ဥဒါန်းပါဠိတော်

၁ဝ-ဗာဟိယသုတ်

၁ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ သစ်သားပျဉ်ချပ် ဝတ်သောကြောင့် ဒါရုစီရိယမည်သော ဗာဟိယသည် ရိုသေခြင်း လေးမြတ်ခြင်း မြတ်နိုးခြင်း ပူဇော်ခြင်း တုပ်ဝပ်ခြင်းကို ခံယူလျက် သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ ဆေးအသုံးအဆောင်ကို ရသည်ဖြစ်၍ သမုဒ္ဒရာကမ်းခြေ သုပ္ပါရကဆိပ်၌ နေ၏။ ထိုအခါ ဒါရုစီရိယမည်သော ဗာဟိယအား ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက်တည်း ကိန်းအောင်းရာ၌ ''လောက၌ ရဟန္တာတို့သည်လည်းကောင်း၊ အရဟတ္တမဂ်သို့ ရောက်ကြသောသူတို့သည်လည်းကောင်း ရှိကုန်၏။ ငါသည် ထိုသူတို့တွင် တစ်ယောက် အပါအဝင်တည်း''ဟု ဤသို့ စိတ်အကြံသည် ဖြစ်၏။

ထိုအခါ ဗာဟိယ၏ ရှေးဘဝက ဆွေမျိုးတော်ဖူးသော နတ်သားသည် စောင့်ရှောက်လိုသည် အစီးအပွါးကို အလိုရှိသည်ဖြစ်၍ သစ်သား အဝတ်ဝတ်သော ဗာဟိယ၏ စိတ်အကြံကို မိမိစိတ်ဖြင့်သိသောကြောင့် သစ်သား အဝတ်ဝတ်သော ဗာဟိယရှိရာသို့ ချဉ်းကပ်၍ သစ်သား အဝတ်ဝတ်သော ဗာဟိယကို ''ဗာဟိယ သင်သည် ရဟန္တာလည်း မဟုတ်၊ အရဟတ္တမဂ်သို့ ရောက်သူလည်း မဟုတ်၊ အကြင်အကျင့်ဖြင့် သင်သည် ရဟန္တာလည်း ဖြစ်ရာ၏။ အရဟတ္တမဂ်သို့လည်း ရောက်ရာ၏။ သင့်အား ထိုအကျင့်မျှသော်လည်း မရှိ''ဟု ဤစကားကို ပြောဆို၏။

ထိုအခါ ဗာဟိယသည် နတ်သားအား နတ်နှင့်တကွသော လောက၌ ရဟန္တာသည် လည်းကောင်း၊ အရဟတ္တမဂ်သို့ ရောက်သောသူတို့သည်လည်းကောင်း အဘယ်အရပ်၌ နေကြကုန်သနည်းဟု (မေးလေ၏)။ ဗာဟိယ ဥတ္တရတိုင်း ဇနပုဒ်တို့၌ သာဝတ္ထိမည်သော မြို့သည် ရှိ၏။ ထိုသာဝတ္ထိမြို့၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ယခုအခါ၌ နေတော်မူ၏။ ဗာဟိယ ထိုမြတ်စွာဘုရားသည် ရဟန္တာလည်းဟုတ်၏။ ရဟန္တာဖြစ်ခြင်းငှါ တရားကိုလည်း ဟော၏ဟု (ပြောလေ၏)။

ထိုအခါ သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယသည် ထိုနတ်သား၏ ထိတ်လန့်စေမှုကြောင့် ထိုခဏ၌ပင် သုပ္ပါရက ဆိပ်ကမ်းမှ ဖဲသွားလေ၏။ ခရီးအားလုံးတို့၌ တစ်ညဉ့်အိပ်နေခြင်းဖြင့် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းသို့ ရောက်၏။ ထိုအခါ၌ များစွာသော ရဟန်းတို့သည် လွင်တီးခေါင်၌ စင်္ကြံသွားကုန်၏။ ထိုအခါ သစ်သားပျဉ်ချပ် ဝတ်သော ဗာဟိယသည် ထိုရဟန်းတို့ရှိရာသို့ ချဉ်းကပ်၍ ထိုရဟန်းတို့ကို ''အသျှင်ဘုရားတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ယခုအခါ အဘယ်မှာ နေပါသနည်း? အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားကို ဖူးမြင်လိုပါကုန်၏''ဟု လျှောက်ထား၏။ ဗာဟိယမြတ်စွာဘုရားသည် ဆွမ်းအလို့ငှါ ရွာတွင်းသို့ ဝင်တော်မူ၏ဟု (ပြောဆိုကုန်၏)။

ထိုအခါ သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယသည် လျင်မြန်သော သဘောရှိကာ ဇေတဝန်ကျောင်းတော်မှထွက်၍ သာဝတ္ထိမြို့သို့ ဝင်လတ်သော် ကြည်ညိုဖွယ်ရှိသော ကြည်ညိုဖွယ်ကို ဆောင်သော ငြိမ်သက်သော ဣန္ဒြေရှိသော ငြိမ်းအေးသော စိတ်ရှိသော မြတ်သော ဒမထ, သမထသို့ ရောက်သော ယဉ်ကျေးသော လုံခြုံသော ရဟန်းဣန္ဒြေရှိသော ရဟန္တာဖြစ်သော မြတ်စွာဘုရားကို သာဝတ္ထိမြို့၌ ဆွမ်းခံလှည့်လည်သည်ကို မြင်သောကြောင့် မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးဖြင့်တိုက်၍ မြတ်စွာဘုရားအား ''အသျှင်ဘုရား အကြင်တရားတော်သည် တပည့်တော်၏ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။ မြတ်စွာဘုရား မြတ်စွာဘုရားသည် တပည့်တော်အား ထိုတရားကို ဟောတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား ထိုတရားကို တပည့်တော်အား ဟောတော်မူပါလော့''ဟု ဤစကားကို လျှောက်ထား၏။ ဤသို့ လျှောက်ထားလတ်သော် မြတ်စွာဘုရားသည် သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယကို ''ဗာဟိယ အခါ မဟုတ်သေး၊ ဆွမ်းအလို့ငှါ ရွာတွင်းသို့ ဝင်နေ၏''ဟု ဤစကားကို မိန့်တော်မူ၏။

နှစ်ကြိမ်မြောက်လည်း သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယသည် မြတ်စွာဘုရားအား ''အသျှင်ဘုရား မြတ်စွာဘုရား၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း၊ တပည့်တော်၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း သိနိုင်ခဲပါ၏။ အကြင်တရားတော်သည် တပည့်တော်၏ ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။ မြတ်စွာဘုရား မြတ်စွာဘုရားသည် တပည့်တော်အား ထိုတရားကို ဟောတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ထိုတရားကို တပည့်တော်အား ဟောတော်မူပါလော့''ဟု ဤစကားကို လျှောက်ထား၏။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယကို ''ဗာဟိယ အခါ မဟုတ်သေး၊ ရွာတွင်းသို့ ဆွမ်းအလို့ငှါ ဝင်နေ၏''ဟု ဤစကားကို မိန့်တော်မူ၏။

သုံးကြိမ်မြောက်လည်း သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယသည် မြတ်စွာဘုရားအား ''အသျှင်ဘုရား မြတ်စွာဘုရား၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း တပည့်တော်၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း သိနိုင်ခဲပါ၏။ အကြင်တရားတော်သည် တပည့်တော်၏ ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။ မြတ်စွာဘုရား မြတ်စွာဘုရားသည် တပည့်တော်အား တရားကို ဟောတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား တရားကို တပည့်တော်အား ဟောတော်မူပါလော့''ဟု ဤစကားကို လျှောက်ထား၏။

ထိုသို့ ဖြစ်လျှင် ဗာဟိယ သင်သည် ဤသို့ ကျင့်အပ်၏ ''မြင်ရာ၌ မြင်ကာမျှ ဖြစ်လတ္တံ့။ ကြားရာ၌ ကြားကာမျှ ဖြစ်လတ္တံ့။ တွေ့ရာ၌ တွေ့ကာမျှ ဖြစ်လတ္တံ့။ သိရာ၌ သိကာမျှ ဖြစ်လတ္တံ့''ဟု ဤသို့ သင်သည် ကျင့်အပ်၏။ ဗာဟိယ အကြင်အခါ၌ သင်သည် မြင်ရာ၌ မြင်ကာမျှ ဖြစ်လတ္တံ့။ ကြားရာ၌ ကြားကာမျှ ဖြစ်လတ္တံ့။ တွေ့ရာ၌ တွေ့ကာမျှ ဖြစ်လတ္တံ့။ သိရာ၌ သိကာမျှ ဖြစ်လတ္တံ့။ ဗာဟိယ ထိုအခါ သင်သည် ထိုရာဂ စသည်နှင့်တကွ မဖြစ်လတ္တံ့။ ဗာဟိယ အကြင်အခါ သင်သည် ထိုရာဂ စသည်နှင့်တကွ မဖြစ်လတ္တံ့။ ဗာဟိယ ထိုအခါ သင်သည် ထိုရူပါရုံ စသည်၌ (နှစ်သက်မှု ပြစ်မှားမှု တွေဝေမှု) မဖြစ်လတ္တံ့။ ဗာဟိယ အကြင်အခါ ထိုရူပါရုံ စသည်၌ (နှစ်သက်မှု ပြစ်မှားမှု တွေဝေမှု) မဖြစ်လတ္တံ့။ ဗာဟိယ ထိုအခါ သင်သည် ဤမျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ နှစ်ပါးစုံဘဝ၌ လည်းကောင်း မဖြစ်လတ္တံ့။ ဤသည်ပင်လျှင် ဆင်းရဲ၏အဆုံးတည်းဟု (ဟောတော်မူ၏)။

ထိုအခါ သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယမထေရ်အား ဤအကျဉ်းဖြစ်သော မြတ်စွာဘုရား တရားဟောခြင်းဖြင့် ထိုခဏ၌ပင်လျှင် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ စိတ်သည် လွတ်၏။

ထိုအခါ မြတ်စွာဘုရားသည် သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယမထေရ်ကို ဤအကျဉ်းဖြစ်သော ဆုံးမခြင်းဖြင့် ဆုံးမ၍ ဖဲကြွတော်မူ၏။ ထိုအခါ မြတ်စွာဘုရား ဖဲကြွ၍ မကြာမီ နို့စို့သားငယ်ရှိသော နွားမသည် သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယမထေရ်ကို ဝှေ့၍ ဇီဝိတိန္ဒြေမှ ချ၏။

ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိမြို့၌ ဆွမ်းအလို့ငှါ လှည့်လည်၍ ဆွမ်းခံပြီးသည်မှနောက်၌ ဆွမ်းခံရွာမှ ဖဲကြွခဲ့ပြီးသော် များစွာသော ရဟန်းတို့နှင့်အတူ သာဝတ္ထိမြို့မှ ထွက်တော်မူ၍ သေသော သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယကို မြင်၍ ရဟန်းတို့ကို ''ရဟန်းတို့ ဆောင်ယူကြလော့၊ သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယ၏ ကိုယ်ကောင်ကို ညောင်စောင်းပေါ်သို့ တင်၍ ထုတ်ဆောင်လျက် မီးရှို့ကြကုန်လော့၊ ထိုဗာဟိယ၏ စေတီကိုလည်း ပြုကြကုန်လော့၊ ရဟန်းတို့ သင်တို့၏ သီတင်းသုံးဖော်သည် သေ၏''ဟု မိန့်တော်မူ၏။

''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယ၏ကိုယ်ကောင်ကို ညောင်စောင်းပေါ်သို့ တင်၍ ထုတ်ဆောင်လျက် မီးရှို့၍ထိုဗာဟိယ၏ စေတီကိုလည်း ပြုလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောအရပ်၌ နေကြကုန်၏။ တစ်ခုသောအရပ်၌ နေပြီးသော ထိုရဟန်းတို့သည် မြတ်စွာဘုရားအား''အသျှင်ဘုရား သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယ၏ ကိုယ်ကောင်ကို မီးရှို့အပ်ပါပြီ။ ထိုဗာဟိယ၏ စေတီကိုလည်း ပြုအပ်ပါပြီ။ ထိုဗာဟိယ၏ လားရာဂတိကား အဘယ်ပါနည်း? ရှေးရှုရောက်ရာ တမလွန်ဘဝကား အဘယ်ပါနည်း''ဟု ဤစကားကို လျှောက်ထားကုန်၏။ ရဟန်းတို့ သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယသည် ပညာရှိ၏။ လောကုတ္တရာတရားအား လျော်သောအကျင့်ကို ကျင့်၏။ တရားတည်းဟူသောအကြောင်းကြောင့် ငါဘုရားကို မညှဉ်းဆဲ။ ရဟန်းတို့ သစ်သားပျဉ်ချပ် ဝတ်သော ဗာဟိယသည် ပရိနိဗ္ဗာန်ပြု၏ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ဤအနက်သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်နိဗ္ဗာန်၌ အာပေါဓာတ်သည်လည်းကောင်း၊ ပထဝီဓာတ်သည်လည်းကောင်း၊ တေဇောဓာတ်သည်လည်းကောင်း၊ ဝါယောဓာတ်သည်လည်းကောင်း မတည်နိုင်၊ ထိုနိဗ္ဗာန်၌ ကြယ်တို့သည် မတောက်ပကုန်။ နေသည်လည်း မတောက်ပ၊ လသည်လည်း မတောက်ပ၊ အမိုက်တိုက်လည်း မရှိ။

အကြင်အခါ၌ သစ္စာလေးပါးကို သိသောကြောင့် မုနိအမည်ရသော ရဟန္တာပုဂ္ဂိုလ်သည် ကိုယ်တိုင် နိဗ္ဗာန်ကို သိ၏။ နိဗ္ဗာန်ကို သိပြီးသည်မှ နောက်၌ ရုပ်မှလည်းကောင်း၊ နာမ်မှလည်းကောင်း၊ ချမ်းသာဆင်းရဲမှလည်းကောင်း လွတ်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

(မြတ်စွာဘုရားသည် ဤဥဒါန်းကိုလည်း ဟောတော်မူ၏ဟု အကျွန်ုပ် ကြားရဖူးပါ၏)။

ရှေးဦးစွာသော ဗောဓိဝဂ် ပြီး၏။