ဥဒါန်းပါဠိတော်

၁-မုစလိန္ဒသုတ်

၁၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား ကျည်းပင်ရင်း၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဉ်ခွေကာ ဖလသမာပတ်ကို ခံစားလျက် တစ်ထိုင်တည်း နေတော်မူ၏။

ထိုအခါ ချမ်းအေးသောလေ နှိပ်စက်သည့် ခုနစ်ရက်စွေသောအခါမဲ့ မိုးကြီးသည် ရွာသွန်း၏။ ထိုအခါ မုစလိန္ဒနဂါးမင်းသည် မိမိဗိမာန်မှ ထွက်လာပြီးလျှင် ''မြတ်စွာဘုရားကို အအေး အပူ ခြင် မှက် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့သည် မဖြစ်ပါစေလင့်''ဟု နှလုံးသွင်း၍ မြတ်စွာဘုရား၏ကိုယ်တော်ကို အခွေတို့ဖြင့် ခုနစ်ပတ်ရစ်ပတ်၍ ဦးထိပ်ထက်၌ ကြီးစွာသောပါးပျဉ်းကို မိုးလျက် တည်နေ၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့်ထို (အရဟတ္တဖိုလ်) ဖလသမာပတ် သမာဓိမှ ထ၏။ ထိုအခါ မုစလိန္ဒနဂါးမင်းသည် ကောင်းကင်၌ တိမ်တိုက် ပျောက်ပျက်ကင်းစင် သည်ကို သိ၍မြတ်စွာဘုရားကိုယ်တော်မှ အခွေတို့ကို ဖြေ၍ မိမိအသွင်ကို ပယ်ဖျောက်ကာ လုလင်အသွင်ကို ဖန်ဆင်းပြီးလျှင် မြတ်စွာဘုရားကို လက်အုပ်ချီကာ ရှိခိုးလျက် မြတ်စွာဘုရား ရှေ့မှောက်၌ ရပ်တည်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -''မဂ်ဉာဏ်လေးပါတည်းဟူသော ရောင့်ရဲခြင်းရှိသည်ဖြစ်၍ ထင်ရှားသိပြီးသောတရားရှိသည့် ခပ်သိမ်းသောတရားတို့ကို မြင်သော ရဟန္တာပုဂ္ဂိုလ်အား နိဗ္ဗာန်ဟူသော ဝိဝေကသည် ချမ်းသာ၏။ လောက၌ အမျက်မထွက်ခြင်းသည်လည်းကောင်း၊ သတ္တဝါအပေါင်းတို့၌ (မညှဉ်းဆဲမိအောင်) စောင့်စည်းခြင်းသည်လည်းကောင်း ချမ်းသာ၏။

လောက၌ ကာမဂုဏ်တို့ကို လွန်မြောက်ခြင်းဟု ဆိုအပ်သော စွဲမက်မှု 'ရာဂ' ကင်းသည့်အဖြစ်သည် ချမ်းသာ၏။ ငါဟူသော မာန်ကို ဆုံးမနိုင်ခြင်းသည် စင်စစ် အမြတ်ဆုံး ချမ်းသာခြင်း ဖြစ်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ပဌမသုတ်။