သုတ္တနိပါတ်ပါဠိတော်

၆-ဥပသီဝမာဏဝပုစ္ဆာ

၁ဝ၇၆။ (ဥပသီဝသည် ဤသို့ မေးလျှောက်၏) -

သာကီနွယ်ဖွား မြတ်စွာဘုရား အကျွန်ုပ်သည် တစ်ယောက်တည်း အမှီမရှိဘဲ ကြီးကျယ်သော 'သြဃ' သံသရာအလျဉ်ကို ကူးမြောက်ခြင်းငှါ မတတ်နိုင်ပါ၊ ထက် ဝန်းကျင် မြင်စွမ်းနိုင်သော ပညာစက္ခုရှိသော မြတ်စွာဘုရား အကြင်တရားကိုမှီ၍ ဤသံသရာ အလျဉ် 'သြဃ'ကို ကူးမြောက်နိုင်ရာ၏။ ထိုမှီရာ တရားကို ဟော တော်မူပါလော့။ (၁)

၁ဝ၇၇။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

ဥပသီဝ အောက်မေ့မှု 'သတိ' ရှိလျက် အာကိဉ္စညာယတနသမာပတ်ကို အနိစ္စ စသောအားဖြင့် ရှုသည်ဖြစ်၍ (တစ်စုံတစ်ခုမျှ) မရှိဟူသော (အာကိဉ္စညာယတန သမာပတ်ကို)မှီ၍သံသရာအလျဉ် 'သြဃ'ကို ကူးမြောက်လေလော့၊ ကာမတို့ကို ပယ်လျက် ယုံမှားခြင်းတို့မှ ကင်းပျောက်သည်ဖြစ်၍ တပ်မက်မှု 'တဏှာ'ကုန်ရာ (နိဗ္ဗာန်) ကို နေ့ရောညဉ့်ပါ ထင်စွာ ရှုလေလော့။ (၂)

၁ဝ၇၈။ (ဥပသီဝသည် ဤသို့ မေးလျှောက်၏) -

မြတ်စွာဘုရား အကြင်သူသည် အလုံးစုံသော ကာမတို့၌ တပ်မက်မှု ကင်း၏။ အာကိဉ္စညာယတနသမာပတ်ကို အမှီပြုလျက် တစ်ပါးသော သမာပတ်ကို စွန့်၍ မြတ်သော အာကိဉ္စညာယတနသမာပတ်ဟူသော သညာဝိမောက္ခ၌ နှလုံးသွင်း၏။ ထိုသူသည် အာကိဉ္စညာယတနဗြဟ္မာ့ဘုံ၌ ရောက်သည်ဖြစ်၍ တည်ရာသလော။ (၃)

၁ဝ၇၉။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

ဥပသီဝ အကြင် သူသည် အလုံးစုံသော ကာမတို့၌ တပ်မက်မှု ကင်း၏။ အာကိဉ္စညာယတနသမာပတ်ကို အမှီပြုလျက် တစ်ပါးသော သမာပတ်ကို စွန့်၍ မြတ်သော အာကိဉ္စညာယတနသမာပတ်ဟူသော သညာဝိမောက္ခ္ခ၌ နှလုံးသွင်း၏။ ထိုသူသည် အာကိဉ္စညာယတနဗြဟ္မာ့ဘုံ၌ ရောက်သည်ဖြစ်၍ တည်ရာ၏။ (၄)

၁ဝ၈ဝ။ (ဥပသီဝသည် ဤသို့ မေးလျှောက်၏) -

ထက်ဝန်းကျင် မြင်စွမ်းနိုင်သော ပညာစက္ခုရှိတော်မူသော မြတ်စွာဘုရား ထိုသူသည် ထိုအာကိဉ္စညာယတနဗြဟ္မာ့ဘုံ၌ ရောက်သည်ဖြစ်၍ တည်ခဲ့မူ ထိုဘုံ၌ပင်လျှင် နှစ်ပေါင်းများစွာငြိမ်းအေးသည်ဖြစ်၍ (ဆင်းရဲတို့မှ) လွတ်မြောက်သည် ဖြစ်ရာ သလော၊သို့ မဟုတ်မူထိုသို့ သဘောရှိသောသူ၏ ဝိညာဉ်သည် ရွေ့လျောရာသေး သလော။ (၅)

၁ဝ၈၁။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

ဥပသီဝ လေဟုန်ဖြင့် လွင့်သော မီးလျှံသည် ချုပ်ပျောက်ခြင်းသို့ ရောက်သကဲ့့သို့ တစ်စုံတစ်ခုခေါ်ဝေါ်အပ်သော အဖြစ်သို့ မရောက်သကဲ့သို့ ဤအတူ ရဟန်းသည် နာမကာယမှ လွတ်သည်ဖြစ်၍ချုပ်ပျောက်ခြင်းသို့ ရောက်၏။ တစ်စုံတစ်ခု ခေါ်ဝေါ်အပ်သော အဖြစ်သို့ မရောက်။ (၆)

၁ဝ၈၂။ (ဥပသီဝသည် ဤသို့ မေးလျှောက်၏) -

ထိုသူသည် ချုပ်ပျောက်ခြင်းသို့ ရောက်သွားသလော၊သို့ မဟုတ် မရှိတော့ပြီ လော၊သို့ မဟုတ်မူစင်စစ် မြဲသော သဘောဖြင့် မဖောက်ပြန်တော့ပြီလော၊ မြတ်စွာဘုရား တောင်းပန်ပါ၏။ ထိုတရားကို အသျှင်ဘုရား သိပြီးဖြစ်သောကြောင့် ထိုအကြောင်းကို အကျွန်ုပ်အား ဟောကြားတော်မူပါလော့။ (၇)

၁ဝ၈၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) - ဥပသီဝ ပရိနိဗ္ဗာန်ပြုခြင်းသို့ ရောက်သူအား ရုပ်စသော အတိုင်းအရှည်ပမာဏ မရှိ၊ အကြင်ရာဂစသော အကြောင်းဖြင့် ထိုသူကို (တပ်မက်သူစသည်ဖြင့်) ဆိုကုန် ရာ၏။ ထိုသူအား ထိုအကြောင်းမျိုးမရှိတော့ပြီ၊ (ခန္ဓာစသောတရား)အားလုံးတို့ကို ပယ်နုတ်ပြီးကုန်သည်ရှိသော် အလုံးစုံသော ခေါ်ဆိုရာအကြောင်းမျိုးကိုလည်း ပယ်နုတ်ပြီး ဖြစ်ကုန်၏။ (၈)

ခြောက်ခုမြောက် ဥပသီဝမာဏဝပုစ္ဆာ ပြီး၏။