ဥဒါန်းပါဠိတော်

၁-ကမ္မဝိပါကဇသုတ်

၂၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ တင်ပျဉ်ခွေပြီးလျှင် ရှေးကံ၏အကျိုးကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲဝေဒနာကို သည်းခံလျက် အမှတ်ရမှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိသည်ဖြစ်၍ မပင်မပန်း ထိုင်နေ၏။

မြတ်စွာဘုရားသည် မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာထား၍ တင်ပျဉ်ခွေပြီးလျှင် ရှေးကံ၏အကျိုးကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲဝေဒနာကို သည်းခံလျက် အမှတ်ရမှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိသည်ဖြစ်၍ မပင်မပန်း ထိုင်နေသော ထိုရဟန်းကို မြင်တော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ကံအလုံးစုံကို စွန့်ပယ်ပြီး၍ ရှေးကပြုဖူးသော ရာဂစသော မြူကို ခါထုတ်လျက် ငါ ငါဟု မစွဲလမ်းဘဲ (နိဗ္ဗာန်၌) တည်သောတာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန်းအား မိမိကို လုပ်ကျွေး ပြုစုရန်အတွက် လူအပေါင်းကို ပြောဆိုခြင်းငှါ အလိုမရှိ''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ပဌမသုတ်။