဲမရှောင်မူ၍ (အာယတန)အားလုံးကို စွန့်လွှတ်ပြီးလျှင် (နိဗ္ဗာန်ဟူသော) ကြည်းကုန်းထက်၌ တည်၏။ ထိုပုဂ္ဂိုလ်ကို စင်စစ် ငြိမ်းအေးပြီးသူဟူ၍ ဆိုအပ်၏။ (၁၂)

၉၅၄။ ဤလောက၌ (ဆန္ဒရာဂစသည်ကို ပယ်ပြီးဖြစ်၍) ကောင်းစွာ နေထိုင် သွားလာသော ထိုပုဂ္ဂိုလ်သည် (တဏှာဒိဋ္ဌိတို့ဖြင့်) မမှီဘဲလျက် သင်္ခတတရား အပေါင်းကို (အနိစ္စ စသောအားဖြင့်) သိပြီးဖြစ်၍ တစ်စုံတစ်ယောက်ကိုမျှ မချစ်ခင် တော့ပေ၊ ထိုပုဂ္ဂိုလ်သည်သာ ပညာရှိမည်၏။ ထိုပုဂ္ဂိုလ်သည်သာ မဂ်ဉာဏ်သို့ ရောက်ပြီးသူ မည်၏။ (၁၃)

၉၅၅။ ဤလောက၌ အကြင်သူသည် ကာမတို့ကို လွန်မြောက်ခဲ့ပြီ၊ လောက၌ လွန်နိုင်ခဲသော ကပ်ငြိမှု 'တဏှာ'ကိုလည်း လွန်မြောက်ခဲ့ပြီ၊ (တဏှာ) အလျဉ်ကို ဖြတ်ပြီးသော ကိလေသာအနှောင်အဖွဲ့မရှိသော ထိုသူသည် မပူဆွေးတော့ပေ၊ မကြံမှိုင်တော့ပေ။ (၁၄)

၉၅၆။ အတိတ်သင်္ခါရတို့ကို (အာရုံပြု၍ဖြစ်သော) ကိလေသာမျိုးကို ခြောက်ခန်း စေလော့၊ အနာဂတ်သင်္ခါရတို့ကို (အာရုံပြု၍ဖြစ်သော ရာဂစသော) ကြောင့်ကြမှု သင့်အား မဖြစ်စေလင့်၊ ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ကို တဏှာဒိဋ္ဌိအားဖြင့် သင် မစွဲယူခဲ့မူ (ကိလေသာ ငြိမ်းအေးသည်ဖြစ်၍) နေရလတ္တံ့။ (၁၅)

၉၅၇။ အကြင်ရဟန္တာအား နာမ်ရုပ်တရားအပေါင်း၌ (ငါ ငါ၏ဥစ္စာဟု) အချင်း ခပ်သိမ်းမြတ်နိုးစွဲလမ်းမှု မရှိ၊ ထိုနာမ်ရုပ် ပျက်စီးသော်လည်း မစိုးရိမ်၊ ထို ရဟန္တာပုဂ္ဂိုလ်သည် လောက၌ ဆုတ်ယုတ်ဆုံးရှုံးသူ မဟုတ်။ (၁၆)

၉၅၈။ အကြင်ရဟန္တာပုဂ္ဂိုလ်အား ငါ၏ ဥစ္စာဟူ၍လည်းကောင်း၊ သူတစ်ပါးတို့၏ ဥစ္စာဟူ၍လည်းကောင်း (ရုပ်ဝေဒနာစသည်ကို) စွဲယူကြောင့်ကြမှု မရှိ၊ ထိုရဟန္တာ ပုဂ္ဂိုလ်သည် မြတ်နိုးစွဲလမ်းဖွယ်ဝတ္ထုကို မရသော်လည်း ငါ့အား မရမရှိဟူ၍ မစိုး ရိမ်တော့ချေ။ (၁၇)

၉၅၉။ တုန်လှုပ်ခြင်း မရှိသူပုဂ္ဂိုလ်ကို ငါ့အား မေးသည်ရှိသော် (အကြင်ပုဂ္ဂိုလ်သည် ) ငြူစူခြင်း မရှိ၊ မက်မောတွယ်တာမှု မရှိ၊ တုန်လှုပ်ကြောင်း တဏှာ မရှိ၊ အာယတနအားလုံးတို့၌ အညီအမျှလျစ်လျူရှုနိုင်၏။ (ထိုပုဂ္ဂိုလ်၌) ထိုအကျိုး အာနိသင် (လေးပါး) ကို ငါ ဆို၏။ (၁၈)

၉၆ဝ။ တုန်လှုပ်မှုတဏှာကင်းသော (သင်္ခါရတရားတို့၏ အနိစ္စစသော အခြင်း အရာကို) သိသောသူအားတစ်စုံတစ်ခုပြုပြင်တတ်သော သင်္ခါရ မရှိ၊ ထိုပုဂ္ဂိုလ်သည် အထူးထူးသောအားထုတ်မှု (ကုသိုလ်အကုသိုလ် သင်္ခါရ)မှ ကင်းသည်ဖြစ်၍ အလုံးစုံသော အရာဌာနတို့၌ ဘေးမရှိသည်ကို မြင်နိုင်၏။ (၁၉)

၉၆၁။ အကြင်ရဟန်းသည် တူညီသူတို့၌ (မာနအစွမ်းဖြင့်) တူညီသူဟု မပြော ဆို၊ ယုတ်နိမ့်သူတို့၌ ယုတ်နိမ့်သူဟု မပြောဆို၊ မြင့်မြတ်သူတို့၌ မြင့်မြတ်သူဟု မပြောဆို၊ ကိလေသာငြိမ်းအေးပြီးဖြစ်သော ထိုရဟန်းသည် ဝန်တိုမှု 'မစ္ဆေရ' ကင်းသည်ဖြစ်၍ (ခန္ဓာငါးပါးစသည်ကို) စွဲလည်း မစွဲယူ စွန့်လည်းမစွန့်လွှတ်။ (၂ဝ)

တစ်ဆယ့်ငါးခုမြောက် အတ္တဒဏ္ဍသုတ် ပြီး၏။