ဥဒါန်းပါဠိတော်

၉-ဝိသာခါသုတ်

၁၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မိဂါရမာတာဝိသာခါ၏ တစ်ခုသော ကိစ္စရပ်သည် ပသေနဒီကောသလမင်းနှင့် စပ်ဆိုင်နေ၏။ ထိုကိစ္စကို ပသေနဒီကောသလမင်းသည် (ဝိသာခါ) အလိုအတိုင်း မပြီးစေ။

ထို့နောက် မိဂါရမာတာ ဝိသာခါသည် နေ့လယ်ချည်းအချိန်၌ပင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေ၏။ တစ်ခုသောအရပ်၌ ထိုင်နေသော မိဂါရမာတာ ဝိသာခါကို မြတ်စွာဘုရားသည် ''ဝိသာခါ သင်သည် ယခု နေ့လယ်အချိန်၌ အဘယ်မှလာသနည်း''ဟု မိန့်တော်မူ၏။ အသျှင်ဘုရား တပည့်တော်မ၏ တစ်ခုသော ကိစ္စရပ်သည် ပသေနဒီကောသလမင်းနှင့် စပ်ဆိုင်နေ၏။ ထိုကိစ္စကို ပသေနဒီကောသလမင်းသည် (တပည့်တော်မ) အလိုအတိုင်း မပြီးပါစေဟု (လျှောက်၏)။

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''သူတစ်ပါး အလိုလိုက်ရမှုဟူသမျှသည် ဆင်းရဲ၏။ အစိုးရမှုဟူသမျှသည် ချမ်းသာ၏။ မှန်လှ၏။ ယောဂလေးပါးမှ လွန်နိုင်ခဲသောကြောင့် သတ္တဝါတို့သည် သူတစ်ပါးတို့နှင့် ဆက်ဆံရာ၌ပင် ပန်းကြရကုန်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

နဝမသုတ်။