ဥဒါန်းပါဠိတော်

၁ဝ-လောကသုတ်

၃ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်ခါစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား ဗောဓိပင်ရင်း၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တင်ပျဉ်ခွေကာ ဖလသမာပတ်ချမ်းသာကို ခံစားလျက် တစ်ထိုင်တည်း နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့် ထိုသမာဓိမှ ထ၍ ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်ရှုတော်မူ၏။ မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှုလတ်သော် ရာဂကြောင့်လည်းဖြစ်ကုန် ဒေါသကြောင့်လည်းဖြစ်ကုန် မောဟကြောင့်လည်းဖြစ်ကုန်သော များစွာသော ပူပန်ခြင်းတို့ဖြင့် ပူပန်ကုန်သော များစွာသော ပူလောင်ခြင်းတို့ဖြင့် ပူလောင်ကုန်သော သတ္တဝါတို့ကို မြင်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ဤလောကသည် ပူလောင်မှု ဖြစ်ခဲ့၏။ (ဆင်းရဲ) တွေ့ထိမှုဖြင့် နှိပ်စက်၏။ အနာရောဂါကို အတ္တဟူ၍ပြောဆို၏။ လူအပေါင်းသည် အကြင်အကြင် အကြောင်းဖြင့် မှတ်ထင်၏။ ထိုအကြောင်းသည် ထိုအောက်မေ့သည်မှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏။

ဘဝ၌ ကပ်ငြိသော လောကသည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လေ့ရှိကာ ဘဝဖြင့်နှိပ်စက်အပ်သည် ဖြစ်လျက် ဘဝကိုပင် နှစ်သက်၏။ အကြင်ဘဝကို နှစ်သက်၏။ ထိုဘဝသည် ဘေးဖြစ်၏။ အကြင်ဇရာ စသည်မှ ကြောက်၏။ ထိုဇရာသည် ဆင်းရဲမည်၏။ ဘဝကို ပယ်ခြင်းငှါသာလျှင် ဤဗြဟ္မစရိယကို ကျင့်သုံး၏။

ဘဝဖြင့် ဘဝမှ လွတ်ခြင်းကို ဆိုကြသူ သမဏဗြာဟ္မဏအချို့တို့သည် ဘဝမှ မလွတ်မြောက်ကုန်ဟု (ငါဘုရား) ဆို၏။ ဘဝကင်းပြတ်မှုဖြင့် ဘဝမှ ထွက်မြောက်ခြင်းကို ဆိုကြသူ သမဏဗြာဟ္မဏအချို့တို့သည် 'ဘဝမှ မထွက်မြောက်ကုန်'ဟု (ငါဘုရား) ဆို၏။

မှန်၏။ ခန္ဓာငါးပါးဟူသော ဥပဓိကို စွဲ၍ ဤဆင်းရဲသည် ဖြစ်၏။ အလုံးစုံ စွဲလမ်းအပ်သော ဥပါဒါနက္ခန္ဓာ၏ ကုန်ခြင်းကြောင့် ဆင်းရဲဖြစ်ပေါ်မှု မရှိ၊ ဤလောကကို ကြည့်လော့၊ အဝိဇ္ဇာဖြင့် နှိပ်စက်အပ်ကုန်သော သတ္တဝါများစွာတို့သည် သားမယားတို့၌ မွေ့လျော်ကုန်သည်ဖြစ်၍ ဘဝမှ မလွတ်နိုင်ကုန်။ ခပ်သိမ်းသောအရပ်၌ ခပ်သိမ်းသော အပြားအားဖြင့် ဘဝတို့သည် ရှိကုန်၏။ မမြဲကုန်။ ဆင်းရဲကုန်၏။ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏။

''ဤသဘောကိုဟုတ်တိုင်းမှန်စွာ ကောင်းသော ဝိပဿနာပညာဖြင့် ရှုသူသည် ဘဝတဏှာကို ပယ်နိုင်၏။ ဘဝကင်းပြတ်မှု 'ဥစ္ဆေဒ'ကို မနှစ်သက်၊ အချင်းခပ်သိမ်း တဏှာတို့၏ ကုန်ခြင်းကြောင့် အကြွင်းမဲ့ ရာဂကင်းချုပ်ရာသည် နိဗ္ဗာန်မည်၏။

ထိုကိလေသာ ငြိမ်းအေးပြီးသော ရဟန်းအား စွဲလမ်းမှု မရှိသောကြောင့် ဘဝသစ် မဖြစ်၊ မာရ်မင်းကို နှိပ်စက်၍ အောင်အပ်ပြီး စစ်မြေပြင်ရှိ၏။ တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်သည် ဘဝအလုံးစုံတို့ကို ကောင်းစွာလွန်နိုင်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဒသမသုတ်။

သုံးခုမြောက် နန္ဒဝဂ် ပြီး၏။