သုတ္တနိပါတ်ပါဠိတော်

၁၅-မောဃရာဇမာဏဝပုစ္ဆာ

၁၁၂၃။ (မောဃရာဇသည် ဤသို့ မေးလျှောက်၏) -

အကျွန်ုပ်သည်သာကီနွယ်ဖွား မြတ်စွာဘုရားကို နှစ်ကြိမ်တိုင် မေးလျှောက်ခဲ့ပါပြီ၊ စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်အား ဖြေကြား တော်မမူခဲ့ပါ၊ ဝိသုဒ္ဓိနတ်ရဟန်းမြတ် ဖြစ်တော်မူသော အသျှင်ဘုရားသည် သုံးကြိမ်တိုင် မေးမှသာလျှင် ဖြေကြားတော်မူ၏ဟု အကျွန်ုပ် ကြားရဖူးပါသည်။ (၁)

၁၁၂၄။ ဤလောကသည်လည်းကောင်း၊ အခြားလောကသည်လည်းကောင်း၊ နတ်နှင့်တကွသော ဗြဟ္မာလောကသည်လည်းကောင်း၊ ဂေါတမအနွယ်ဖြစ်တော်မူသော အခြံအရံ အကျော်အစောရှိတော်မူသော အသျှင်ဘုရား၏ အယူကို မသိပါ။ (၂)

၁၁၂၅။ ဤသို့ အလွန်မြတ်သည်ကို သိမြင်တော်မူလေ့ရှိသော မြတ်စွာဘုရား ထံသို့ ပြဿနာမေးလိုသဖြင့် အကျွန်ုပ် လာရောက်ပါ၏။ လောကကို အဘယ်သို့ ရှုသူကို သေမင်းသည်မမြင်နိုင်ပါသနည်း။ (၃)

၁၁၂၆။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

မောဃရာဇ အခါ ခပ်သိမ်း အောက်မေ့မှု 'သတိ'ရှိလျက် မိမိကိုယ်ဟု စွဲလမ်းယူမှု 'အတ္တာနုဒိဋ္ဌိ'ကို နုတ်ပယ်၍ လောကကို ဆိတ်သုဉ်းသောအားဖြင့် ရှုလော့၊ ဤသို့ ရှုသည်ရှိသော် သေမင်းကို လွန်မြောက်နိုင်ရာ၏။ ဤသို့လောကကို ရှုသောသူကို သေမင်းသည် မမြင်နိုင်။ (၄)

တစ်ဆယ့်ငါးခုမြောက် မောဃရာဇမာဏဝပုစ္ဆာ ပြီး၏။