သုတ္တနိပါတ်ပါဠိတော်

၁၆-သာရိပုတ္တသုတ်

၉၆၂။ (အသျှင်သာရိပုတ္တရာသည် ဤသို့ လျှောက်ဆို၏) -

နှစ်သက်မွေ့လျော်ဖွယ်ရာ နတ်ပြည် လောကမှ ကြွလာတော်မူခဲ့သော ဂိုဏ်းဆရာ ဖြစ်တော်မူသော ဤသို့ အင်္ဂါရှစ်ပါးရှိသော အသံတော်ဖြင့် ချိုမြိန်သာယာစွာ ဟော ကြားမြွက်ဆိုတော်မူတတ်သော ဆရာဘုရားကို (သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်း တော်မူရာ) ဤအခါမှ ရှေး၌ အကျွန်ုပ်သည်ကိုယ်တိုင်လည်းမမြင်ဖူးပါ၊ တစ်စုံ တစ်ယောက်သောသူ၏ ပြောဆိုသံကိုလည်း မကြားဖူးပါ။ (၁)

၉၆၃။ မြတ်သော စက္ခုရှိတော်မူသော ပြိုင်ဘက်မပြူ တစ်ဆူတည်းသာ ဖြစ် တော်မူသော မြတ်စွာဘုရားသည် နတ်နှင့်တကွသော လူအပေါင်းသည် (အချင်း ချင်း) ထင်ရှားတွေ့မြင်နိုင်လောက်အောင် အမိုက်မှောင်အားလုံးကို ပယ်ဖျောက် တော်မူပြီး၍ မွေ့လျော်မှုကို ရတော်မူပြီ။ (၂)

၉၆၄။ မင်းပုဏ္ဏားစသော များစွာသောသူတို့ အကျိုးငှါလည်းကောင်း၊ အလုပ် အကျွေးတပည့်ရဟန်းတို့ အကျိုးငှှါလည်းကောင်း တဏှာဒိဋ္ဌိကို မမှီသောသည်းခံခြင်းဂုဏ်နှင့် ပြည့်စုံသောအံ့သြဖွယ် 'ကုဟန' အမှုကို မပြုတတ်သော ဂိုဏ်းဆရာ အဖြစ်သို့ ရောက်တော်မူသော ထိုမြတ်စွာဘုရားကို ပြဿနာမေးရန်အလို့ငှါ ဤအရပ်သို့ အကျွန်ုပ် ရောက်လာခဲ့ပါ၏။ (၃)

၉၆၅။ (ဇာတိစသည်မှ) ငြီးငွေ့စက်ဆုပ်သည်ဖြစ်၍ မလျောက်ပတ်သော ရူပါရုံစသည်မှဆိတ်သုဉ်းသည့်နေရာဖြစ်သော သစ်ပင်ရင်း သုသာန် တောင် လိုဏ်ဂူတို့၌မှီဝဲဆည်း ကပ်သော ရဟန်းအား (ကြောက်မက်ဖွယ်ဘေးရန်တို့သည် အဘယ်မျှ ရှိပါကုန်သနည်း)။ (၄)

၉၆၆။ အယုတ်အမြတ်ဖြစ်သည့် အိပ်ရာနေရာတို့တွင် အသံကင်းဆိတ်သော အကြင်အိပ်ရာနေရာ၌ ရဟန်းသည် အကြင်ကြောက်မက်ဖွယ် ဘေးရန်တို့ကြောင့် မတုန်လှုပ်ရာ၊ ထိုအိပ်ရာနေရာ၌မှီဝဲသော ရဟန်းအား ထိိုကြောက်မက်ဖွယ် ဘေး ရန်တို့သည် အဘယ်မျှ ရှိပါကုန်သနည်း။ (၅)

၉၆၇။ အစွန်အဖျားကျသော အိပ်ရာနေရာကျောင်း၌ (နေသော) ရဟန်းသည် အကြင် ဘေးရန်တို့ကို နှိမ်နင်းနိုင်ရာ၏။ လောက၌ မရောက်ဖူးသေးသည့် နိဗ္ဗာန် အရပ်သို့ သွားသော ရဟန်းအားထိုဘေးရန်တို့သည် အဘယ်မျှ ရှိပါကုန် သနည်း။ (၆)

၉၆၈။ ဤသာသနာတော်၌ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသော ထိုရဟန်းအား အဘယ်သို့ သော စကားတို့သည် ဖြစ်ပါကုန်သနည်း၊ အဘယ်သို့သော ကျက်စားရာ 'ဂေါစရ'တို့သည် ဖြစ်ပါကုန်သနည်း၊ အဘယ်သို့ သော စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ'တို့သည် ဖြစ်ပါကုန်သနည်း။ (၇)

၉၆၉။ တည်ကြည်သော စိတ်ရှိသော ရင့်ကျက်သော ပညာရှိသော သတိနှင့် ပြည့်စုံသော ထိုရဟန်းသည် အဘယ်မည်သောအကျင့်သိက္ခာကို ဆောက်တည်၍ ရွှေပန်းထိမ်သည်သည် ရွှေ၏အညစ်အကြေးကို ထုတ်သကဲ့သို့ ဤအတူ မိမိ၏ (ကိလေသာ) အညစ်အကြေးကို ထုတ်ရာပါသနည်းဟု (အသျှင်သာရိပုတ္တရာက လျှောက်၏)။ (၈)

၉၇ဝ။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

သာရိပုတ္တရာ (သံသရာဘေးကို) စက်ဆုပ်တတ်သော ဆိတ်ငြိမ်သည့် အိပ်ရာ နေရာ ကျောင်းကိုမှီဝဲသော စင်စစ် (မဂ်ဉာဏ်ကို) အလိုရှိသူ၏ ချမ်းသာစွာ နေကြောင်းဖြစ်သော လောကုတ္တရာတရားအားလျော်သောအကျင့်တရားကို ငါ သိသည့်အတိုင်း သင့်အား ဟောကြားပေအံ့။ (၉)

၉၇၁။ အပိုင်းအခြားရှိသည့် သီလစသည်တို့၌ ကျင့်လေ့ရှိသော သတိရှိသော ပညာရှိသော ရဟန်းသည်မှက်နှင့် ခြင် ယင်တို့လည်းကောင်း မြွေ ကင်းသန်းတို့လည်းကောင်း လူတို့ညှဉ်းဆဲထိပါးမှုတို့လည်းကောင်း ခြေလေးချောင်းရှိသော သတ္တဝါတို့လည်းကောင်း့ဤဘေးရန်လေးမျိုးတို့ကို မကြောက်ရာ။ (၁ဝ)

၉၇၂။ ကုသိုလ်ကို အစဉ်မပြတ် ရှာမှီးလေ့ရှိသူသည် (သီတင်းသုံးဖော် ခုနစ်ယောက်မှ)၁ တစ်ပါးအခြားသော သာသနာပြင်ပဖြစ်သော ထိုသူတို့၏ များစွာသော ကြောက်မက်ဖွယ်တို့ကို မြင်သော်လည်း မထိတ်လန့်ရာ၊ ထို့ပြင် အခြားဘေးရန်တို့ကိုလည်း နှိမ်နင်းတိုက် ဖျက်ရာ၏။ (၁၁)

၉၇၃။ အနာရောဂါ ညှဉ်းဆဲထိပါးမှုဖြင့်လည်းကောင်း၊ ဆာလောင်မွတ်သိပ်မှုဖြင့်လည်းကောင်းတွေ့ထိခံရသူသည် သည်းခံရာ၏။ ထို့ပြင် အချမ်းအပူကိုလည်းသည်းခံရာ၏။ ထိုအနာရောဂါစသည်တို့ဖြင့် များစွာ တွေ့ထိခံရသူသည် ဘဝသစ်ကို ဖြစ်စေတတ်သော ကုသိုလ်အကုသိုလ်ကံတို့၏ ဖြစ်ခွင့်ကို မပေးမူ၍ လုံ့လ ကြိုးကုတ်အားထုတ်မှုကို မြဲမြံစွာ ပြုရာ၏။ (၁၂)

၉၇၄။ ခိုးယူမှုကို မပြုရာ၊ မုသားစကားကို မဆိုရာ၊ ပုထုဇဉ်သေက္ခနှင့် ရဟန္တာပုဂ္ဂိုလ်တို့ကို မေတ္တာဖြင့် တွေ့ထိပျံ့နှံ့စေရာ၏။ (မိမိ) စိတ်နောက်ကျုမှုကို သိသောအခါ၌ မာရ်နတ်၏ အသင်းအပင်းဟု (နှလုံးပိုက်၍) ပယ်ဖျောက်ရာ၏။ (၁၃)

၉၇၅။ အမျက်ထွက်မှု 'ကောဓ' အလွန်ထောင်လွှားမှု 'မာန'၏ အလိုနိုင်ငံသို့ မလိုက်ရာ၊ ကောဓမာနတို့၏ အမြစ်အရင်းကိုလည်း တူးဖြိုပယ်နုတ်၍ တည် ရာ၏။ ထို့ပြင် ချစ်နှစ်သက်ဖွယ် ဣဋ္ဌာရုံနှင့်မချစ်မနှစ်သက်ဖွယ် အနိဋ္ဌာရုံကို လွှမ်း မိုးနှိပ်စက်နိုင်သူသည် ဧကန်မုချ လွှမ်းမိုးနှိပ်စက်ရာ၏။ (၁၄)

၉၇၆။ ဗုဒ္ဓါနုဿတိစသည်တို့၏ အစွမ်းဖြင့် ဖြစ်သော ကောင်းမြတ်သော ပီတိနှင့် ပြည့်စုံသူသည် ပညာကို ရှေ့သွားပြု၍ ထိုဘေးရန်တို့ကို ပယ်ခွါရာ၏။ အစွန် အဖျားကျသော အိပ်ရာနေရာ၌ မမွေ့လျော်မှုကိုသည်းခံရာ၏။ (ဆိုလတ္တံ့သော) မြည်တမ်းငိုကြွေး ကြောင်းတရားလေးပါးတို့ကိုသည်းခံရာ၏။ (၁၅)

၉၇၇။ တဏှာအိမ်၌ ကျက်စားလေ့မရှိသော သေက္ခပုဂ္ဂိုလ်သည် အဘယ်ကို စားရအံ့နည်း၊ အဘယ်အမျိုး၌မူလည်း စားရအံ့နည်း၊ ဤညဉ့်၌ ဆင်းရဲစွာ အိပ်ခဲ့ ရပြီတကား၊ ယနေ့ညဉ့်၌မူအဘယ်အရပ်မှာ အိပ်ရပါအံ့နည်း၊ ဤသို့ မြည်တမ်း ငိုကြွေးကြောင်းဖြစ်သော ထိုအကြံအစည်တို့ကို ပယ်ဖျောက်ရာ၏။ (၁၆)

၉၇၈။ ဤသာသနာတော်၌ ရဟန်းသည် လျောက်ပတ်သော ကာလ၌ ဆွမ်းကိုလည်းကောင်း၊ အဝတ်သင်္ကန်းကိုလည်းကောင်း ရခဲ့သော် ရောင့်ရဲလွယ်ခြင်းအကျိုးငှါ အတိုင်း အရှည်ကို သိရာ၏။ ရွာ၌ စောင့်စည်းအပ်သည့်အကျင့်ရှိသော ထိုရဟန်းသည် ထိုပစ္စည်းလေးပါးတို့၌ ရောင့်ရဲမှုဖြင့်စောင့်စည်းလျက် (သူတစ်ပါးတို့က) ခြုပ်ခြယ်ထိပါးသော်လည်း ကြမ်းတမ်းသော စကားကို မပြောဆိုရာ။ (၁၇)

၉၇၉။ မျက်လွှာချထားသူ ဖြစ်ရာ၏။ မရပ်မတည် လှည့်လည်ခြင်းဖြင့် ခြေမငြိမ် သူ မဖြစ်ရာ၊ ဈာန်ရမှုကိုအားထုတ်သူ များစွာ နိုးကြားမှု ရှိသူ ဖြစ်ရာ၏။ စတုတ္ထဈာန်နှင့် ယှဉ်သော ဥပေက္ခာကို အကြောင်းပြု၍ တည်ကြည်သော စိတ် ရှိသည် ဖြစ်လျက် ကာမဝိတက်စသော ကြံစည်မှုကာမသညာစသောတည်ရာကိုလည်းကောင်း၊ လက်ဆော့ ခြေဆော့ 'ကုက္ကုစ္စ' နောင်တတစ်ဖန်ပူပန်မှု 'ကုက္ကုစ္စ'ကိုလည်းကောင်း ဖြတ်တောက်ရာ၏။ (၁၈)

၉၈ဝ။ ဝိနည်းကံအရ အပ် မအပ်စကားတို့ဖြင့် အပြစ်တင် (စောဒနာ) ခဲ့သော် သတိကို ဖြစ်စေလျက်နှစ်သက်ဝမ်းမြောက်ရာ၏။ သီတင်းသုံးဖော်တို့ အပေါ်၌ ပြစ်မှားမှု ငြောင့်တံသင်းကို ဖျက်ဆီးရာ၏။ ကုသိုလ်နှင့် စပ်ယှဉ်သော စကားကို မြွက်ဆိုရာ၏။ ကာလအပိုင်းအခြား သီလအပိုင်းအခြားကို လွန်၍လည်း မမြွက်ဆို ရာ၊ လူအများ စွပ်စွဲခြင်းခံရမည့် (သီလပျက်စီးမှုစသော) သဘောကိုအားမထုတ်ရာ။ (၁၉)

၉၈၁။ ထို့ပြင် လောက၌ (ရူပရာဂစသော) မြူငါးမျိုးတို့ ရှိကုန်၏။ သတိရှိသူတို့သည် ့ယင်းမြူငါးမျိုးတို့ကို ပယ်ဖျောက်နိုင်ရန် ကျင့်ရာ၏။ ဤသို့ ကျင့်သူသည် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံဖောဋ္ဌဗ္ဗာရုံတို့၌ တပ်စွန်းမှု 'ရာဂ'ကိုသည်းခံနိုင် ရာ၏။ (၂ဝ)

၉၈၂။ သင့်လျော်သောအခါ၌ သင်္ခတတရားကို အမှန်အတိုင်း စူးစမ်းဆင်ခြင်သူ နီဝရဏစသည်မှလွတ်မြောက်ပြီးသော စိတ်ရှိသူ သတိရှိသူ ထိုရဟန်းသည် ထို (ရူပါရုံစသော) တရားတို့၌ အလို 'ဆန္ဒ'ကို ပယ်ဖျောက်ရာ၏။ တည်ကြည်သော စိတ်ရှိသော ထိုရဟန်းသည် အဝိဇ္ဇာစသော အမိုက်တိုက်ကို ပယ်ဖျောက်ရာ၏။ (၂၁)

တစ်ဆယ့်ခြောက်ခုမြောက် သာရိပုတ္တသုတ် ပြီး၏။

လေးခုမြောက် အဋ္ဌကဝဂ် ပြီး၏။

၁။ သတ္တသဟဓမ္မိကေ ဌပေတွာဟူသော မဟာနိဒ္ဒေသပါဠိတော်လာ သတ္တသဟဓမ္မိကအရဘိက္ခု ဘိက္ခုနီ သာမဏေရ သာမဏေရီ သိက္ခမာန် ဥပါသကာ ဥပါသိကာတို့ကို ယူလေ။