သုတ္တနိပါတ်ပါဠိတော်

၁၃-ဥဒယမာဏဝပုစ္ဆာ

၁၁၁၂။ (ဥဒယသည် ဤသို့ မေးလျှောက်၏) -

ဈာန်ဝင်စားလေ့ရှိတော်မူသော ကိလေသာမြူကင်းလျက် နေတော်မူသော မဂ်ကိစ္စကို ပြုတော်မူပြီးသော အာသဝကင်းတော်မူသောတရားအားလုံးတို့၏ ကမ်း တစ်ဖက်သို့ ရောက်တော်မူပြီးသော အသျှင်ဘုရားကို ပြဿနာမေးလိုသဖြင့် ရောက် လာပါ၏။ (အဝိဇ္ဇာကို) ဖျက်ဆီးတတ်သော ကိလေသာမှ လွတ်မြောက်မှု အရဟတ္တ ဖိုလ် ဝိမောက္ခကို ဟောတော်မူပါလော့။ (၁)

၁၁၁၃-၁၁၁၄။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

ဥဒယ ကာမဂုဏ်ကို လိုလားသော 'ကာမစ္ဆန္ဒ' နှလုံးမသာမှု 'ဒေါမနဿ' နှစ်ပါး စုံကို ပယ်ခြင်းကိုလည်းကောင်း၊ ထိုင်းမှိုင်းမှု 'ထိန'ကို ပယ်ဖျောက်ခြင်းကိုလည်းကောင်း၊ နောင်တတစ်ဖန်ပူပန်မှု 'ကုက္ကုစ္စ'ကို တားမြစ်ခြင်းကိုလည်းကောင်း လျစ် လျူရှုမှု (စတုတ္ထဈာန် ဥပေက္ခာ) ကြောင့် ဖြစ်သော အောက်မေ့မှု 'သတိ'၏ စင်ကြယ်ခြင်းရှိသောတရားကို ကြံစည်မှု 'ဓမ္မဝိတက်'လျှင်ရှေ့သွားရှိသော အဝိဇ္ဇာကို ဖျက်ဆီးတတ်သောတရားကို ထွက်မြောက်မှု အရဟတ္တဖိုလ် ဝိမောက္ခဟူ၍ဆို၏။ (၂-၃)

၁၁၁၅။ လောကသည် အဘယ်နှောင်ကြိုး 'သံယောဇဉ်' ရှိပါသနည်း၊ ထိုလောကကို သုံးသပ်ခြင်းကားအဘယ်ပါနည်း၊ အဘယ်တရားကို အထူးစွန့်ပယ်ခြင်းဖြင့် နိဗ္ဗာန်ဟူ၍ ဆိုအပ်ပါသနည်း။ (၄)

၁၁၁၆။ လောကသည် နှစ်သက်မှု 'တဏှာ'လျှင် နှောင်ကြိုး 'သံယောဇဉ်' ရှိ၏။ ထိုလောကကို သုံးသပ်ခြင်းကား ကြံစည်မှု 'ဝိတက်'တည်း၊ တပ်မက်မှု 'တဏှာ' ပယ်ခြင်းဖြင့် နိဗ္ဗာန်ဟူ၍ ဆိုအပ်၏။ (၅)

၁၁၁၇။ အောက်မေ့မှု 'သတိ' ရှိသည်ဖြစ်၍ အဘယ်သို့ နေသောသူအား ကုသိုလ်အကုသိုလ်ကံနှင့်တကွဖြစ်သော ဝိညာဏ်သည် ချုပ်ပါသနည်း၊ မြတ်စွာဘုရားကို မေးရန် အကျွန်ုပ်တို့လာရောက်ပါကုန်၏။ အသျှင်ဘုရား၏ ထိုစကားတော်ကို ကြားနာလိုပါကုန်၏။ (၆)

၁၁၁၈။ အောက်မေ့မှု 'သတိ' ရှိသည်ဖြစ်၍ အတွင်း 'အဇ္ဈတ္တ' သန္တာန်၌လည်းကောင်း၊ အပ 'ဗဟိဒ္ဓ' သန္တာန်၌လည်းကောင်း ခံစားမှု 'ဝေဒနာ'ကို မနှစ်သက်မူ၍ ဤသို့ နေသောသူအား ကုသိုလ်အကုသိုလ်ကံနှင့်တကွဖြစ်သော ဝိညာဏ်သည် ချုပ်၏။ (၇)

တစ်ဆယ့်သုံးခုမြောက် ဥဒယမာဏဝပုစ္ဆာ ပြီး၏။