ဥဒါန်းပါဠိတော်

၃-တတိယဗောဓိသုတ်

၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းနား ဗောဓိပင်၏ အနီး၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဉ်ခွေကာ ဖလသမာပတ် သမာဓိချမ်းသာကို ခံစားလျက် တစ်ထိုင်တည်းနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့် ထို (အရဟတ္တဖိုလ်) ဖလသမာပတ်သမာဓိမှ ထတော်မူ၍ ညဉ့်၏နောက်ဆုံး ပစ္ဆိမယာမ်ပတ်လုံး ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ ပဋိလုံအားဖြင့် ကောင်းစွာ နှလုံးသွင်းတော်မူ၏-

ဤ (အဝိဇ္ဇာစသော) အကြောင်းတရား ဖြစ်လတ်သော် ဤ (သင်္ခါရစသော) အကျိုးတရားသည် ဖြစ်၏။ ဤ (အဝိဇ္ဇာစသော) အကြောင်းတရား ဖြစ်ခြင်းကြောင့် ဤ (သင်္ခါရစသော) အကျိုးတရားသည် ဖြစ်၏။ ဤ (အဝိဇ္ဇာစသော) အကြောင်းတရား မဖြစ်လတ်သော် ဤ (သင်္ခါရစသော) အကျိုးတရားသည် မဖြစ်။ ဤ (အဝိဇ္ဇာ စသော) အကြောင်းတရား ချုပ်ခြင်းကြောင့် ဤ (သင်္ခါရစသော) အကျိုးတရားသည် ချုပ်၏။ ယင်းဖြစ်ပုံ ချုပ်ပုံကား မသိမှု 'အဝိဇ္ဇာ' ကြောင့် ပြုပြင်စီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏။ ပြုပြင်စီရင်မှု 'သင်္ခါရ'တို့ကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်၏။ ပဋိသန္ဓေဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်၏။ နာမ်ရုပ်ကြောင့် အာယတနခြောက်ပါး 'သဠာယတန' ဖြစ်၏။ အာယတနခြောက်ပါးကြောင့် တွေ့ထိမှု 'ဖဿ' ဖြစ်၏။ တွေ့ ထိမှု 'ဖဿ' ကြောင့် ခံစားမှု 'ဝေဒနာ' ဖြစ်၏။ ခံစားမှု 'ဝေဒနာ' ကြောင့် တပ်နှစ်သက်မှု 'တဏှာ' ဖြစ်၏။ တပ်နှစ်သက်မှု 'တဏှာ' ကြောင့် စွဲလမ်းမှု 'ဥပါဒါန်' ဖြစ်၏။ စွဲလမ်းမှု 'ဥပါဒါန်' ကြောင့် ဖြစ်ကြောင်း 'ဘဝ' ဖြစ်၏။ ဖြစ်ကြောင်း 'ဘဝ' ကြောင့် ပဋိသန္ဓေနေမှု 'ဇာတိ' ဖြစ်၏။ ပဋိသန္ဓေနေမှု 'ဇာတိ' ကြောင့် အိုမှု 'ဇရာ' သေမှု 'မရဏ' စိုးရိမ်မှု 'သောက' ငိုကြွေးမှု 'ပရိဒေဝ' ကိုယ်ဆင်းရဲမှု 'ဒုက္ခ' စိတ်ဆင်းရဲမှု 'ဒေါမနဿ'တို့ ဖြစ်ပေါ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ဖြစ်ပွါး၏။

မသိမှု 'အဝိဇ္ဇာ'၏သာလျှင် အရဟတ္တမဂ်ဖြင့် ကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုပြင်စီရင်မှု 'သင်္ခါရ' ချုပ်၏။ ပြုပြင်စီရင်မှု 'သင်္ခါရ' ချုပ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ချုပ်၏။ ပဋိသန္ဓေဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏။ နာမ်ရုပ်ချုပ်ခြင်းကြောင့် အာယတနခြောက်ပါး 'သဠာယတန' ချုပ်၏။ အာယတနချုပ်ခြင်းကြောင့် တွေ့ထိမှု 'ဖဿ' ချုပ်၏။ တွေ့ထိမှု 'ဖဿ' ချုပ်ခြင်းကြောင့် ခံစားမှု 'ဝေဒနာ' ချုပ်၏။ ခံစားမှု 'ဝေဒနာ' ချုပ်ခြင်းကြောင့် တပ်နှစ်သက်မှု 'တဏှာ' ချုပ်၏။ တပ်နှစ်သက်မှု 'တဏှာ' ချုပ်ခြင်းကြောင့် စွဲလမ်းမှု 'ဥပါဒါန်' ချုပ်၏။ စွဲလမ်းမှု 'ဥပါဒါန်' ချုပ်ခြင်းကြောင့် ဖြစ်ကြောင်း 'ဘဝ' ချုပ်၏။ ဖြစ်ကြောင်း 'ဘဝ' ချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု 'ဇာတိ' ချုပ်၏။ ပဋိသန္ဓေနေမှု 'ဇာတိ' ချုပ်ခြင်းကြောင့် အိုမှု 'ဇရာ' သေမှု 'မရဏ' စိုးရိမ်မှု 'သောက' ငိုကြွေးမှု 'ပရိဒေဝ' ကိုယ်ဆင်းရဲမှု 'ဒုက္ခ' စိတ်ဆင်းရဲမှု 'ဒေါမနဿ' ပြင်းစွာ ပင်ပန်းမှု 'ဥပါယာသ'တို့ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ချုပ်၏ဟု (ဤသို့ နှလုံးသွင်းတော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ဤ (ပဋိစ္စသမုပ္ပါဒ်) သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်အခါ၌ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော မကောင်းမှုကို ရှို့မြှိုက်တတ်သော မကောင်းမှုမှ အပပြုပြီးသော ရဟန္တာအား စင်စစ်အားဖြင့် (ဗောဓိပက္ခိယ) တရား (သုံးဆယ့်ခုနစ်ပါး) တို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏။ ထိုအခါ ကောင်းကင်ကို တောက်ပစေသော နေမင်းသည် အမိုက်တိုက်ကို ဖျက်ဆီးလျက် တည်နေသကဲ့သို့ ထိုရဟန္တာသည် မာရ်စစ်သည်ကို ဖျက်ဆီးလျက်တည်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

တတိယသုတ်။