ဥဒါန်းပါဠိတော်

၄-သက္ကာရသုတ်

၁၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူရလျက် သင်္ကန်း ဆွမ်းကျောင်း သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင် တို့ကို ရရှိ၏။ ရဟန်းသံဃာသည်လည်း အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူကြရလျက် သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရ၏။ သာသနာတော်ပြင်ပဖြစ်သောတိတ္ထိပရိဗိုဇ်တို့သည်ကား အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှုတုပ်ဝပ်မှုကို မခံယူကြရကုန်ဘဲ သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို မရရှိကြကုန်။

ထိုအခါ သာသနာတော်ပြင်ပဖြစ်သောတိတ္ထိပရိဗိုဇ်တို့သည် မြတ်စွာဘုရားအား လည်းကောင်း၊ ရဟန်းသံဃာအားလည်းကောင်း၊ အရိုအသေပြုသည်ကို သည်းမခံနိုင်ကြ သောကြောင့် ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း ရဟန်းတို့ကို မြင်ကြလျှင် ယုတ်မာကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးကုန်၏။ ခြိမ်းခြောက်ကုန်၏။ ခြုတ်ခြယ်ကုန်၏။ နှောင့်ယှက်ကုန်၏။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောအရပ်၌ ထိုင်ကြပြီးလျှင်မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏ ''အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရားသည် အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူရလျက် သင်္ကန်း ဆွမ်း ကျောင်းသူနာတို့၏ အထောက် အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရရှိ၏။ ရဟန်းသံဃာသည်လည်း အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူရလျက် သင်္ကန်း ဆွမ်း ကျောင်းသူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရရှိ၍ သာသနာတော်မှ ပြင်ပဖြစ်သောတိတ္ထိပရိဗိုဇ်တို့သည်ကား အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို မခံယူကြရဘဲ သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင် တို့ကို မရရှိကုန်။ အသျှင်ဘုရား သာသနာတော်မှ ပြင်ပဖြစ်သော ထိုတိတ္ထိပရိဗိုဇ်တို့သည် မြတ်စွာဘုရားအားလည်းကောင်း၊ ရဟန်းသံဃာအားလည်းကောင်း၊ အရိုအသေပြုသည်ကို သည်းမခံနိုင်သောကြောင့် ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း ရဟန်းတို့ကို မြင်လျှင် ယုတ်မာကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးကုန်၏။ ခြိမ်းခြောက်ကုန်၏။ ခြုတ်ခြယ်ကုန်၏။ နှောင့်ယှက်ကုန်၏ဟု (လျှောက်ကြကုန်၏)။

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း၊ ချမ်းသာဆင်းရဲနှင့် တွေ့ထိသော် ဤချမ်းသာ ဆင်းရဲသည် မိမိကြောင့်လည်းကောင်း၊ သူတစ်ပါးကြောင့်လည်းကောင်း ဖြစ်၏ဟု အစွဲမထားရာ၊ တွေ့ထိခြင်းတို့သည် ခန္ဓာငါးပါးကို စွဲ၍ တွေ့ထိကုန်၏။ ခန္ဓာငါးပါးမရှိသူကို အဘယ်အကြောင်းကြောင့် တွေ့ထိခြင်းတို့သည် တွေ့ထိနိုင်ကုန်အံ့နည်း''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

စတုတ္ထသုတ်။