သုတ္တနိပါတ်ပါဠိတော်

၁၂-ဘဒြာဝုဓမာဏဝပုစ္ဆာ

၁၁ဝ၈။ (ဘဒြာဝုဓသည် ဤသို့ မေးလျှောက်၏) -

ခန္ဓာအိမ်၌ တပ်စွန်းမှု 'ရာဂ'ကို စွန့်တော်မူပြီးသောတပ်မက်မှု 'တဏှာ'ကို ဖြတ်တောက်တော်မူပြီးသောတုန်လှုပ်မှု 'တဏှာ' ကင်းတော်မူပြီးသော နှစ်သက်မှု 'တဏှာ'ကို စွန့်တော်မူပြီးသော 'သြဃ' လေးဖြာသံသရာကို လွန်မြောက် တော်မူပြီးသော (ကိလေသာတို့မှ) လွတ်မြောက်တော်မူပြီးသောတဏှာကပ္ပ ဒိဋ္ဌိကပ္ပကို စွန့်တော်မူပြီးသော ကောင်းသော ပညာရှိတော်မူသော မြတ်စွာဘုရားကို ရိုသေစွာတောင်းပန်ပါ၏။ မကောင်းမှုရှိတော်မမူသော အသျှင်ဘုရား၏ (စကား တော်ကို) ကြားနာရပြီးသော်ဤ (ပါသာဏကနတ်ကွန်း)မှ ဖဲသွားကြရပါကုန်လတ္တံ့။ (၁)

၁၁ဝ၉။ လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရား၏ စကားတော်ကို အလွန် လိုလားကုန်သော လူအမျိုးမျိုးတို့သည် အင်္ဂ မဂဓစသော ဇနပုဒ်တို့မှ အညီအညွတ် ရောက်လာကြကုန်၏။ တောင်းပန်ပါ၏။ အသျှင်ဘုရားသည် ဤတရားကိုဟုတ်မှန်သည့်အတိုင်း သိတော်မူပြီးဖြစ်ပါသောကြောင့် ထိုသူတို့အား အသျှင်ဘုရား ဟောကြားတော်မူပါလော ့။ (၂)

၁၁၁ဝ။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

ဘဒြာဝုဓ အနာဂတ်၌လည်းကောင်း၊ အတိတ်၌လည်းကောင်း၊ ပစ္စုပ္ပန်၌လည်းကောင်း စွဲယူမှုတဏှာအားလုံးကို ပယ်ဖျောက်ရာ၏။မှန်၏- လောက၌ အကြင် အကြင် ရုပ်ဝေဒနာစသောတရားကို စွဲယူကုန်၏။ ထိုထိုတရားဖြင့်သာလျှင် မာရ်သည် သတ္တဝါသို့ အစဉ်လိုက်၏။ (၃)

၁၁၁၁။ ထို့ကြောင့် သင်္ခါရတို့၏ အနိစ္စစသော အခြင်းအရာကို သိသော အောက် မေ့မှု 'သတိ' ရှိသူရဟန်းသည် သေခြင်းတရား၏ တည်ရာ ကိလေသာခန္ဓာ စသည်၌ ကပ်ငြိတတ်သော ဤသတ္တဝါအပေါင်းကို စွဲယူတတ်သော သတ္တဝါတို့ဟု ရှုလျက် လောကအားလုံး၌ ရုပ်ဝေဒနာစသည့်တစ်စုံတစ်ခုကိုမျှ မစွဲယူရာ။ (၄)

တစ်ဆယ့်နှစ်ခုမြောက် ဘဒြာဝုဓမာဏဝပုစ္ဆာ ပြီး၏။