ဥဒါန်းပါဠိတော်

၁-ပဌမဗောဓိသုတ်

၁။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းနား ဗောဓိပင်၏အနီး၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဉ်ခွေကာ ဖလသမာပတ် သမာဓိချမ်းသာကို ခံစားလျက် တစ်ထိုင်တည်းနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့် ထို (အရဟတ္တဖိုလ်) ဖလသမာပတ်သမာဓိမှ ထတော်မူ၍ ညဉ့်၏ ပဌမယာမ်ပတ်လုံး ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံအားဖြင့် ကောင်းစွာ နှလုံးသွင်းတော်မူ၏-

ဤ (အဝိဇ္ဇာစသော) အကြောင်းတရား ဖြစ်လတ်သော် ဤ (သင်္ခါရစသော) အကျိုးတရားသည် ဖြစ်၏။ ဤ (အဝိဇ္ဇာစသော) အကြောင်းတရား ဖြစ်ခြင်းကြောင့် ဤ (သင်္ခါရစသော) အကျိုးတရားသည် ဖြစ်ပေါ်လာ၏။ ယင်းအကြောင်းအကျိုးတို့ကား မသိမှု 'အဝိဇ္ဇာ' ကြောင့် ပြုပြင်စီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏။ ပြုပြင်စီရင်မှု 'သင်္ခါရ'တို့ကြောင့် ပဋိသန္ဓေဝိညာဏ်ဖြစ်၏။ ပဋိသန္ဓေဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်၏။ နာမ်ရုပ်ကြောင့် အာယတနခြောက်ပါး 'သဠာယတန' ဖြစ်၏။ အာယတနခြောက်ပါးကြောင့် တွေ့ထိမှု 'ဖဿ'ဖြစ်၏။ တွေ့ထိမှု 'ဖဿ' ကြောင့် ခံစားမှု 'ဝေဒနာ' ဖြစ်၏။ ခံစားမှု 'ဝေဒနာ' ကြောင့် တပ်နှစ်သက်မှု 'တဏှာ' ဖြစ်၏။ တပ်နှစ်သက်မှု 'တဏှာ' ကြောင့် စွဲလမ်းမှု 'ဥပါဒါန်' ဖြစ်၏။ စွဲလမ်းမှု 'ဥပါဒါန်' ကြောင့် ဖြစ်ကြောင်း 'ဘဝ' ဖြစ်၏။ ဖြစ်ကြောင်း 'ဘဝ' ကြောင့် ပဋိသန္ဓေနေမှု 'ဇာတိ' ဖြစ်၏။ ပဋိသန္ဓေနေမှု 'ဇာတိ' ကြောင့် အိုမှု 'ဇရာ' သေမှု 'မရဏ' စိုးရိမ်မှု 'သောက' ငိုကြွေးမှု 'ပရိဒေဝ' ကိုယ်ဆင်းရဲမှု 'ဒုက္ခ' စိတ်ဆင်းရဲမှု 'ဒေါမနဿ' ပြင်းစွာပင်ပန်းမှု 'ဥပါယာသ'တို့ ဖြစ်ပေါ်လာကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ဖြစ်ပွါး၏ဟု (ဤသို့ နှလုံးသွင်းတော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ဤ (ပဋိစ္စသမုပ္ပါဒ်) သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌ -''အကြင်အခါ်၌ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော မကောင်းမှုကို ရှို့မြှိုက်တတ်သော မကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား စင်စစ်အားဖြင့် (ဗောဓိပက္ခိယ) တရား (သုံးဆယ့်ခုနစ်ပါး)တို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏။ ထိုအခါ အကြောင်းနှင့်တကွ (ပဋိစ္စသမုပ္ပါဒ်) တရားကို အပြားအားဖြင့် သိသောကြောင့် ထိုမကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား ယုံမှားခြင်းအားလုံးတို့သည် ကင်းပျောက်ကုန်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ပဌမသုတ်။