သုတ္တနိပါတ်ပါဠိတော်

၃-ပုဏ္ဏကမာဏဝပုစ္ဆာ

၁ဝ၅ဝ။ (ပုဏ္ဏကသည် ဤသို့ မေးလျှောက်၏) -

တုန်လှုပ်မှု 'တဏှာ' ကင်းတော်မူပြီးသော အကုသိုလ်အမြစ်အရင်းကို မြင်တော်မူသော အသျှင်ဘုရားကို ပြဿနာမေးရန် အလိုရှိသည်ဖြစ်၍ အကျွန်ုပ် ရောက်လာခဲ့ပါ၏။ ဤလောက၌ ရသေ့တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း၊ ပုဏ္ဏားတို့သည်လည်းကောင်း အဘယ်ကို မှီကုန်၍ နတ်တို့အား ယဇ်ပူဇော်မှုကို အများအပြား ပြုကြပါကုန်သနည်း မြတ်စွာဘုရား ထိုအကြောင်းကို မေးလျှောက်ပါ၏။ ထိုအကြောင်းကို အကျွန်ုပ်အားဟောတော်မူပါလော့။ (၁)

၁ဝ၅၁။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

ပုဏ္ဏက ဤလောက၌ ရသေ့တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း၊ ပုဏ္ဏားတို့သည်လည်းကောင်း ဤသူအားလုံးတို့သည် လူ နတ် ဗြဟ္မာ အဖြစ်ကို တောင့်တကြကုန်လျက် နတ်တို့အား ပူဇော်မှုကို အများအပြား ပြုကြကုန်၏။ ထိုသူအားလုံးတို့သည် ဇရာစသော ဝဋ်ဆင်းရဲကိုမှီကုန်လျက် ပူဇော်မှုကို ပြုကုန်၏။ (၂)

၁ဝ၅၂။ (ပုဏ္ဏကသည် ဤသို့ လျှောက်၏) -

မြတ်စွာဘုရား ရသေ့တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း၊ မင်းတို့သည် လည်းကောင်း၊ ပုဏ္ဏားတို့သည်လည်းကောင်း ဤသူအားလုံးတို့သည် နတ်တို့အား ပူဇော်မှုကို အများအပြား ပြုကြပါကုန်၏။ မြတ်စွာဘုရား အသို့ပါနည်း၊ ပူဇော်မှု၌ မမေ့မလျော့ကုန်သော ထိုသူတို့သည် ပဋိသန္ဓေနေမှုကိုလည်းကောင်း အိုမှုကိုလည်းကောင်း လွန်မြောက်နိုင်ပါကုန် သလော၊ ထိုအကြောင်းကို မေးလျှောက်ပါ၏။ ထိုအကြောင်းကို အကျွန်ုပ်အား ဟောတော်မူပါလော့။ (၃)

၁ဝ၅၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

ပုဏ္ဏက အကြင်သူတို့သည် လူ နတ် ဗြဟ္မာအဖြစ်ကို တောင့်တကုန်၏။ လှူဖွယ် ဝတ္ထု အလှူခံပုဂ္ဂိုလ်အလှူ၏ အကျိုးအာနိသင်ကို ချီးမွမ်းကုန်၏။ မြွက်ဆို တမ်း တကုန်၏။ ပူဇော်ပသကြကုန်၏။ လူ နတ် ဗြဟ္မာအဖြစ်ကို ရမှုကို စွဲ၍ ကာမတို့ကို တမ်းတကုန်၏။ ထိုသူတို့သည် ပူဇော်မှုကိုအားထုတ်ကြကုန်သော်လည်း ဘဝကို တပ်စွန်းမှု 'တဏှာ'ဖြင့် တပ်မက်ကုန်သောကြောင့် ပဋိသန္ဓေနေမှုအိုမှုစသော ဝဋ် ဆင်းရဲကို မလွန်မြောက်နိုင်ကုန်ဟု ငါ ဆို၏။ (၄)

၁ဝ၅၄။ (ပုဏ္ဏကသည် ဤသို့ မေးလျှောက်၏) -

မြတ်စွာဘုရား ထိုသူတို့သည် ပူဇော်မှုကိုအားထုတ်ကြပါကုန်သော်လည်း ပူဇော်မှုတို့ဖြင့်ပဋိသန္ဓေနေမှု အိုမှုစသော ဝဋ်ဆင်းရဲကို အကယ်၍ မလွန်မြောက်နိုင်ကုန်ပါမူ အဘယ်သူသည် နတ်လောက လူ့လောက၌ ပဋိသန္ဓေနေမှု အိုမှုစသော ဝဋ်ဆင်းရဲကို လွန်မြောက်နိုင်ပါသနည်း၊ မြတ်စွာဘုရား ထိုအကြောင်းကို မေး လျှောက်ပါ၏။ ထိုအကြောင်းကို အကျွန်ုပ်အားဟောတော်မူပါလော့။ (၅)

၁ဝ၅၅။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

ပုဏ္ဏက လောက၌ အကြင်သူအား မိမိအတွင်းအပ သဘောတရားတို့ကို ပညာဖြင့် ဆင်ခြင်၍ တစ်စုံတစ်ခုသော လောက၌ တုန်လှုပ်တတ်သော တဏှာမရှိ၊ ထိုသူသည် ကိလေသာ ငြိမ်းအေးသူ ဒုစရိုက်အခိုးကင်းသူ ဆင်းရဲကြောင်း ကိလေသာ ကင်းပြီးသူ တဏှာကင်းပြီးသူ ဖြစ်၍ ပဋိသန္ဓေနေမှု အိုမှုစသော ဝဋ်ဆင်းရဲကို ကူးမြောက်နိုင်၏ဟု ငါ ဆို၏။ (၆)

သုံးခုမြောက် ပုဏ္ဏကမာဏဝပုစ္ဆာ ပြီး၏။