ဥဒါန်းပါဠိတော်

၂-ဒုတိယဗောဓိသုတ်

၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းနား ဗောဓိပင်၏အနီး၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဉ်ခွေကာ ဖလသမာပတ် သမာဓိချမ်းသာကို ခံစားလျက် တစ်ထိုင်တည်း နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့် ထို (အရဟတ္တဖိုလ်) ဖလသမာပတ် သမာဓိမှ ထတော်မူ၍ ညဉ့်၏ မဇ္ဈိမယာမ်ပတ်လုံး ပဋိစ္စသမုပ္ပါဒ်တရားကို ပဋိလုံအားဖြင့် ကောင်းစွာ နှလုံးသွင်းတော်မူ၏-

ဤ (အဝိဇ္ဇာစသော) အကြောင်းတရား မဖြစ်လတ်သော် ဤ (သင်္ခါရစသော) အကျိုးတရားသည် မဖြစ်၊ ဤ (အဝိဇ္ဇာစသော) အကြောင်းတရား ချုပ်ခြင်းကြောင့် ဤ (သင်္ခါရစသော) အကျိုးတရားသည် ချုပ်၏။ ယင်းအကြောင်းအကျိုးတို့ ချုပ်ပုံကား မသိမှု 'အဝိဇ္ဇာ' ချုပ်ခြင်းကြောင့် ပြုပြင်စီရင်မှု 'သင်္ခါရ' ချုပ်၏။ ပြုပြင်စီရင်မှု 'သင်္ခါရ' ချုပ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ချုပ်၏။ ပဋိသန္ဓေဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏။ နာမ်ရုပ် ချုပ်ခြင်းကြောင့် အာယတနခြောက်ပါး 'သဠာယတန' ချုပ်၏။ အာယတနခြောက်ပါး ချုပ်ခြင်းကြောင့် တွေ့ထိမှု 'ဖဿ' ချုပ်၏။ တွေ့ထိမှု 'ဖဿ' ချုပ်ခြင်းကြောင့် ခံစားမှု 'ဝေဒနာ' ချုပ်၏။ ခံစားမှု 'ဝေဒနာ' ချုပ်ခြင်းကြောင့် တပ်နှစ်သက်မှု 'တဏှာ' ချုပ်၏။ တပ်နှစ်သက်မှု 'တဏှာ' ချုပ်ခြင်းကြောင့် စွဲလမ်းမှု 'ဥပါဒါန်' ချုပ်၏။ စွဲလမ်းမှု 'ဥပါဒါန်' ချုပ်ခြင်းကြောင့် ဖြစ်ကြောင်း'ဘဝ' ချုပ်၏။ ဖြစ်ကြောင်း 'ဘဝ' ချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု 'ဇာတိ' ချုပ်၏။ ပဋိသန္ဓေနေမှု 'ဇာတိ' ချုပ်ခြင်းကြောင့် အိုမှု 'ဇရာ' သေမှု 'မရဏ' စိုးရိမ်မှု 'သောက' ငိုကြွေးမှု 'ပရိဒေဝ' ကိုယ်ဆင်းရဲမှု 'ဒုက္ခ' စိတ်ဆင်းရဲမှု 'ဒေါမနဿ' ပြင်းစွာပင်ပန်းမှု 'ဥပါယာသ'တို့ ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ချုပ်ပျောက်၏ဟု (ဤသို့ နှလုံးသွင်းတော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ဤ (ပဋိစ္စသမုပ္ပါဒ်) သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌ -''အကြင်အခါ်၌ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော မကောင်းမှုကို ရှို့မြှိုက်တတ်သော မကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား စင်စစ်အားဖြင့် (ဗောဓိပက္ခိယ) တရား (သုံးဆယ့်ခုနစ်ပါး) တို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏။ ထိုအခါ အဝိဇ္ဇာစသော အကြောင်းတရားတို့၏ကုန်ရာ နိဗ္ဗာန်ကို သိသောကြောင့် ထိုမကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား ယုံမှားခြင်းအားလုံးတို့သည် ကင်းပျောက်ကုန်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဒုတိယသုတ်။