ဥဒါန်းပါဠိတော်

၄-ဟုံဟုင်္ကသုတ်

၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား အဇပါလညောင်ပင်၏ အနီး၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဉ်ခွေကာ ဖလသမာပတ် သမာဓိချမ်းသာကို ခံစားလျက် တစ်ထိုင်တည်း ထိုင်နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့် ထို (အရဟတ္တဖိုလ်) ဖလသမာပတ် သမာဓိမှ ထတော်မူ၏။

ထိုအခါတဟုန်းဟုန်း မာန်မူခြင်းကို ပြုတတ်သော သဘောရှိသော ပုဏ္ဏား တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်လျက် မြတ်စွာဘုရားအား ''အသျှင်ဂေါတမ အဘယ်မျှဖြင့် ဗြာဟ္မဏ ဖြစ်ပါသနည်း? ဗြာဟ္မဏအဖြစ်ကို ပြုတတ်သောတရားတို့ကား အဘယ်တို့ပါနည်း''ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤပြဿနာ၏ အနက်အဓိပ္ပါယ်ကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်သူသည် မကောင်းမှုကို အပပြုပြီး ဖြစ်၏။ တဟုန်းဟုန်း မာန်မူခြင်းသဘော မရှိ၊ ကိလေသာဟူသော ဖန်ရည် မရှိ၊ ဘာဝနာကို စီးဖြန်းအားထုတ်သော စိတ်ရှိ၏။ သိခြင်း၏အဆုံး အရဟတ္တဖိုလ်သို့ ရောက်၏။ မြတ်သောအကျင့်ကို ကျင့်သုံးပြီး ဖြစ်၏။ ထိုပုဂ္ဂိုလ်သည်သာ ဗြာဟ္မဏမည်၏။ ထိုဗြာဟ္မဏသည် (ဟုတ်မှန်သော) သဘောဖြင့် မြတ်သော စကားကိုလည်း ဆိုရာ၏။ အကြင်ပုဂ္ဂိုလ်သည် လောကဝယ် တစ်စုံတစ်ရာ အာရုံ၌ တပ်မက်မှု စသည် တိုးပွါးခြင်း မရှိ၊ ထိုပုဂ္ဂိုလ်သည်သာ ဟုတ်မှန်သောသဘောဖြင့် ငါ ဗြာဟ္မဏဟု ပြောဆို ထိုက်၏ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

စတုတ္ထသုတ်။