သုတ္တနိပါတ်ပါဠိတော်

၈-ဟေမကမာဏဝပုစ္ဆာ

၁ဝ၉၁။ (ဟေမကသည် ဤသို့ မေးလျှောက်၏) -

ဂေါတမဘုရား၏ သာသနာတော် မပေါ်သေးမီ ရှေးအခါ က အကြင်ဆရာတို့သည် ဤသို့ ဖြစ်ခဲ့ပြီ၊ ဤသို့ ဖြစ်လိမ့်မည်ဟု အကျွန်ုပ်အား (မိမိတို့အယူအဆကို) ပြောကြားကြပါကုန်၏။ (ထိုသူတို့၏) ထိုအလုံးစုံသော စကားသည် တစ်ဆင့် ကြားကာမျှသာတည်း၊ ထိုအလုံးစုံသည် ကာမဝိတက်စသည်ကိုသာပွါးစေနိုင်၏။ အကျွန်ုပ်သည် ထိုအယူတို့၌ မနှစ်သက်နိုင်ပါ။ (၁)

၁ဝ၉၂။ မြတ်စွာဘုရား အကြင်တရားကို သိ၍ အောက်မေ့မှု 'သတိ' ရှိလျက် ကျင့်သူသည် လောက၌ ကပ်ငြိမှု 'တဏှာ'ကို လွန်မြောက်ရာ၏။ တပ်မက်မှု 'တဏှာ'ကို ဖျက်ဆီးတတ်သော ထိုတရားကို အသျှင်ဘုရားသည် အကျွန်ုပ်အား ဟောကြား တော်မူပါလော့။ (၂)

၁ဝ၉၃။ ဟေမက ဤလောက၌ ချစ်ဖွယ်သဘောရှိကုန်သော မြင်ရ ကြားရ ရောက်ရသိရသော အာရုံခြောက်ပါး တရားတို့၌ အလွန်တပ်စွန်းမှု 'ဆန္ဒရာဂ'ကို ပယ်ဖျောက်နိုင်သော ငြိမ်းအေးရာ နိဗ္ဗာန်သည် ရွေ့လျောခြင်း မရှိ။ (၃)

၁ဝ၉၄။ အောက်မေ့မှု 'သတိ' ရှိကြသော အကြင်သူတို့သည် ထိုနိဗ္ဗာန်ကို သိသောကြောင့် တရားကို မြင်ပြီးသူ (ကိလေသာမီး) ငြိမ်းအေးပြီးသူတို့ ဖြစ်ကုန်၏။ ထိုသူတို့သည် အခါ ခပ်သိမ်း (ကိလေသာမှ) ငြိမ်းကုန်သည်ဖြစ်၍ လောက၌ ကပ်ငြိမှု 'တဏှာ'ကို လွန်မြောက်ကုန်၏။ (၄)

ရှစ်ခုမြောက် ဟေမကမာဏဝပုစ္ဆာ ပြီး၏။