သုတ္တနိပါတ်ပါဠိတော်

၇-နန္ဒမာဏဝပုစ္ဆာ

၁ဝ၈၄။ (နန္ဒသည် ဤသို့ မေးလျှောက်၏) -

လောက၌ (မုနိ) အမည်ခံ အာဇီဝကစသည်တို့ ရှိကုန်၏ဟု လူတို့ပြောဆိုကုန်၏။ ထိုစကားကို အဘယ့်ကြောင့် ဆိုကုန်သနည်း၊ သမာပတ်ဉာဏ်စသည်နှင့် ပြည့် စုံသောသူကို မုနိဟု ဆိုကုန်ပါသလော၊သို့ မဟုတ် ခေါင်းပါးသော အသက်မွေးမှုနှင့် ပြည့်စုံသောသူကို မုနိဟု ဆိုကုန်ပါသလော။ (၁)

၁ဝ၈၅။ နန္ဒ ဤသာသနာတော်ဝယ် ခန္ဓာစသည်၌ လိမ္မာသူတို့သည် အမြင် စင်ကြယ်မှုဖြင့် မုနိဟူ၍မဆိုကုန်၊ အကြားစင်ကြယ်မှုဖြင့် မုနိဟူ၍ မဆိုကုန်၊ သမာပတ်စသောဉာဏ်ဖြင့် မုနိဟူ၍ မဆိုကုန်၊ အကြင်သူတို့သည် ကိလေသာ စသော မာရ်စစ်သည် ကင်းအောင် ပြုပြီး၍ ဆင်းရဲ မရှိကြကုန်၊ ကပ်ငြိတွယ်တာမှု 'အာသာ' မရှိကြကုန်ဘဲ ကျင့်ကြံကုန်၏။ ထိုသူတို့ကို မုနိဟူ၍ ဆို၏။ (၂)

၁ဝ၈၆။ (နန္ဒသည် ဤသို့ မေးလျှောက်၏) -

ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသမဏဗြာဟ္မဏအားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်းစင်ကြယ်၏ဟု ဆိုကုန်၏။ စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ'ဖြင့်လည်း စင်ကြယ်၏ဟူ၍ဆိုကုန်၏။ များသော အပြားရှိသော ကောတု ဟလမင်္ဂလာဖြင့်လည်း စင်ကြယ်၏ဟု ဆိုကုန်၏။ မြတ်စွာဘုရား အသို့ပါနည်း၊ ထိုသမဏဗြာဟ္မဏအားလုံးတို့သည် ထိုမိမိ အယူ၌ စောင့်စည်းနေထိုင်ကြကုန်သည်ရှိသော် ပဋိသန္ဓေနေမှု အိုမှုကို လွန်မြောက်နိုင်ပါကုန်သလော၊ မြတ်စွာဘုရားထိုအကြောင်းကို မေးလျှောက်ပါ၏။ အကျွန်ုပ်အား ထိုအကြောင်းကို ဟောတော်မူပါလော့။ (၃)

၁ဝ၈၇။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

နန္ဒ ဤသမဏဗြာဟ္မဏအားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏။ စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ'ဖြင့်လည်း စင်ကြယ်၏ဟူ၍ ဆိုကြကုန်၏။ များသော အပြားရှိသော ကောတုဟလမင်္ဂလာဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် မိမိအယူ၌ ယူ၍ စောင့် စည်းနေထိုင်ကြစေကာမူ ထိုသမဏဗြာဟ္မဏတို့သည် ပဋိသန္ဓေနေမှု အိုမှုကို မကူး မြောက်နိုင်ကြကုန်ဟု ငါ ဆို၏။ (၄)

၁ဝ၈၈။ (နန္ဒသည် ဤသို့ မေးလျှောက်၏) -

မြတ်စွာဘုရား ဤသမဏဗြာဟ္မဏအားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏။ စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ'ဖြင့်လည်း စင်ကြယ်၏ဟူ၍ ဆိုကြကုန်၏။ များသော အပြားရှိသော ကောတုဟလမင်္ဂလာဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏။ ထိုသမဏဗြာဟ္မဏအားလုံးတို့ကို သံသရာ အယဉ် 'သြဃ'မှ မကူးမြောက်နိုင်ကြသူတို့ဟု အကယ်၍ဟောတော်မူခဲ့မူ မြတ်စွာဘုရား နတ်လောက လူ့လောက၌ အဘယ်သူသည် ပဋိသန္ဓေနေမှု အိုမှုကို ကူးမြောက်နိုင်ပါသနည်း၊ မြတ်စွာဘုရား ထိုအကြောင်းကို မေးလျှောက်ပါ၏။ အကျွန်ုပ်အားထိုအကြောင်းကို ဟောတော်မူပါလော့။ (၅)

၁ဝ၈၉။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

နန္ဒ သမဏဗြာဟ္မဏအားလုံးတို့ကို ပဋိသန္ဓေနေမှု အိုမှုသည် ပိတ်ဖုံးအပ်ကုန်၏ဟူ၍ ငါမဆို၊ ဤလောက၌ အကြင်သူတို့သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသဖောဋ္ဌဗ္ဗာရုံဖြင့် စင်ကြယ်၏ဟူသော အယူ စောင့် ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ'ဖြင့်စင်ကြယ်၏ဟူသော အယူအားလုံးကို ပယ်စွန့်၍ များသော အပြားရှိသော ကောတုဟလမင်္ဂလာအားလုံးကိုလည်း ပယ် စွန့်နိုင်၍ တပ်မက်မှု 'တဏှာ'ကို ပိုင်းခြားသိလျက် အာသဝေါကင်းကုန်၏။ ထိုသူတို့ကို သံသရာအယဉ် 'သြဃ'မှ လွန်မြောက်ကုန်ပြီဟု ငါဆို၏။ (၆)

၁ဝ၉ဝ။ ဂေါတမနွယ်ဖွား မြတ်စွာဘုရား မြတ်စွာဘုရား၏ ကောင်းစွာ ဟော ကြားတော်မူအပ်သော ကံကိလေသာစသော ဥပဓိကို ပယ်တတ်သည့် ထိုစကားကို အကျွန်ုပ် နှစ်သက်ပါ၏။ ဤလောက၌ အကြင်သူတို့သည် မြင်ရသော ရူပါရုံ ကြား ရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံဖြင့်စင်ကြယ်၏ဟူသော အယူ စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ'ဖြင့် စင်ကြယ်၏ဟူသော အယူအားလုံးကို ပယ်စွန့်၍ များသော အပြားရှိသော ကောတုဟလမင်္ဂလာအားလုံးကိုလည်းပယ်စွန့်နိုင်၍ တပ်မက်မှု 'တဏှာ'ကို ပိုင်းခြားသိလျက် အာသဝေါကင်းကုန်၏။ ထိုသူတို့ကို သံသရာအယဉ် 'သြဃ'မှ လွန်မြောက်ကုန်ပြီဟု အကျွန်ုပ်လည်း ဆို၏။ (၇)

ခုနစ်ခုမြောက် နန္ဒမာဏဝပုစ္ဆာ ပြီး၏။