ဥဒါန်းပါဠိတော်

၁ဝ-ဘဒ္ဒိယသုတ်

၂ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အနုပိယမြို့ သရက်တော၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ကာဠီဂေါဓာ (သာကီဝင်မင်းသမီး) ၏သားဖြစ်သော အသျှင်ဘဒ္ဒိယသည် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ''ဟု မပြတ် ဥဒါန်းကျူးရင့်၏။

ကာဠီဂေါဓာ (သာကီဝင်မင်းသမီး) ၏သား အသျှင်ဘဒ္ဒိယသည် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ''ဟု မပြတ် ဥဒါန်းကျူးရင့်သည်ကို များစွာသော ရဟန်းတို့ ကြားကြ၍ ထိုရဟန်းတို့အား ဤသို့ အကြံဖြစ်၏ ''ငါ့သျှင်တို့ မချွတ်ဧကန် ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယသည် မမွေ့လျော်ဘဲ မြတ်သောအကျင့်ကို ့ကျင့်၏။ ထိုအသျှင်ဘဒ္ဒိယသည် လူ့ဘဝက ခံစားခဲ့ဖူးသော မင်းစည်းစိမ်ကို အစဉ်အောက်မေ့လျက် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ''ဟု မပြတ် ဥဒါန်းကျူးရင့်၏ဟု (ဤအကြံသည် ဖြစ်၏)။

ထို့နောက် များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ကြကုန်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏''အသျှင်ဘုရား ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယသည် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ 'သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ'ဟု မပြတ်ဥဒါန်းကို ကျူးရင့်ပါ၏။ မချွတ်ဧကန် ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယသည် မမွေ့လျော်ဘဲ မြတ်သောအကျင့်ကို ကျင့်၏။ ထိုအသျှင်ဘဒ္ဒိယသည် လူ့ဘဝက ခံစားခဲ့ဖူးသော မင်းစည်းစိမ်ကို အစဉ်အောက်မေ့လျက် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ''ဟု မပြတ် ဥဒါန်းကျူးရင့်ပါ၏ဟု (လျှောက်ထားကုန်၏)။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို ခေါ်၍ ''ရဟန်း လာလော့၊ ငါ၏ စကားဖြင့် ဘဒ္ဒိယရဟန်းကို 'ငါ့သျှင်ဘဒ္ဒိယ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏'ဟု ခေါ်ချေလော့''ဟု မိန့်တော်မူ၏။

''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းသည် မြတ်စွာဘုရား၏ (စကားတော်ကို) ဝန်ခံ၍ ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယထံသို့ ချဉ်းကပ်၍ ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယကို ''ငါ့သျှင်ဘဒ္ဒိယ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏''ဟု ဤသို့ ပြောကြား၏။ ''ငါ့သျှင် ကောင်းပါပြီ''ဟု ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယသည် ထိုရဟန်း၏ (စကားကို) ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်၏။ တစ်ခုသောအရပ်၌ ထိုင်နေသော ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယကို မြတ်စွာဘုရားသည် ဘဒ္ဒိယ သင်သည် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ''ဟု မပြတ် ဥဒါန်းကျူးရင့်၏ဟု ငါ ကြားရခြင်းသည် မှန်သလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏ဟု (လျှောက်ထား၏)။

ဘဒ္ဒိယ သင်သည် အဘယ်အကြောင်းကို သိမြင်သောကြောင့် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ''ဟု မပြတ် ဥဒါန်းကို ကျူးရင့်သနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား တပည့်တော်သည် ရှေးလူအဖြစ်ဖြင့် မင်းပြုစဉ် နန်းတော်တွင်း နန်းတော်ပြင်၌လည်း အစောင့်အရှောက်ကို ကောင်းစွာ စီရင်အပ်ပါ၏။ မြို့တွင်း မြို့ပြင်၌လည်း အစောင့်အရှောက်ကို ကောင်းစွာ စီရင်အပ်ပါ၏။ ဇနပုဒ်အတွင်း ဇနပုဒ်အပြင်၌လည်း အစောင့်အရှောက်ကို ကောင်းစွာ စီရင်အပ်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်သည် ဤသို့ စောင့်ရှောက်အပ် လုံခြုံစေအပ်သည်ဖြစ်သော်လည်း ကြောက်ရွံ့ထိတ်လန့်သည်ဖြစ်၍ နေရပါ၏။ အသျှင်ဘုရား တပည့်တော်သည် ယခုအခါ၌မူကား တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေသည်ဖြစ်စေ မကြောက်မရွံ့ မထိတ်မလန့်သည်ဖြစ်၍ တစ်ယောက်တည်း ကြောင့်ကြမဲ့ ကြက် သီးမွေးညင်းမထဘဲ သူတစ်ပါးနှင့်စပ်သော အသက်မွေးခြင်းရှိသည်ဖြစ်၍ သားသမင်စိတ်ထားဖြင့် နေရပါ၏။ အသျှင်ဘုရား တပည့်တော်သည် ဤအကြောင်းကို သိမြင်သည်ဖြစ်၍ တော၌ နေသည်ဖြစ်စေ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ ''သြော်ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ''ဟု မပြတ် ဤဥဒါန်းကို ကျူးရင့်ပါ၏ဟု (လျှောက်ထားလေ၏)။

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်ပုဂ္ဂိုလ်၏ အတွင်းစိတ်၌ အမျက် 'ဒေါသ'တို့သည် မရှိကုန်။ ဤသို့ ပြည့်စုံခြင်း ပျက်စီးခြင်းကိုလည်း လွန်မြောက်၏။ ဘေးကင်း၍ ချမ်းသာသော ကြောင့်ကြကွာသော ထိုပုဂ္ဂိုလ်ကို နတ်တို့သည်ပင် မြင်ရန် မစွမ်းနိုင်ကုန်''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဒသမသုတ်။

နှစ်ခုမြောက် မုစလိန္ဒဝဂ် ပြီး၏။