သုတ္တနိပါတ်ပါဠိတော်

၁၆-ပိင်္ဂိယမာဏဝပုစ္ဆာ

၁၁၂၇။ (ပိင်္ဂိယသည် ဤသို့ မေးလျှောက်၏) -

အကျွန်ုပ်သည် အိုမင်းပါပြီ၊အားနည်းပါပြီ၊ ရုပ်အဆင်း ယုတ်လျော့ပါပြီ၊ မျက်စိများ မကြည်လင်တော့ပါ၊ နားကောင်းကောင်း မကြားတော့ပါ၊ အကျွန်ုပ်သည် အသျှင်ဘုရား တရားကို မျက်မှောက် မပြုရမီ အကြား၌သာလျှင် တွေဝေလျက် မပျက်စီးလိုပါ၊ ဤနေရာ၌ ပဋိသန္ဓေနေမှု အိုမှုကို ပယ်ဖျောက်နိုင်သော အကြင်တရားကို အကျွန်ုပ် သိလိုပါ၏။ ထိုတရားကို ဟောကြားတော်မူပါလော့။ (၁)

၁၁၂၈။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

ပိင်္ဂိယ မေ့လျော့ကုန်သော လူတို့သည် ရုပ်တို့ကြောင့် ပင်ပန်းသည်တို့ကို မြင်၍ ရုပ်တို့ကြောင့် ပင့်ဖောက်ပြန် ပျက်စီးရကုန်၏။ ထို့ကြောင့် သင်သည် မမေ့မလျော့မူ၍ တစ်ဖန် ဘဝသစ်၌ မဖြစ်ခြင်းငှါရုပ်ကို စွန့်ပယ်လေလော့ (၂)

၁၁၂၉။ လောကဝယ် တူရူအရပ်လေးမျက်နှာ အထောင့်အရပ်လေးမျက်နှာ အထက်အရပ်အောက်အရပ်မျက်နှာဟူသော ဤအရပ်ဆယ်မျက်နှာတို့၌ အသျှင်ဘုရားသည် မမြင်ရ မကြားရမရောက်ရ မသိရသောတရား တစ်စုံတစ်ခုမျှ မရှိပါ၊ ပဋိသန္ဓေနေမှု အိုမှုကို ပယ်စွန့်ရာဖြစ်သော အကြင်တရားကို အကျွန်ုပ် သိရာပါ၏။ ထိုတရားကို ဟောကြားတော်မူပါလော့။ (၃)

၁၁၃ဝ။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

ပိင်္ဂိယ တဏှာသည် နှိပ်စက် ဖျက်ဆီးအပ်ကုန်သောကြောင့် (ဇာတိစသည်ဖြင့်) ပူပန်ခြင်းရှိကုန်သော အိုခြင်းဖြင့် နှိပ်စက်အပ်ကုန်သော သတ္တဝါတို့ကို သင်တွေ့ မြင်နေရ၏။ ပိင်္ဂိယ ထို့ကြောင့် သင်သည်မမေ့မလျော့မူ၍ ဘဝသစ်၌ တစ်ဖန် မဖြစ်ခြင်းငှါ တဏှာကို စွန့်ပယ်လေလော့။ (၄)

တစ်ဆယ့်ခြောက်ခုမြောက် ပိင်္ဂိယမာဏဝပုစ္ဆာ ပြီး၏။