ဥဒါန်းပါဠိတော်

၆-မဟာကဿပသုတ်

၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်မဟာကဿပသည် မကျန်းမမာ အနာနှိပ်စက်သည်ဖြစ်၍ ဆင်းရဲခြင်းသို့ ရောက်လျက် ပိပ္ပလိလိုဏ်ဂူ၌ နေတော်မူ၏။ ထို့နောက် အခါတစ်ပါး၌ အသျှင်မဟာကဿပသည် ထိုအနာမှ ထမြောက်၏။ ထိုအနာမှ ထမြောက်ပြီးသော အသျှင်မဟာကဿပအား ''ငါသည် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်ရမူ ကောင်းလေစွ''ဟု အကြံဖြစ်၏။

ထိုအခါ နတ်သမီးငါးရာတို့သည် အသျှင်မဟာကဿပ၏ ဆွမ်းရရေးအတွက် (ဆွမ်းလောင်းရန်) ကြောင့်ကြ စိုက်နေကြကုန်၏။ ထိုအခါ အသျှင်မဟာကဿပသည် ထိုနတ်သမီးငါးရာတို့ကို ပယ်ကာ နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် ရာဇဂြိုဟ်ပြည် ဆင်းရဲသားရပ်ကွက် လမ်းခရီး ခိုကိုးရာမဲ့တို့ရပ်ကွက် လမ်းခရီး ရက်ကန်းသည်ရပ်ကွက် လမ်းခရီးသို့ ဆွမ်းခံဝင်တော်မူ၏။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဆင်းရဲသားရပ်ကွက် လမ်းခရီး ခိုကိုးရာမဲ့တို့ရပ်ကွက် လမ်းခရီး ရက်ကန်းသည်ရပ်ကွက် လမ်းခရီးသို့ ဆွမ်းခံလှည့်လည်သော အသျှင်မဟာကဿပကို မြင်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''သူတစ်ပါးတို့ မွေးမြူမှု မခံမူ၍ (လာဘ်ပူဇော်သကာအတွက် မိမိကိုယ်ကို) ထင်ရှားအောင် မပြုသော ဣန္ဒြေတို့ကို ဆုံးမပြီး၍ အရဟတ္တဖိုလ်ဟူသော အနှစ်သာရ၌ တည်သော အာသဝေါကုန်ခန်းပြီး၍ အပြစ်ဒေါသကို ထွေးအန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဆဋ္ဌသုတ်။