ဥဒါန်းပါဠိတော်

၅-ဥပါသကသုတ်

၁၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဣစ္ဆာနင်္ဂလရွာသား ဥပါသကာတစ်ယောက်သည်သာဝတ္ထိပြည်သို့ တစ်စုံတစ်ခု ပြုဖွယ်ကိစ္စဖြင့် ရောက်လာ၏။ ထို့ နောက် ထိုဥပါသကာသည် သာဝတ္ထိမြို့၌ ပြုဖွယ်ကိစ္စကို ပြီးစီးစေ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောအရပ်၌ ထိုင်နေ၏။ တစ်ခုသောအရပ်၌ ထိုင်နေသော ထိုဥပါသကာအား မြတ်စွာဘုရားသည် ''ဥပါသကာ ဤငါ့ထံသို့ လာသော အလှည့်အကြိမ်ကို ကြာမြင့်မှ သင် ပြုဘိ၏''ဟု ဤစကားကို မိန့်တော်မူ၏။

အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရားကို ဖူးမျှော်ရန် ချဉ်းကပ်လိုသည်မှာ ကြာမြင့်လှပါပြီ။ သို့သော်လည်း တပည့်တော်သည် ထိုထိုဤဤ ပြုဖွယ်အမှု ကြီးငယ်တို့ဖြင့် ကြောင့်ကြရှိပါ၏။ တပည့်တော်သည် ဤသို့ကြောင့်ကြအားဖြင့် မြတ်စွာဘုရားကို ဖူးမျှော်ရန် ချဉ်းကပ်ခြင်းငှါ မစွမ်းနိုင်ခဲ့ပါဟု (လျှောက်၏)။

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''တစ်ဆယ့်ခြောက်ချက် မဂ်ကိစ္စကို ပြုပြီးဖြစ်၍ အကြားအမြင်များလျက် တစ်စုံတစ်ခု ကြောင့်ကြမှု တစ်စုံတစ်ရာမရှိသူသည် အမှန်စင်စစ် ချမ်းသာ၏။ ကြောင့်ကြမှုရှိ၍ ပင်ပန်းခြင်းသို့ ရောက်သူကို ရှုလော့၊ သူတစ်ယောက်သည် သူတစ်ယောက် အပေါ်၌ တွယ်တာစွဲလမ်းသည် ဖြစ်၍ ပင်ပန်း၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ပဉ္စမသုတ်။