ဥဒါန်းပါဠိတော်

၈-သင်္ဂါမဇိသုတ်

၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သင်္ဂါမဇိသည်သာဝတ္ထိပြည်သို့ မြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ ရောက်လာ၏။ အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် ''အသျှင်သင်္ဂါမဇိသည်သာဝတ္ထိပြည်သို့ ရောက်လာသည်''ဟု ကြား၍ သားငယ်များကို ခေါ်ယူလျက် ဇေတဝန်ကျောင်းသို့ သွား၏။

ထိုအခါ အသျှင်သင်္ဂါမဇိသည် သစ်ပင်တစ်ပင်၏ အရင်း၌ နေ့သန့်စင်ခြင်းဖြင့် ထိုင်နေတော်မူ၏။ ထိုအခါ အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် အသျှင်သင်္ဂါမဇိထံသို့ ချဉ်းကပ်၍ အသျှင်သင်္ဂါမဇိအား ''ရဟန်း သားငယ်ရှိသော ကျွန်တော်မကို လုပ်ကျွေးပါလော့''ဟု ဤစကားကို လျှောက်၏။ ဤသို့လျှောက်လေသော် အသျှင်သင်္ဂါမဇိသည် ဆိတ်ဆိတ်နေ၏။

နှစ်ကြိမ်မြောက်လည်း အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် အသျှင်သင်္ဂါမဇိအား ''ရဟန်း သားငယ်ရှိသော ကျွန်တော်မကို လုပ်ကျွေးပါလော့''ဟု လျှောက်၏။ နှစ်ကြိမ်မြောက်လည်း အသျှင်သင်္ဂါမဇိသည် ဆိတ်ဆိတ်နေ၏။

သုံးကြိမ်မြောက်လည်း အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် အသျှင်သင်္ဂါမဇိအား ''ရဟန်း သားငယ်ရှိသော ကျွန်တော်မကို လုပ်ကျွေးပါလော့''ဟု လျှောက်၏။ သုံးကြိမ်မြောက်လည်း အသျှင်သင်္ဂါမဇိသည် ဆိတ်ဆိတ်နေ၏။

ထိုအခါ အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် ထိုကလေးကို အသျှင်သင်္ဂါမဇိ၏ ရှေ့၌ ချထား၍ ''ရဟန်း ဤကလေးသည် သင်၏သားတည်း။ ထိုသားကို လုပ်ကျွေးလော့''ဟု (ဆိုကာ) ဖဲသွားလေ၏။

ထိုအခါ အသျှင်သင်္ဂါမဇိသည် ထိုကလေးကို ကြည့်လည်းမကြည့်၊ စကားလည်းမပြော၊ ထိုအခါ အသျှင်သင်္ဂါမဇိ၏ မယားဟောင်းသည် မနီးမဝေးအရပ်သို့ ရောက်၍ ပြန်ကြည့်လတ်သော် ထိုကလေးကို ကြည့်လည်းမကြည့်၊ စကားလည်းမပြောသော အသျှင်သင်္ဂါမဇိကို မြင်သောကြောင့် ''ဤရဟန်းသည်သားဖြင့်လည်း အလိုမရှိဟု ထိုမယားဟောင်းအား အကြံဖြစ်၏။ ထို့ကြောင့် ပြန်လှည့်၍ ကလေးကို ခေါ်ယူပြီးလျှင် ဖဲသွားလေ၏။ မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်မျက်စိဖြင့် အသျှင်သင်္ဂါမဇိမယားဟောင်း၏ ဤဖောက်ပြန်ပုံသဘောကို မြင်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအနက်သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌- ''လာသော မယားဟောင်းကို မနှစ်သက်၊ ပြန်သွားသည်ကို မစိုးရိမ်၊ ကပ်ငြိ တွယ်တာခြင်းမှ လွတ်သော သင်္ဂါမဇိရဟန်းကို ဗြာဟ္မဏ (ရဟန္တာ) ဟု ငါဘုရား ဟော၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

အဋ္ဌမသုတ်။