သုတ္တနိပါတ်ပါဠိတော်

၇-တိဿမေတ္တေယျသုတ်

၈၂၁။ (မေတ္တေယျအနွယ်ဖြစ်သော အသျှင်တိဿသည် ဤသို့ လျှောက်၏) -

မြတ်စွာဘုရား မေထုန်အမှုကို ပြုကျင့်အားထုတ်သူ၏ ဆင်းရဲပင်ပန်းရပုံကို ဟောကြားတော်မူပါ၊ အသျှင်ဘုရား အဆုံးအမတော်ကို ကြားနာရ၍ ကိလေသာ ကင်းဆိတ်မှု 'ဝိဝေက'တရားတို့ကို (တပည့်တော်တို့) ကျင့်ကြရပါကုန်အံ့။ (၁)

၈၂၂။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

မေတ္တေယျ မေထုန်အမှုကို ပြုကျင့်အားထုတ်သူအား ပရိယတ်, ပဋိပတ် သာသနာ တော်လည်းပျောက်ပျက်ကွယ်ပ၏။မှားယွင်းသောအကျင့်ကိုလည်း ကျင့်မိတတ်၏။ ထိုပုဂ္ဂိုလ်၌ (ဖြစ်သော) ဤအကျင့်သည် အရိယာတို့၏ အကျင့်မဟုတ်။ (၂)

၈၂၃။ အကြင်သူသည် ရှေးအခါ က တစ်ယောက်တည်း နေထိုင်ပြီးလျှင် မေထုန် အကျင့်ကိုမှီဝဲပြန်၏။ လောက၌ ထိုသူကို တုန်လှုပ်သော ယာဉ် (စီးသူ) ကဲ့သို့ ပုထုဇဉ် ယုတ်ဟူ၍ ဆိုကြကုန်၏။ (၃)

၈၂၄။ အကြင်လူထွက်သူအား ရှေးရဟန်းဖြစ်သောအခါ က အခြံအရံ အကျော် အစော ရှိခဲ့ဖူး၏။ ထိုအခြံအရံ အကျော်အစောသည် ထိုလူထွက်သူအား ဆုတ်ယုတ်သည်သာတည်း၊ ဤအဖြစ်ကိုလည်းမြင်၍ မေထုန်အကျင့်ကို ပယ်စွန့်နိုင်ရန် (သိက္ခာသုံးပါးကို) ကျင့်ရ၏။ (၄)

၈၂၅။ (ကာမဂုဏ်စသည်ကို) ကြံစည်မှုသဘောတရားတို့ အနှိပ်စက်ခံရသော ထိုလူထွက်သည်ခိုကိုးရာမဲ့သူကဲ့သို့ ကြံမှိုင်ပူပန်ရ၏။ ထိုသို့ သဘောရှိသောသူသည် အခြားသူတို့၏ ကဲ့ရဲ့ရှုတ်ချသံကို ကြားရသည်ရှိသော် မျက်နှာမသာမယာ ဖြစ်ရ၏။ (၅)

၈၂၆။ တစ်ပါးသော ဝါဒရှိသူတို့ တိုက်တွန်းအပ်သည်ဖြစ်၍ ဒုစရိုက်တို့ကိုလည်း ပြုလုပ်ခဲ့၏။ မုသားပြောဆိုမှုသို့လည်း သက်ဝင်ခဲ့၏။ ဤသဘောနှစ်မျိုးသည် ထိုသူ၏ အနှောင်အဖွဲ့ကြီးပေတည်း။ (၆)

၈၂၇။ တစ်ယောက်တည်းကျင့်ရသော ရဟန်းအကျင့်ကို ဆောက်တည်ကျင့်သုံးသည်ဖြစ်၍ ပညာရှိဟု ထင်ရှားကျော်စောခဲ့သူ ဖြစ်ပါလျက် တစ်ဖန် မေထုန်အမှုကို ပြုကျင့်အားထုတ်သောသူသည် တွေဝေနုံ့နှေးသူကဲ့သို့ ပင်ပန်းညစ်နွမ်းရ၏။ (၇)

၈၂၈။ ဤသာသနာတော်၌ ပညာရှိရဟန်းသည် ရှေး (ရဟန်းဖြစ်သောအခါ )မှ နောက် (လူထွက်သောအခါ )၌ ဤဆိုခဲ့ပြီးသော အပြစ်ကို သိမြင်၍ တစ်ယောက်တည်း ကျင့်ရသော ရဟန်းအကျင့်ကို မြဲမြံစွာ ပြုကျင့်ရာ၏။ မေထုန်အကျင့်ကို မမှီဝဲရာ။ (၈)

၈၂၉။ ကိလေသာကင်းဆိတ်မှု 'ဝိဝေက' တရားကိုသာလျှင် ကျင့်ရာ၏။ ဤအကျင့်သည် (ဘုရားအစရှိသော) အရိယာတို့၏ မြတ်သောအကျင့်ပင်တည်း၊ ထို အကျင့်ဖြင့် ငါမြတ်၏ဟူ၍မထင်မှတ်ရာ၊ ထိုသူသည်သာလျှင် နိဗ္ဗာန်နှင့် နီး၏။ (၉)

၈၃ဝ။ ဒုစရိုက်ကင်းသည်ဖြစ်၍ ကာမတို့၌ မငဲ့ကွက်ဘဲ ကျင့်သော သြဃ လေးဖြာ သံသရာကို ကူးမြောက်ပြီးသော ရဟန္တာအား ကာမတို့၌ တပ်မက် မောသူတို့သည် ကြည်ညိုမြတ်နိုးကြကုန်၏။ (၁ဝ)

ခုနစ်ခုမြောက် တိဿမေတ္တေယျသုတ် ပြီး၏။