သုတ္တနိပါတ်ပါဠိတော်

၄-မေတ္တဂူမာဏဝပုစ္ဆာ

၁ဝ၅၆။ (မေတ္တဂူသည် ဤသို့ မေးလျှာက်၏) -

မြတ်စွာဘုရား အသျှင်ဘုရားကို မဂ်ဉာဏ်လေးပါးတို့ဖြင့် အဆုံးသို့ ရောက်ပြီး သူ ပွါးများပြီးသော စိတ်ရှိသူဟူ၍ အကျွန်ုပ် အောက်မေ့မှတ်ထင်ပါ၏။ လောက၌ ဆင်းရဲဟူသမျှတို့သည် အများအပြားရှိပါကုန်၏။ ဤဆင်းရဲတို့သည် အဘယ်ကြောင့် ဖြစ်ပေါ်လာပါကုန်သနည်း၊ ထိုအကြောင်းကို မေးလျှောက်ပါ၏။ အသျှင်ဘုရားသည် ထိုအကြောင်းကို အကျွန်ုပ်အား ဟောတော်မူပါလော့။ (၁)

၁ဝ၅၇။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

မေတ္တဂူ ဆင်းရဲ၏ ဖြစ်ကြောင်းအစကို ငါ့အား သင် မေး၏။ ထိုဆင်းရဲဖြစ် ကြောင်းအစကိုငါသိသည့်အတိုင်း သင့်အား ဟောကြားအံ့၊ လောက၌ အများ အပြားအားဖြင့် ဖြစ်ကုန်သော ဆင်းရဲအားလုံးတို့သည် ကံကိလေသာစသော ဥပဓိဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာကုန်၏။ (၂)

၁ဝ၅၈။ အကြင်သူသည် ပညာမဲ့သည်ဖြစ်၍ ကံကိလေသာစသော ဥပဓိကို ပြု လုပ်၏။ ပညာမဲ့သော ထိုသူသည် အဖန်တလဲလဲ ပဋိသန္ဓေနေခြင်းစသော ဆင်းရဲသို့ ရောက်ရ၏။ ထို့ကြောင့် ဇာတိ (စသော) ဝဋ်ဆင်းရဲ၏ ဖြစ်ကြောင်းကို အဖန် ဖန် ရှုဆင်ခြင်လျက် (အနိစ္စ စသည်ကို) ပိုင်းခြားသိသည်ဖြစ်၍ကံကိလေသာ စသော ဥပဓိကို မပြုလုပ်ရာ။ (၃)

၁ဝ၅၉။ အကြင်ပုစ္ဆာကို အကျွန်ုပ်တို့ မေးခဲ့ပါကုန်၏။ အသျှင်သည် ထိုပုစ္ဆာကို အကျွန်ုပ်အားဖြေကြားတော်မူခဲ့ပြီ၊ အသျှင်ဘုရားအား အခြားသော ပုစ္ဆာကို မေးပါကုန်အံ့၊ တိုက်တွန်းပါ၏။ ထိုပုစ္ဆာကို ဖြေကြားတော်မူပါလော့၊ ပညာရှိတို့သည် သံသရာ အလျဉ်ကိုလည်းကောင်း၊ ပဋိသန္ဓေနေမှုကိုလည်းကောင်း၊ အိုမှုကိုလည်းကောင်း၊ ပူဆွေးမှု ငိုကြွေးမှုကိုလည်းကောင်း အဘယ်သို့ လွန်မြောက်ပါကုန် သနည်း၊ တောင်းပန်ပါ၏။ ထိုတရားကို အသျှင်ဘုရား သိတော်မူပြီးဖြစ်သောကြောင့် ထိုအမေးကို အကျွန်ုပ်အား ဖြေကြားတော်မူပါ။ (၄)

၁ဝ၆ဝ။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

မေတ္တဂူ ယခုဘဝ၌ပင် ကိုယ်တိုင်မျက်မှောက်ပြုနိုင်သော နိဗ္ဗာန်ရောက်ကြောင်း တရားကို သင့်အား ငါဟောကြားပေအံ့။ ယင်းသို့ သောတရားကို သိ၍ အောက် မေ့မှု သတိရှိလျက် ကျင့်ကြံအားထုတ်သူသည် လောက၌ ကပ်ငြိတွယ်တာမှု 'တဏှာ'ကို လွန်မြောက်နိုင်ရာ၏။ (၅)

၁ဝ၆၁။ မြတ်စွာဘုရားသည် အကြင်တရားကို သိ၍ အောက်မေ့မှု 'သတိ' ရှိလျက်ကျင့်ကြံအားထုတ်သူသည် လောက၌ ကပ်ငြိတွယ်တာမှု 'တဏှာ'ကို လွန် မြောက်နိုင်ရာ၏။ မြတ်သော ထိုတရားကို အကျွန်ုပ် အလွန်နှစ်သက်လှပါ၏။ (၆)

၁ဝ၆၂။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

မေတ္တဂူ ပစ္စုပ္ပန် အတိတ် အနာဂတ်စသောတရားအားလုံးကို (အနိစ္စစသော အပြားအားဖြင့်) သင်သိ၏။ ထိုတရားအားလုံးတို့၌ နှစ်သက်မှုကိုလည်းကောင်း၊ တဏှာဒိဋ္ဌိဟူသောတည်ရာအိမ်ကိုလည်းကောင်း၊ အဘိသင်္ခါရဝိညာဏ်ကိုလည်းကောင်း နုတ်ပယ်လေလော့၊ ဤသို့ နုတ်ပယ်နိုင်သည်ရှိသော် ဘဝ၌ မတည်ရာ။ (၇)

၁ဝ၆၃။ ဤသို့ ဆိုခဲ့ပြီးသည့်အတိုင်း နေလေ့ရှိသော ပညာရှိရဟန်းသည် အောက်မေ့မှု 'သတိ' ရှိလျက်မမေ့မလျော့ကျင့်ကာ တဏှာဒိဋ္ဌိအားဖြင့် မြတ်နိုးမှုတို့ကို ပယ်စွန့်သည်ရှိသော် ဤဘဝ၌ပင်လျှင်ပဋိသန္ဓေနေမှု အိုမှု စိုးရိမ်မှု ငိုကြွေးမှုဟူသော ဆင်းရဲကို ပယ်စွန့်နိုင်ရာ၏။ (၈)

၁ဝ၆၄။ ဂေါတမနွယ်ဖွား မြတ်စွာဘုရား မြတ်စွာဘုရား၏ ကောင်းစွာဟော ကြားတော်မူအပ်သော ကံကိလေသာစသော ဥပဓိကို ပယ်တတ်သည့် ထိုစကားကို အကျွန်ုပ် နှစ်သက်ပါ၏။ ထိုတရားကို အသျှင်ဘုရား သိတော်မူပြီးဖြစ်သောကြောင့် မြတ်စွာဘုရားသည် မချွတ်ဧကန်ပင် ဆင်းရဲကို ပယ်တော်မူနိုင်ပါ၏။ (၉)

၁ဝ၆၅။ မြတ်စွာဘုရား အကျွန်ုပ် ကြံစည်မိသည်ကား အသျှင်ဘုရားသည် အကြင်သူတို့ကို မပြတ်ခါခါဆုံးမတော်မူရာ၏။ ထိုသူတို့သည်လည်း ဆင်းရဲကို ပယ်နိုင်ကုန်ရာ၏။ မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား ထို့ကြောင့် အသျှင်ဘုရားသို့ ချဉ်းကပ်၍ အကျွန်ုပ် ရှိခိုးပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို မပြတ်ခါခါ ဆုံးမတော်မူတန်ရာပါ၏။ (၁ဝ)

၁ဝ၆၆။ မေတ္တဂူ အကြင်သူကို သင်သည် မကောင်းမှုမှ အပပြုပြီးသူ မဂ် ဉာဏ်လေးပါးတို့ဖြင့်အဆုံးသို့ ရောက်ပြီးသူကြောင့်ကြမှုမရှိသူ ကာမဘဝ၌ ကပ် ငြိခြင်း မရှိသူဟူ၍ သိရာ၏။ ထိုသူသည် မချွတ်လျှင် ဤသံသရာအလျဉ် 'သြဃ'ကို လွန်မြောက်ပြီးသူ တစ်ဖက်ကမ်း (နိဗ္ဗာန်သို့) ကူးမြောက်ပြီးသူကိလေသာ ဆူး ငြောင့်မရှိသူ ယုံမှားကင်းသူ ဖြစ်နိုင်တော့၏။ (၁၁)

၁ဝ၆၇။ ဤလောက၌ အကြင်သူသည် ပညာ ရှိ၏။ လေးပါးသော မဂ်ဉာဏ်တို့ဖြင့် အဆုံးသို့ ့ရောက်၏။ ထိုသူသည် ဘဝငယ် ဘဝကြီး၌ ဤရာဂစသော ကပ်ငြိတွယ်တာမှုကို ပယ်စွန့်သောကြောင့် တဏှာကင်းပြီးသူ ဆင်းရဲကြောင်း ကိလေသာကင်းပြီးသူ တွယ်တာမှု ကင်းပြီးသူဖြစ်၍ ပဋိသန္ဓေနေမှုအိုမှုစသော ဝဋ်ဆင်းရဲကို ကူးမြောက်နိုင်၏ဟု ငါ ဆို၏။ (၁၂)

လေးခုမြောက် မေတ္တဂူမာဏဝပုစ္ဆာ ပြီး၏။