ဥဒါန်းပါဠိတော်

၆-ဂဗ႓ိနီသုတ်

၁၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ တစ်ယောက်သော ပရိဗိုဇ်၏ မယားဖြစ်သူ ပရိဗိုဇ်မငယ်သည် ကိုယ်ဝန်ရှိလျက် သားဖွားချိန် နီး၏။ ထိုအခါ ပရိဗိုဇ်မသည် ထိုပရိဗိုဇ်ယောကျာ်းကို ''ပုဏ္ဏား သင် သွားချေပါလော့၊ ငါ သားဖွားရန်အတွက် ဆီကို ဆောင်ယူချေပါလော့''ဟု ပြောဆို၏။

ဤသို့ ပြောဆိုသော် ထိုပရိဗိုဇ်ယောကျာ်းသည် ထိုပရိဗိုဇ်မကို ''ရှင်မ ငါသည် အဘယ်မှ ဆီကို ဆောင်ယူရအံ့နည်း''ဟု ပြော၏။ နှစ်ကြိမ်မြောက်လည်း ထိုပရိဗိုဇ်မသည် ထိုပရိဗိုဇ်ယောကျာ်းကို ''ပုဏ္ဏား သင် သွားချေပါလော့၊ ငါ သားဖွားရန်အတွက် ဆီကို ဆောင်ယူချေပါလော့''ဟု ပြောဆို၏။ နှစ်ကြိမ်မြောက်လည်း ထိုပရိဗိုဇ်ယောကျာ်းသည် ထိုပရိဗိုဇ်မကို ''ရှင်မ ငါသည် အဘယ်မှ ဆီကို ဆောင်ယူရအံ့ နည်း''ဟု ပြောဆို၏။ သုံးကြိမ်မြောက်လည်း ထိုပရိဗိုဇ်မသည် ထိုပရိဗိုဇ်ယောကျာ်းကို ''ပုဏ္ဏား သင် သွားချေပါလော့၊ ငါ သားဖွားရန်အတွက် ဆီကို ဆောင်ယူချေပါလော့''ဟု ပြောဆို၏။

ထိုအခါ ပသေနဒီကောသလမင်းကြီးသည် ကျီကြဘဏ္ဍာတိုက်ဝယ် သမဏအား လည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထောပတ်နှင့် ဆီကို အလိုရှိတိုင်း သောက်ခြင်းငှါ ပေးလှူ၏။ ဆောင်ယူခြင်းငှါကား မပေးလှူ။

ထိုအခါ ထိုပရိဗိုဇ်ယောကျာ်းအား ''ပသေနဒီကောသလမင်း၏ ကျီကြဘဏ္ဍာတိုက်ဝယ် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထောပတ်နှင့် ဆီကို အလိုရှိတိုင်း သောက်ခြင်းငှါ ပေးလှူ၏။ ဆောင်ယူခြင်းငှါကား မပေးလှူ၊ ငါသည် ပသေနဒီကောသလမင်း၏ ကျီကြဘဏ္ဍာတိုက်သို့ သွား၍ ဆီကို အလိုရှိတိုင်းသောက်ကာ အိမ်သို့ ပြန်ပြီးလျှင် ဤပရိဗိုဇ်မ သားဖွားရန်အတွက် ဆီကို အန်၍ ပေးရပါမူကောင်းလေစွ''ဟု အကြံဖြစ်၏။

ထို့နောက် ထိုပရိဗိုဇ်ယောကျာ်းသည် ပသေနဒီကောသလမင်း၏ ကျီကြဘဏ္ဍာတိုက်သို့ သွား၍ ဆီကို အလိုရှိတိုင်းသောက်ကာ အိမ်သို့ ပြန်ပြီးလျှင် ဆီကို အန်ထုတ်ခြင်းငှါလည်း မစွမ်းနိုင်၊ (ဝမ်းလျှောကျစေခြင်းငှါလည်း) မစွမ်းနိုင်၊ ထိုပရိဗိုဇ်ယောကျာ်းသည် ထက်မြက် ကြမ်းကြုတ် စပ်ရှားကုန်သော ဆင်းရဲဝေဒနာတို့ဖြင့် တွေ့ထိသောကြောင့် ကိုယ်ကို ထိုမှ ဤမှ လူးလှိမ့်နေ၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် သာဝတ္ထိမြို့သို့ ဆွမ်းခံဝင်တော်မူ၏။ မြတ်စွာဘုရားသည် ထက်မြက် ကြမ်းကြုတ်ကုန်သော စပ်ရှားကုန်သော ဆင်းရဲဝေဒနာတို့ဖြင့် တွေ့ထိသည်ဖြစ်၍ ထိုမှ ဤမှ လူးလှိမ့်နေသော ထိုပရိဗိုဇ်ကို မြင်တော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ကြောင့်ကြမှု မရှိသူတို့သည် စင်စစ် ချမ်းသာကုန်၏။ အရိယာမဂ်ဉာဏ်သို့ ရောက်သူတို့သည် ကြောင့်ကြမှု မရှိကုန်။ ကြောင့်ကြမှု ရှိ၍ ပင်ပန်းခြင်းသို့ ရောက်သောသူကို ရှုလော့၊ သူတစ်ယောက်သည် သူတစ်ယောက်အပေါ်၌ တွယ်တာ စွဲလမ်းသည်ဖြစ်၍ ပင်ပန်း၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဆဋ္ဌသုတ်။