ဥဒါန်းပါဠိတော်

၅-ဗြာဟ္မဏသုတ်

၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလ္လာန် အသျှင်မဟာကဿပ အသျှင်မဟာကစ္စာယန အသျှင်မဟာကောဋ္ဌိကအသျှင်မဟာကပ္ပိန အသျှင်မဟာစုန္ဒ အသျှင်အနုရုဒ္ဓါ အသျှင်ရေဝတနှင့် အသျှင်နန္ဒတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်၏။

မြတ်စွာဘုရားသည် ထိုအသျှင်မြတ်တို့ လာကြသည်ကို အဝေးကပင်မြင်၍ ရဟန်းတို့အား ''ရဟန်းတို့ ဗြာဟ္မဏဖြစ်သော ထိုသူတို့သည် လာကြကုန်၏။ ရဟန်းတို့ ဗြာဟ္မဏဖြစ်သော ထိုသူတို့သည် လာကြကုန်၏''ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသော် ဗြာဟ္မဏဇာတ်ရှိသော ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ''အသျှင်ဘုရား အဘယ်မျှဖြင့် ဗြာဟ္မဏမည်ပါသနည်း? ဗြာဟ္မဏအဖြစ်ကို ပြုတတ်သောတရားတို့ကား အဘယ် မျှတို့ပါနည်း''ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုပြဿနာ၏ အနက်အဓိပ္ပါယ်ကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်ပုဂ္ဂိုလ်တို့သည် မကောင်းမှုတရားတို့ကို အပပြုပြီးဖြစ်လျက် အခါ ခပ်သိမ်း သတိရှိကုန်သည်ဖြစ်၍ သွားလာနေထိုင်ကုန်၏။ သံယောဇဉ်ကုန်ခန်းပြီး၍ သစ္စာလေးပါးကို သိပြီးဖြစ်ကုန်သော ထိုပုဂ္ဂိုလ်တို့သာ လောက၌ အမှန်စင်စစ် ဗြာဟ္မဏတို့ မည်ကုန်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ပဉ္စမသုတ်။