သုတ္တနိပါတ်ပါဠိတော်

၁-ဝတ္ထုဂါထာ

၉၈၃။ ဝေဒကျမ်းတို့၌ တစ်ဖက်ကမ်းခပ် တတ်မြောက်ပြီးသော (ဗာဝရီ) ပုဏ္ဏားသည် ကြောင့်ကြမရှိမှုကို လိုလားတောင့်တလျက် ကောသလတိုင်းသူတို့၏ မွေ့လျော်ဖွယ်ရာဖြစ်သော သာဝတ္ထိပြည်မှ ဒက္ခိဏာပထတိုင်းသို့ သွားလေ၏။ (၁)

၉၈၄။ ထို (ဗာဝရီ) ပုဏ္ဏားသည် အဿကတိုင်း အဠကတိုင်း၏ အလယ်ဗဟို အရပ် ဂေါဓာဝရီမြစ်အလယ်ကျွန်း၌ ဆွမ်းခံခြင်းဖြင့်လည်းကောင်း၊ သစ်သီး သစ်မြစ်ဖြင့်လည်းကောင်း မျှတနေ၏။ (၂)

၉၈၅။ ထိုကျွန်းကိုပင် အမှီပြု၍ ပြန့်ပြောကြီးကျယ်သော ရွာသည် ဖြစ်လေ၏။ ထိုရွာကြီးမှ ထွက်သော အခွန်အတုတ်ဖြင့် အလှူပွဲကြီးကို လှူဒါန်းပြုလုပ်၏။ (၃)

၉၈၆။ ဗာဝရီပုဏ္ဏားသည် အလှူကြီး လှူပြီး၍ ကျောင်းသင်္ခမ်းသို့ ပြန်ဝင်သွားပြီးနောက် အခြားသော ပုဏ္ဏားတစ်ယောက် ရောက်လာ၏။ (၄)

၉၈၇။ ထိိုရောက်လာသော ပုဏ္ဏားသည်ကား ခြေထောက်ချင်း တိုက်ခတ်၍ သွား တတ်သူ ဖြစ်၏။ ငတ်မွတ်သူ ဖြစ်၏။ သွားချေးထူသူ ဖြစ်၏။ ဦးခေါင်း၌ မြူမှုန် အလိမ်းလိမ်း ကပ်ငြိသူ ဖြစ်၏။ (၄င်းပုဏ္ဏားသည်) ဗာဝရီပုဏ္ဏားသို့ ချဉ်းကပ်၍ အသပြာငါးရာတို့ကို တောင်း၏။ (၅)

၉၈၈။ ထိုပုဏ္ဏားကို ဗာဝရီပုဏ္ဏား မြင်သည်ရှိသော် နေရာဖြင့် ဖိတ်မန်၏။ ချမ်းသာမှု ကျန်းမာမှုကို မေးပြီးလျှင် ဤစကားကို ပြောဆို၏။ (၆)

၉၈၉။ ပုဏ္ဏား အကျွန်ုပ်၏ ပေးလှူဖွယ်ရာအားလုံးကို အကျွန်ုပ် စွန့်လှူလိုက်ပြီ၊ ပုဏ္ဏား အကျွန်ုပ်အားခွင့်ပြုပါလော့၊ အကျွန်ုပ်အား အသပြာငါးရာ မရှိတော့ပါဟု ပြောဆို၏။ (၇)

၉၉ဝ။ အကျွန်ုပ် တောင်းခံနေပါလျက် အရှင်သည် အကယ်၍ မပေးငြားအံ့၊ ခုနစ်ရက်မြောက်သော နေ့၌ အရှင့်ဦးခေါင်းသည် ခုနစ်စိတ်ကွဲပါစေဟု ကျိန်ဆဲ၏။ (၈)

၉၉၁။အံ့ဖွယ်သရဲပြုလုပ်တတ်သော ထိုပုဏ္ဏားသည် ဟန်ဆောင်ပြုပြင်၍ ကြောက်မက်ဖွယ်ရာကို ကျိန်ဆိုရေရွတ်၏။ ဗာဝရီပုဏ္ဏားသည် ထိုပုဏ္ဏား၏ စကားကို ကြားရသဖြင့် စိတ်ဆင်းရဲမှု ဖြစ်လေ၏။ (၉)

၉၉၂။ ထိုဗာဝရီပုဏ္ဏားသည် သောကမြား စူးဝင်နေသဖြင့် အစာအာဟာရကို မသုံးဆောင်နိုင်ရကား အသားအရေ ခြောက်ခန်း၏။ ထို့ပြင်လည်း ဤသို့ စိတ်ဆင်းရဲနေသော ဗာဝရီပုဏ္ဏား၏ စိတ်သည် ဈာန်သမာပတ်၌ မမွေ့လျော်နိုင်တော့ပေ။ (၁ဝ)

၉၉၃။ အကျိုးကို လိုလားသော နတ်သည် ထိတ်လန့်မှုဖြင့် စိတ်ဆင်းရဲနေသော ဗာဝရီပုဏ္ဏားကို မြင်သည်ရှိသော် ချဉ်းကပ်လျက် ဤစကားကို ပြောဆို၏။ (၁၁)

၉၉၄။ ထိုပုဏ္ဏားသည် ဦးခေါင်းကို သိသူ မဟုတ်၊ ဥစ္စာကို အလိုရှိသဖြင့် အံ့ဖွယ် သရဲပြုတတ်သူသာ ဖြစ်၏။ ဦးခေါင်း၌လည်းကောင်း၊ ဦးခေါင်းပြုတ်ကျမှု၌လည်းကောင်း သိနိုင်သောဉာဏ်ရှိသူ မဟုတ်။ (၁၂)

၉၉၅။ အရှင်နတ်မင်း ဦးခေါင်းကိုလည်းကောင်း၊ ဦးခေါင်းပြုတ်ကျမှုကိုလည်းကောင်း အကယ်၍ သိခဲ့မူ မေးအပ်သော သင်နတ်သည် ထိုအကြောင်းကို အကျွန်ုပ်အား ပြောကြားလော့၊ သင်၏ ထိုစကားကို နားထောင်ပါကုန်အံ့။ (၁၃)

၉၉၆။ ဤအရာကို ငါလည်း မသိပါ၊ ဤအရာ၌ ငါ့အား အသိဉာဏ် မရှိပါ၊ ဤအရာ၌ ဦးခေါင်းကိုလည်းကောင်း ဦးခေါင်းပြုတ်ကျမှုကိုလည်းကောင်း မြတ်စွာဘုရားတို့သာ သိမြင်နိုင်ပါ၏။ (၁၄)

၉၉၇။ အရှင်နတ်မင်း ယင်းသို့ ဖြစ်မူ ဤမြေပြင်၌ ထိုဦးခေါင်းကိုလည်းကောင်း၊ ဦးခေါင်းပြုတ်ကျမှုကိုလည်းကောင်း အဘယ်သူ သိပါသနည်း၊ ထိုသိနိုင်သူကို အကျွန်ုပ်အား ပြောကြားပါလော့။ (၁၅)

၉၉၈။ သြက္ကာကရာဇ်မင်း၏ အဆက်အနွယ် သာကီဝင်မင်းသား သိဒ္ဓတ္ထသည် ကပိလဝတ်နေပြည်တော်မှ ထွက်ခွါပြီးလျှင် လောက၏ အကြီးအကဲဖြစ်တော်မူ၍ ပညာအရောင်ကို ပြုတော်မူ၏။ (၁၆)

၉၉၉။ ဗာဝရီပုဏ္ဏား ထိုမြတ်စွာဘုရားသည် အလုံးစုံသောတရားတို့၏ အပြီးအဆုံးသို့ ရောက်တော်မူ၏။ အလုံးစုံသော အဘိညာဉ်အစွမ်းအားသို့ ရောက်တော်မူ၏။ အလုံးစုံသောတရားတို့၌ မြင်သောဉာဏ်မျက်စိ ရှိတော်မူ၏။ ကံအားလုံးတို့၏ ကုန်ခြင်းသို့ ရောက်တော်မူ၏။ ဥပဓိကုန်ရာ နိဗ္ဗာန်၌ အာရုံပြုသောအားဖြင့် လွတ်မြောက်သောစိတ် ရှိတော်မူ၏။ (၁၇)

၁ဝဝဝ။ ထိုမြတ်စွာဘုရားသည် ဘုန်းခြောက်ပါးနှင့် ပြည့်စုံတော်မူ၏။ လောက၌ တရားကို ဟောတော်မူ၏။ ပညာစက္ခုနှင့် ပြည့်စုံတော်မူ၏။ သင် သွား၍ ထို မြတ်စွာဘုရားကို မေးလျှောက်ချေလော့၊ ထိုမြတ်စွာဘုရားသည် သင့်အား ထိုအရာကို ဖြေကြားလတ္တံ့။ (၁၈)

၁ဝဝ၁။ ဗာဝရီပုဏ္ဏားသည် ဘုရားဟူသော စကားကို ကြားရလျှင် ဝမ်းမြောက် တက်ကြွသော စိတ်ရှိသည် ဖြစ်၏။ ထိုဗာဝရီပုဏ္ဏား၏ ပူဆွေးမှု 'သောက'သည် နည်းပါးသွားလေ၏။ များစွာသော နှစ်သက်မှု 'ပီတိ'ကိုလည်း ရလေ၏။ (၁၉)

၁ဝဝ၂။ နှစ်သက်တက်ကြွသော စိတ်ရှိသော ထိုဗာဝရီပုဏ္ဏားသည် ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍အဘယ်ရွာ အဘယ်နိဂုံး အဘယ်ဇနပုဒ်၌ မြတ်စွာဘုရား နေတော်မူပါသနည်းဟု ထိုနတ်ကို မေး၏။ ယင်းဘုရားရှိရာအရပ်သို့ သွား၍ အခြေ နှစ်ချောင်းရှိသောသူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားကို အကျွန်ုပ်တို့ ဖူးမြင်ကြပါကုန်အံ့။ (၂ဝ)

၁ဝဝ၃။ မာရ်ကို အောင်တော်မူပြီးသော ကျယ်ပြန့်သော ပညာရှိတော်မူသော မြေကြီးအထုကဲ့သို့ မြတ်သော ပညာရှိတော်မူသော ပြိုင်ဘက်ကင်းတော်မူသော အာသဝေါတရား ကင်းတော်မူသော ထိုသာကီဝင်မင်းသား မြတ်စွာဘုရားသည် ကောသလမင်း၏မြို့တော် သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ လူတို့ ထက်မြတ်သော ထိုမြတ်စွာဘုရားသည် ဦးခေါင်းပြုတ်ကျမှုကို သိတော်မူ၏။ (၂၁)

၁ဝဝ၄။ ထို့နောက် (ဗာဝရီပုဏ္ဏားသည်) ဝေဒကျမ်းတို့၌ ကမ်းတစ်ဖက်ရောက် တတ်မြောက်သောတပည့်ပုဏ္ဏားတို့ကို ခေါ်ပြီးလျှင် ''လုလင်ပုဏ္ဏားတို့ လာကြကုန်လော့၊ သင်တို့အား ပြောကြားအံ့၊ ငါ၏ စကားကို နားထောင်ကုန်လော့။ (၂၂)

၁ဝဝ၅။ လောက၌ မြတ်စွာဘုရား၏ ထင်ရှားပွင့်ခြင်းသည် အလွန်ရခဲလှ၏။ ဘုရားဟူ၍ ကျော်စောသော ထိုမြတ်စွာဘုရားသည် လောက၌ ယခုပွင့်တော်မူပြီ၊ သာဝတ္ထိပြည်သို့ လျင်စွာ သွား၍ အခြေနှစ်ချောင်းရှိသတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားကို ဖူးမြင်ကြချေကုန်လော့'' (ဟု မိန့်ဆို၏)။ (၂၃)

၁ဝဝ၆။ ဆရာပုဏ္ဏား အကျွန်ုပ်တို့ မြင်သည်ရှိသော် ဘုရားဟု အဘယ်သို့ သိနိုင်ကုန်အံ့နည်း၊ ဘုရားဟု မသိသေးကုန်သော အကျွန်ုပ်တို့အား အကျွန်ုပ်တို့ သိနိုင်လောက်သည့် အကြောင်းကို ပြောကြားပါလော့။ (၂၄)

၁ဝဝ၇။ ငါပြောပြပေအံ့၊ မဟာပုရိသလက္ခဏာတို့သည် ဝေဒကျမ်းတို့၌ လာကုန်၏။ သုံးဆယ့်နှစ်ပါးသော မဟာပုရိသလက္ခဏာတို့ကိုလည်း အစဉ်အတိုင်း ပြည့်ပြည့်စုံစုံ ငါ ပို့ချခဲ့ပြီ။ (၂၅)

၁ဝဝ၈။ အကြင်သူ၏ကိုယ်တို့၌ ထိုမဟာပုရိသလက္ခဏာတို့ ရှိကုန်၏။ ထို သူအား နှစ်မျိုးသော အဖြစ်တို့သာ ရှိကုန်၏။ သုံးခုမြောက် အဖြစ်ကား မရှိနိုင်။ (၂၆)

၁ဝဝ၉။ ထိုသူသည် အကယ်၍ လူ့ဘောင်၌ နေငြားအံ့၊ ဒဏ်မထား လက်နက် မကိုင်မူ၍ တရားသဖြင့်ဆုံးမလျက် ဤမြေအပြင်ကို အောင်မြင်နိုင်ရာ၏။ (၂၇)

၁ဝ၁ဝ။ အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ပူဇော် အထူးကို ခံတော်မူထိုက်သော အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာသိတော်မူသော ကိလေသာအပိတ်အဖုံးကို ဖွင့်လှစ်ပြီးသော အတုမရှိသော ဘုရား ဖြစ်နိုင်၏။ (၂၈)

၁ဝ၁၁။ ငါ၏ အသက်အရွယ် အမျိုးအနွယ်ကိုလည်းကောင်း၊ လက္ခဏာနှင့် ဝေဒကျမ်းကိုလည်းကောင်း၊ သင်ကြားထားအပ်သော ငါ့တပည့်တို့ကိုလည်းကောင်း၊ ထို့ပြင် ဦးခေါင်းနှင့်ဦးခေါင်းပြုတ်ကျမှုကိုလည်းကောင်း (ဤအမေး ခုနစ်ခုတို့ကို) စိတ်ဖြင့်သာလျှင် မေးကြကုန်လော့။ (၂၉)

၁ဝ၁၂။ အကယ်၍ အပိတ်အပင်မရှိ မြင်စွမ်းတော်မူနိုင်သော မြတ်စွာဘုရား ဖြစ်ခဲ့မူ စိတ်ဖြင့်မေးအပ်သော ပြဿနာတို့ကို နှုတ်ဖြင့် ဖြေကြားတော်မူလိမ့်မည်။ (၃ဝ)

၁ဝ၁၃-၁ဝ၁၅။ အဇိတ တိဿမေတ္တေယျ ပုဏ္ဏက မေတ္တဂူ ဓောတက ဥပသီဝ နန္ဒ ဟေမကတောဒေယျ ကပ္ပ ဇတုကဏ္ဏိပညာရှိ ဘဒြာဝုဓ ဥဒယ ပေါသာလ ပုဏ္ဏား မောဃရာဇပညာရှိပိင်္ဂီယရသေ့ကြီးဟူသောတပည့်ပုဏ္ဏား တစ်ဆယ့် ခြောက်ယောက်တို့သည် ဗာဝရီပုဏ္ဏား၏ စကားကို ကြားရ၍ (၃၁-၃၃)

၁ဝ၁၆-၁ဝ၁၇။ ဂိုဏ်းအသီးသီးရှိကုန်သော၊ လောကအားလုံး၌ ထင်ရှား ကျော်စောကုန်သော၊ ဈာန်ရကြသဖြင့် ဈာန်ဝင်စားမှု၌ မွေ့လျော်ကုန်သော၊ ပညာရှိကုန်သော၊ ရှေးဝါသနာ (သမ္မာဆန္ဒ)ဖြင့်ထုံအပ်ကုန်သော၊ ဆံကျစ်ထုံး၍ သစ်နက် ရေကို ဆောင်ကုန်သော ထိုတပည့်ပုဏ္ဏားအားလုံးတို့သည် ဗာဝရီရသေ့ကို ရှိခိုးကြ ပြီးလျှင် အရိုအသေပြုလျက် မြောက်အရပ်သို့ ရှေးရှုကာ ဖဲသွားကြကုန်၏။ (၃၄-၃၅)

၁ဝ၁၈။ ထိုသို့ သွားသောအခါ၌ အဋ္ဌကမင်း၏ တည်နေရာ အာဟိဿတိမြို့တော်သို့ ဝင်ရောက်ကုန်၏။ ဥဇ္ဇေနီပြည် ဂေါနဒ္ဓမြို့ ဝေဒိဿမြို့ ဝနသမည်သော မြို့သို့လည်းကောင်း။ (၃၆)

၁ဝ၁၉။ ကောသမ္ဗီပြည် သာကေတမြို့သို့လည်းကောင်း၊ မြို့ တကာတို့ထက်မြတ်သော သာဝတ္ထိပြည်သို့လည်းကောင်း၊ သေတဗျမြို့သို့လည်းကောင်း၊ ကပိလဝတ် ပြည်သို့လည်းကောင်း၊ ကုသိနာရုံပြည်သို့လည်းကောင်း။ (၃၇)

၁ဝ၂ဝ-၁ဝ၂၁။ ပါဝါမြို့သို့လည်းကောင်း၊ ဘောဂနဂရမြို့သို့လည်းကောင်း၊ ဝေသာလီပြည်သို့လည်းကောင်း၊ ရာဇဂြိုဟ်ပြည်သို့လည်းကောင်း၊ ဝင်ရောက်ခဲ့ကြပြီးလျှင် ရေငတ်သောသူသည် အေးမြသော ရေကို ရသကဲ့သို့လည်းကောင်း၊ ကုန်သွယ်သူသည် များစွာသော လာဘ်ကို ရသကဲ့သို့လည်းကောင်း၊ နွေရာသီအပူနှိပ်စက်ခံရ သူသည် အရိပ်ကို ရသကဲ့သို့လည်းကောင်း နှစ်သက်မွေ့လျော်ဖွယ်ရှိသောပါသာ ဏကနတ်ကွန်းရှိရာ တောင်သို့ အဆောတလျင် တက်ကြကုန်၏။ (၃၈-၃၉)

၁ဝ၂၂။ မြတ်စွာဘုရားသည်ကား ထိုအချိန်၌ ရဟန်းသံဃာခြံရံလျက် တောအတွင်း၌ ခြငေ်္သ့မင်းဟောက်သကဲ့သို့ ရဟန်းတို့အား တရားဟောတော်မူ၏။ (၄ဝ)

၁ဝ၂၃။ အဇိတသည် နေမင်းကို မြင်ရဘိသကဲ့သို့လည်းကောင်း၊ တစ်ဆယ့်ငါးရက်နေ့၌ ထွက်လာသော လပြည့်ဝန်းကို မြင်ရဘိသကဲ့သို့လည်းကောင်း အရာမကသော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရလေ၏။ (၄၁)

၁ဝ၂၄။ ထို့နောင် မြတ်စွာဘုရား၏ကိုယ်တော်၌ ပြည့်စုံသော လက္ခဏာတော်ကို မြင်ရ၍ တစ်ခုသောနေရာ၌ ရပ်တည်လျက် ရွှင်လန်းနှစ်သက်သည်ဖြစ်၍ စိတ်ဖြင့် အမေးပြဿနာတို့ကို မေးလျှောက်လေ၏။ (၄၂)

၁ဝ၂၅။ ရည်ညွှန်း၍ (ဗာဝရီပုဏ္ဏား၏) အရွယ်ကို ဟောတော်မူပါလော့၊ လက္ခဏာ အင်္ဂါနှင့်တကွ အနွယ်ကို ဟောတော်မူပါလော့၊ ဝေဒကျမ်းတို့၌ တစ်ဖက်ကမ်းရောက်သည်ကို ဟောတော်မူပါလော့၊ ဗာဝရီပုဏ္ဏားသည် အဘယ်မျှလောက်သော တပည့်အပေါင်းကို ပို့ချသနည်းဟု စိတ်ဖြင့်သာ အမေးပြဿနာတို့ကို (မေးလျှောက်၏)။ (၄၃)

၁ဝ၂၆။ (အဇိတ) ပုဏ္ဏား၏အသက် တစ်ရာ့နှစ်ဆယ် ရှိ၏။ ထိုပုဏ္ဏားသည် အနွယ်အားဖြင့် ဗာဝရီဖြစ်၏။ ထိုဗာဝရီပုဏ္ဏား၏ ကိုယ်၌ လက္ခဏာအင်္ဂါတို့ကား သုံးပါးတို့တည်း၊ ဝေဒကျမ်း၌ တစ်ဖက်ကမ်းရောက် တတ်မြောက်၏။ (၄၄)

၁ဝ၂၇။ အဘိဓာန် 'နိဃဏ္ဍု'ကျမ်း အလင်္ကာ 'ကေဋုဘ' ကျမ်းနှင့် တကွသော လက္ခဏာကျမ်း ဣတိဟာသကျမ်းတို့ကို တပည့်ငါးရာတို့အား သင်ကြားပို့ချ၏။ မိမိဥစ္စာဖြစ်သော ဝေဒကျမ်း၌ တစ်ဖက်ကမ်းသို့ ရောက်၏ (ဟု ဟောတော်မူ၏)။ (၄၅)

၁ဝ၂၈။ ယုံမှားမှုကို ဖြတ်တောက်တော်မူနိုင်သော လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား ဗာဝရီပုဏ္ဏား၏ လက္ခဏာတို့ကို အကျယ် စိစစ်တော်မူလျက် ထင်စွာ ပြတော်မူပါ၊ အကျွန်ုပ်တို့အား ယုံမှားမဖြစ်ပါစေလင့်။ (၄၆)

၁ဝ၂၉။ လုလင် ဗာဝရီပုဏ္ဏားသည် လျှာဖြင့် မျက်နှာကို ဖုံးအုပ်နိုင်၏။ ထို ဗာဝရီ၏ မျက်မှောင်အကြား၌ ဥဏ္ဏလုံမွေးရှင် ပေါက်၏။ ထိုဗာဝရီပုဏ္ဏားအား အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသအင်္ဂါရှိ၏ဟု သိလော့။ (၄၇)

၁ဝ၃ဝ။ တစ်စုံတစ်ရာ အမေးပုစ္ဆာကို တစ်စုံတစ်ရာ မကြားရဘဲ မြတ်စွာဘုရား ဖြေတော်မူသော ပြဿနာတို့ကို ကြားနာရ၍ ရသေ့အားလုံးသည် ဝမ်းမြောက်ခြင်း ရှိသည်ဖြစ်၍ လက်အုပ်ချီကာ အထူးထူး ကြံဆ၏။ (၄၈)

၁ဝ၃၁။ စိတ်ဖြင့်မေးအပ်သော ပြဿနာတို့ကို အဘယ်သူ မေးပါသနည်း၊ နတ်သည်ပင်လျှင် မေးသလော၊ ဗြဟ္မာသည်ပင် မေးသလော၊ သုဇာသခင် သိကြားမင်းသည်ပင် မေးသလော၊ မြတ်စွာဘုရားသည် ဤအဖြေကို အဘယ်သူအား ဖြေကြား တော်မူပါသနည်း။ (၄၉)

၁ဝ၃၂။ ဗာဝရီပုဏ္ဏားသည် ဦးခေါင်းကိုလည်းကောင်း၊ ဦးခေါင်းပြုတ်ကျမှုကိုလည်းကောင်း မေးလိုက်ပါ၏။ မြတ်စွာဘုရား ဘုန်းတော်ကြီးသော အသျှင်ဘုရားသည် ထိုအမေးကို ဖြေကြားတော်မူပါလော့၊ အကျွန်ုပ်တို့၏ ယုံမှားကို ဖျောက်တော်မူပါလော့။ (၅)

၁ဝ၃၃။ အဇိတ အမှန်မသိမှု 'အဝိဇ္ဇာ'သည် ဦးခေါင်းမည်၏။ ယုံကြည်မှု 'သဒ္ဓါ'အောက်မေ့မှု 'သတိ'တည်ကြည်မှု 'သမာဓိ'တို့နှင့်လည်းကောင်း၊ ကုသိုလ်ကို အလိုရှိမှု 'ဆန္ဒ' အားထုတ်မှု 'ဝီရိယ'နှင့်လည်းကောင်း ယှဉ်သော (အရဟတ္တမဂ်) ဝိဇ္ဇာသည် ဦးခေါင်းကို ဖြုတ်ချသော တရားမည်၏ဟူ၍ သင်မှတ်လေလော့။ (၅၁)

၁ဝ၃၄။ ထိုသို့ ဖြေကြားတော်မူသောအခါမှ အဇိတလုလင်သည်အားကြီးသော နှစ်သက်ဝမ်းမြောက်မှုဖြင့် တက်ကြွသော ကိုယ်စိတ်ရှိသည်ဖြစ်၍ ပခုံးတစ်ဖက်၌ သစ်နက်ရေကို တင်ကာ မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက်လေ၏။ (၅၂)

၁ဝ၃၅။ ပညာစက္ခုရှိတော်မူသော အသျှင်ဘုရား တပည့်တို့နှင့် အတူတကွ ဗာဝရီပုဏ္ဏားသည် ဝမ်းမြောက်ဝမ်းသာ တက်ကြွသော စိတ်ရှိသည်ဖြစ်၍ အသျှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးလိုက်ပါ၏။ (၅၃)

၁ဝ၃၆။ တပည့်တို့နှင့် အတူတကွ ဗာဝရီပုဏ္ဏားသည် ချမ်းသာစေသတည်း၊ အဇိတလုလင် သင်သည်လည်း ချမ်းသာစေသတည်း၊ အသက်ရှည်စေသတည်း။ (၅၄)

၁ဝ၃၇။ ဗာဝရီပုဏ္ဏား၏လည်းကောင်း၊ သင်အဇိတ၏လည်းကောင်း၊ တပည့်အားလုံးတို့၏ လည်းကောင်း ယုံမှားအားလုံးကို သင်တို့အား ငါဘုရား မေးခွင့် ပြုပြီ၊ သင်တို့၏ စိတ်၌ မေးလိုသော ပုစ္ဆာဟူသမျှကို မေးကြကုန်လော့။ (၅၅)

၁ဝ၃၈။ မြတ်စွာဘုရားက မေးခွင့်ပြုတော်မူသဖြင့် အဇိတလုလင်သည် ထိုင်ပြီးလျှင် လက်အုပ်ချီကာ ပဌမအမေးပြဿနာကို ထိုပါသဏကနတ်ကွန်း၌ မြတ်စွာဘုရားအား မေးလျှောက်လေ၏။ (၅၆)

ဝတ္ထုဂါထာ ပြီး၏။