သုတ္တနိပါတ်ပါဠိတော်

၅-ဓောတကမာဏဝပုစ္ဆာ

၁ဝ၆၈။ (ဓောတကသည် ဤသို့ မေးလျှောက်၏) -

အမြတ်တရားကို ရှာမှီးတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားကို မေး လျှောက်ပါ၏။ ထိုအကြောင်းကို အကျွန်ုပ်အား ဟောတော်မူပါလော့၊ အသျှင်ဘုရား၏ စကားတော်ကိုအလွန်ကြားနာလိုပါ၏။ အသျှင်ဘုရား မြွက်ဆိုသံကို ကြားနာ ရ၍ မိမိ၏ ရာဂစသည် ငြိမ်းအေးခြင်းငှါကျင့်နိုင်ရာပါ၏။ (၁)

၁ဝ၆၉။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

ဓောတက ထိုသို့ ဖြစ်လျှင် ပြင်းစွာအားထုတ်မှုကို ပြုလော့၊ ဤငါဘုရား အထံမှ တရားသံကိုကြားနာရ၍ ဤငါဘုရား သာသနာတော်၌သာလျှင် ရင့်ကျက်သော ပညာရှိသည်အောက်မေ့မှု 'သတိ' ရှိသည်ဖြစ်၍ မိမိ၏ ရာဂစသည် ငြိမ်းအေးခြင်းငှါ ကျင့်ရာ၏။ (၂)

၁ဝ၇ဝ။ ထက်ဝန်းကျင် မြင်စွမ်းနိုင်သော ပညာစက္ခုရှိတော်မူသော မြတ်စွာဘုရား နတ်လောကလူ့လောက၌ ရာဂစသောကြောင့်ကြမှု မရှိသော မကောင်းမှုကို အပပြုပြီး၍လှည့်လည်ကြွသွားတော်မူသော အသျှင်ဘုရားကို အကျွန်ုပ် ဖူးမြင်ရပါ၏။ ထိုအသျှင်ဘုရားကို အကျွန်ုပ်ရှိခိုးပါ၏။ သာကီနွယ်ဖွား မြတ်စွာဘုရား အကျွန်ုပ်ကို ယုံမှားမှုတို့မှ လွတ်မြောက်စေတော်မူပါလော့။ (၃)

၁ဝ၇၁။ ဓောတက လောက၌ ယုံမှားမှုရှိသူ တစ်ဦးတစ်ယောက်ကိုမျှ လွတ် မြောက်စေခြင်းငှါငါဘုရားတတ်နိုင်မည် မဟုတ်၊ သင်သည် မြတ်သော နိဗ္ဗာန် တရားကို သိလတ်သော် ဤနည်းဖြင့်ဤသံသရာအလျဉ် 'သြဃ'ကို လွန်မြောက်နိုင်ရာ၏။ (၄)

၁ဝ၇၂။ ဗြဟ္မာမင်းသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရား အကြင်သင်္ခါရတို့မှ ကင်းဆိတ်သော နိဗ္ဗာန်တရားကို အကျွန်ုပ် သိရာပါ၏။ အကျွန်ုပ်အား သနားသည်ဖြစ်၍ ထိုတရားဖြင့်ဆုံးမတော်မူပါလော့၊ အကျွန်ုပ်သည် ကောင်းကင်ကဲ့သို့ အထူးထူး အထွေထွေရှိသည်အဖြစ်သို့ မရောက်မူ၍ ဤသာသနာတော်၌သာလျှင် ကိလေသာတို့မှ ငြိမ်းအေးသည်ဖြစ်၍ တဏှာဒိဋ္ဌိတို့ကို မမှီဘဲကျင့်ကြံအားထုတ် လိုပါ၏။ (၅)

၁ဝ၇၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

ဓောတက ယခုဘဝ၌ပင် တစ်ဆင့်ကြားမဟုတ်ကိုယ်တိုင်မျက်မှောက်ပြုနိုင်သော ကိလေသာငြိမ်းအေးမှု နိဗ္ဗာန်တရားကို သင့်အား ငါ ဟောကြားပေအံ့၊ ယင်းတရားကို သိ၍ အောက်မေ့မှု 'သတိ' ရှိလျက် ကျင့်ကြံအားထုတ်သူသည် လောက၌ ကပ်ငြိတွယ်တာမှု 'တဏှာ'ကို လွန်မြောက်နိုင်ရာ၏။ (၆)

၁ဝ၇၄။ အမြတ်တရားကို ရှာမှီးတော်မူသော မြတ်စွာဘုရား အကြင်ကိလေသာမှ ငြိမ်းအေးမှုနိဗ္ဗာန်တရားမြတ်ကို သိ၍ အောက်မေ့မှု 'သတိ' ရှိလျက် ကျင့်ကြံအား ထုတ်သူသည် လောက၌ ကပ်ငြိတွယ်တာမှု 'တဏှာ'ကို လွန်မြောက်နိုင်ရာ၏။ ထို ကိလေသာမှ ငြိမ်းအေးမှု နိဗ္ဗာန်တရားမြတ်ကိုအကျွန်ုပ် နှစ်သက်လှပါ၏။ (၇)

၁ဝ၇၅။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

ဓောတက ပစ္စုပ္ပန် အတိတ် အနာဂတ်စသောတရားအားလုံးကို အနိစ္စစသော အပြားအားဖြင့် သင်သိ၏။ လောက၌ ထိုတရားအားလုံးကို ကပ်ငြိတတ်သောတရားဟု သိ၍ ဘဝကြီးငယ်၌ ဖြစ်ခြင်းငှါ့တပ်မက်တွယ်တာမှု 'တဏှာ'ကို မပြု လေလင့်။ (၈)

ငါးခုမြောက် ဓောတကမာဏဝပုစ္ဆာ ပြီး၏။