သုတ္တနိပါတ်ပါဠိတော်

၄-သုဒ္ဓဋ္ဌကသုတ်

၇၉၅။ မြတ်သော အနာရောဂါမရှိသော စင်ကြယ်သော အဆင်းကို ငါ မြင်ရ၏။ အဆင်းကို မြင်ရုံမျှဖြင့်သတ္တဝါအား ကောင်းစွာ စင်ကြယ်၏ဟု သိမြင်သူသည် (ထိုအမြင်ကို) မွန်မြတ်၏ဟု သိ၍ စင်ကြယ်မှုကို အဖန်တလဲလဲ ရှုလျက် (ထိုအမြင်ကို) မဂ်ဉာဏ်ဟူ၍ ယုံကြည်နေ၏။ (၁)

၇၉၆။ မြင်ရုံမျှဖြင့် သတ္တဝါအား စင်ကြယ်နိုင်ခဲ့မူ အဆင်းကို သိရုံမျှဖြင့် ဆင်းရဲကို စွန့်လွှတ်နိုင်ခဲ့မူကိလေသာဥပဓိနှင့် တကွသာဖြစ်သော ထိုသူသည် အရိယမဂ်မှ တစ်ပါးသော လမ်းစဉ်ဖြင့်စင်ကြယ်နိုင်၏ဟု ဆိုရာသို့ ရောက်၏။ ထိုသို့ ပြောဆိုသူကို မိစ္ဆာဒိဋ္ဌိဟု ပြောဆိုရ၏။ (၂)

၇၉၇။ ဤလောက၌ ရဟန္တာဗြာဟ္မဏသည် (အရိယမဂ်မှ) တစ်ပါးသော မိစ္ဆာ ဉာဏ်ဖြင့် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံ၌လည်းကောင်း မလွန်ကျူးမှု 'သီလ' နွားခွေးစသည်တို့၏ အကျင့်'ဝတ'၌လည်းကောင်း စင်ကြယ်၏ဟူ၍ မဆို၊ ကုသိုလ်အကုသိုလ်၌လည်း မကပ်ငြိ မလိမ်းကျံ၊ အတ္တဒိဋ္ဌိကိုလည်း စွန့်ပြီးဖြစ်၏။ (ကုသိုလ် အကုသိုလ်ကိုလည်း) မပြု လုပ်တော့ပေ။ (၃)

၇၉၈။ မျောက်သည် သစ်ခက်တစ်ခက်ကို လွှတ်၍ သစ်ခက်တစ်ခက်ကို ဆွဲကိုင် ဘိသကဲ့သို့ ဤအတူတဏှာနောက်သို့ အစဉ်တစိုက် လိုက်ကြသူတို့သည် ငြိကပ် တွယ်တာမှု 'တဏှာ'ကို မလွန်မြောက်နိုင်ကုန်ရကား လက်ဦးဆရာကို စွန့်လွှတ်ပြီးလျှင် နောက်ဆရာကိုမှီကြကုန်လျက့် (ထိုထိုဆရာ့ အယူဝါဒကို) သင်ယူလည်း သင်ယူကြကုန်၏။ စွန့်လွှတ်လည်း စွန့်လွှတ်ကြကုန်၏။ (၄)

၇၉၉။ (ကာမ) သညာစသည်၌ ကပ်ငြိတွယ်တာသော သတ္တဝါသည် (နွားခွေး စသည်တို့၏) အကျင့်တို့ကို ကိုယ်တိုင်ယူ၍ အယုတ်အမြတ်ဖြစ်သော ဆရာတစ်ဦးမှ ဆရာတစ်ဦးထံသို့ ဆည်းကပ်၏။ မြတ်သော ပညာရှိဖြစ်၍ နိဗ္ဗာန်ကို သိမြင်သူသည် မဂ်ဉာဏ်လေးပါးတို့ဖြင့် သစ္စာလေးပါးတရားကို သိပြီးသောကြောင့် အယုတ် အမြတ်ဖြစ်သော ဆရာတစ်ဦးမှ ဆရာတစ်ဦးသို့ မဆည်းကပ်တော့ပေ။ (၅)

၈ဝဝ။ ထိုရဟန္တာပုဂ္ဂိုလ်သည် မြင်သမျှသော ရူပါရုံ ကြားသမျှသော သဒ္ဒါရုံ ရောက်သမျှသော ဂန္ဓ ရသဖောဋ္ဌဗ္ဗာရုံဟု ဆိုအပ်သောတရားအားလုံးတို့၌ ကိလေသာစသော မာရ်စစ်သည်ကို လွှမ်းမိုးဖျက်ဆီးနိုင်၏။ ဤသို့ စင်ကြယ်သော နိဗ္ဗာန်ကို မြင်ပြီးသည်ဖြစ်၍ တဏှာအမိုးကို ဖွင့်လျက် နေထိုင်လှည့်လည်သော ထိုရဟန္တာပုဂ္ဂိုလ်ကို ဤလောက၌ အဘယ်မည်သောတဏှာဒိဋ္ဌိတို့ဖြင့် အထူးထူး အထွေထွေကြံစည်တော့အံ့နည်း။ (၆)

၈ဝ၁။ ထိုရဟန္တာပုဂ္ဂိုလ်တို့သည် (တဏှာဒိဋ္ဌိအားဖြင့်) မကြံစည်ကြကုန်၊ တဏှာဒိဋ္ဌိကရှေးသွားမပြုကုန်၊ (သဿတစသော မိစ္ဆာအယူကို စင်စစ် စင်ကြယ်၏ဟူ၍ မဆိုကြကုန်၊ (ရူပါရုံစသည်တို့ကို) စွဲလမ်း ချည်နှောင်တတ်သော အထုံး အဖွဲ့ကို (မဂ်ဉာဏ်ဖြင့်) ဖြေချွတ်ပြီး၍တစ်စုံတစ်ခုသော လောက၌ တောင့်တမှုကို မပြုတော့ကုန်။ (၇)

၈ဝ၂။ ကိလေသာအပိုင်းအခြားတို့ကို လွန်မြောက်ပြီးသော ရဟန္တာဗြာဟ္မဏအား (အမှန်အတိုင်း) သိပြီးမြင်ပြီး ဖြစ်သောကြောင့် (တစ်စုံတစ်ရာကိုမျှ) စွဲလမ်းမှုမရှိ၊ ကာမရာဂဖြင့်လည်း တပ်မက်မှု မရှိ၊ ရူပရာဂ အရူပရာဂဖြင့်လည်း တပ်မက်မှု မရှိ၊ ဤလောက၌ ဤအရာဝတ္ထုသည် မွန်မြတ်၏ဟု လည်းစွဲလမ်းမှုမရှိ။ (၈)

လေးခုမြောက် သုဒ္ဓဋ္ဌကသုတ် ပြီး၏။