ဥဒါန်းပါဠိတော်

၂-ရာဇသုတ်

၁၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဆွမ်းခံပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ကြ၍ တရားသဘင်မဏ္ဍပ်၌ စုဝေးထိုင်နေကြကုန်သော များစွာသော ရဟန်းတို့အား ''ငါ့သျှင်တို့ မဂဓတိုင်းရှင် ဘုရင်ဗိမ္ဗိသာရမင်းသည်လည်းကောင်း၊ ပသေနဒီကောသလမင်းသည်လည်းကောင်း ဤမင်းနှစ်ဦးတို့တွင် အဘယ်မင်းသည် ပိုလွန်၍ (မြေ၌ မြှုပ်ထား) များသော ဥစ္စာ ရှိသနည်း? ပိုလွန်၍ များသော အတွင်းအပ အသုံးအဆောင် ရှိသနည်း? ပိုလွန်၍ များသော ကျီ ကြ ဘဏ်တိုက် ရှိသနည်း? ပိုလွန်၍ များသောတိုင်းပြည် ရှိသနည်း? ပိုလွန်၍များသော ဆင်မြင်းစသော ယာဉ် ရှိသနည်း? ပိုလွန်၍ များသော စစ်သည်ဗိုလ်ပါ ရှိသနည်း? ပိုလွန်၍ ကြီးမားသောဘုန်းကံ ရှိသနည်း? ပိုလွန်၍ ကြီးသောတန်ခိုးအာနုဘော် ရှိသနည်း''ဟု ဤအကြားစကားသည် ထင်ရှားဖြစ်၏။

ထိုရဟန်းတို့၏ ဤအကြားစကား မပြီးပြတ်သေးမီ မြတ်စွာဘုရားသည် ညနေချမ်းအခါ (တစ်ပါးတည်း) ကိန်းအောင်းရာမှ ထတော်မူ၍ တရားသဘင်မဏ္ဍပ်သို့ ချဉ်းကပ်လျက် ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးသော် ရဟန်းတို့ကို ''ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စုဝေးထိုင်နေကြကုန်သနည်း? စုဝေးထိုင်နေကုန်သော သင်တို့၏ မပြီးပြတ်သေးသော အကြားစကားသည် အဘယ်နည်း''ဟု မိန့်တော်မူ၏။

အသျှင်ဘုရား ဤနေရာ၌ ဆွမ်းခံပြီးနောက် ဆွမ်းခံရွာမှ ဖဲ၍ ပြန်လာကြကုန်သောတပည့်တော်တို့အား တရားသဘင်မဏ္ဍပ်၌ စုဝေးထိုင်နေကြကုန်စဉ် ''ငါ့သျှင်တို့ မဂဓတိုင်းရှင် ဘုရင်ဗိမ္ဗိသာရမင်းသည်လည်းကောင်း၊ ပသေနဒီကောသလမင်းသည်လည်းကောင်း ဤမင်းနှစ်ဦးတို့တွင် အဘယ်မင်းသည် ပိုလွန်၍ (မြေ၌ မြှုပ်ထား) များသော ဥစ္စာ ရှိသနည်း? ပိုလွန်၍ များသော အတွင်းအပ အသုံးအဆောင် ရှိသနည်း? ပိုလွန်၍ များသော ကျီကြဘဏ်တိုက် ရှိသနည်း? ပိုလွန်၍ များသောတိုင်းပြည် ရှိသနည်း? ပိုလွန်၍များသော ဆင်မြင်းစသော ယာဉ် ရှိသနည်း? ပိုလွန်၍ များသော စစ်သည်ဗိုလ်ပါ ရှိသနည်း? ပိုလွန်၍ ကြီးမားသော ဘုန်းကံ ရှိသနည်း? ပိုလွန်၍ ကြီးသောတန်ခိုးအာနုဘော် ရှိသနည်း''ဟု ဤအကြားစကားသည် ဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်တို့၏ ဤအကြားစကား မပြီးပြတ်သေးမီ မြတ်စွာဘုရား ကြွလာတော်မူပါ၏ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကုန်သော အမျိုးကောင်းသားဖြစ်ကုန်သော သင်တို့အား ဤသို့ သဘောရှိသော စကားမျိုးကို ပြောဆိုခြင်း သည် မလျောက်ပတ်၊ ရဟန်းတို့ စုဝေးနေထိုင်ကြကုန်သော သင်တို့သည် တရားစကား ပြောဆိုမှုကိုလည်းကောင်း၊ မြတ်သော ဆိတ်ဆိတ်နေမှုကိုလည်းကောင်း ဤကိစ္စ နှစ်ပါးကိုသာ ပြုအပ်၏ဟု (မိန့်တော်မူ၏)။

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''လောက၌ ကာမချမ်းသာသည်လည်းကောင်း၊ နတ်၌ ဖြစ်သော ချမ်းသာသည်လည်းကောင်း ဤချမ်းသာတို့သည် တဏှာကုန်ရာ (ဖလသမာပတ်) ချမ်းသာ၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဒုတိယသုတ်။