ဥဒါန်းပါဠိတော်

၂-နန္ဒသုတ်

၂၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရား၏ညီ မိထွေးတော်၏သားဖြစ်သော အသျှင်နန္ဒသည် များစွာသော ရဟန်းတို့အား ''ငါ့သျှင်တို့ ငါသည် မပျော်ရွှင်ဘဲ မြတ်သောအကျင့်ကို ကျင့်နေရပါ၏။ မြတ်သောအကျင့်ကို အပြည့်အစုံ ဆောင်ခြင်းငှါ မစွမ်းနိုင်တော့ပါ၊ သိက္ခာချ၍ လူထွက်တော့အံ့''ဟု ပြောဆို၏။

ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ ''အသျှင်ဘုရား မြတ်စွာဘုရား၏ညီ မိထွေးတော်၏ သားဖြစ်သော အသျှင်နန္ဒသည် များစွာသော ရဟန်းတို့အား 'ငါ့သျှင်တို့ ငါသည် မပျော်ရွှင်ဘဲ မြတ်သောအကျင့်ကို ကျင့်နေရပါ၏။ မြတ်သောအကျင့်ကို အပြည့်အစုံ ဆောင်ခြင်းငှါမစွမ်းနိုင်တော့ပါ၊ သိက္ခာချ၍ လူထွက်တော့အံ့'ဟု ပြောဆိုပါသည်'ဟု '' လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို ခေါ်၍ ''ရဟန်း လာလော့၊ ငါဘုရား၏ စကားဖြင့် နန္ဒရဟန်းကို 'ငါ့သျှင်နန္ဒ မြတ်စွာဘုရားသည် သင့်ကို ခေါ်တော်မူ၏'ဟု ခေါ်ချေလော့''ဟု မိန့်တော်မူ၏။ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းသည် မြတ်စွာဘုရား၏ စကားကို ဝန်ခံ၍ အသျှင်နန္ဒထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်နန္ဒကို ''ငါ့သျှင်နန္ဒ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏''ဟု ဤသို့ ပြောဆို၏။

''ငါ့သျှင် ကောင်းပါပြီ''ဟု အသျှင်နန္ဒသည် ထိုရဟန်း၏ စကားကို ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်၏။ တစ်ခုသောနေရာ၌ ထိုင်သော အသျှင်နန္ဒကို ''နန္ဒ သင်သည် များစွာသော ရဟန်းတို့အား ငါ့သျှင်တို့ ငါသည် မပျော်ရွှင်ဘဲ မြတ်သောအကျင့်ကို ကျင့်နေရပါ၏။ မြတ်သောအကျင့်ကို အပြည့်အစုံ ဆောင်ခြင်းငှါ မစွမ်းနိုင်တော့ပါ၊ သိက္ခာချ၍ လူထွက်တော့အံ့''ဟု ပြောဆို၏ဟု ငါ ကြားရသည်ကား မှန်သလောဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မှန်ပါ၏ဟု (လျှောက်၏)။

နန္ဒ သင်သည် အဘယ့်ကြောင့် မပျော်ရွှင်ဘဲ မြတ်သောအကျင့်ကို ကျင့်သနည်း? မြတ်သောအကျင့်ကို အပြည့်အစုံ ဆောင်ခြင်းငှါ မစွမ်းနိုင်မူ၍ သိက္ခာချ၍ လူထွက်လိုဘိ သနည်းဟု (မေးမြန်းတော်မူ၏)။

အသျှင်ဘုရား တစ်ဝက်သာ ဖြီးပြီးသော ဆံပင်တို့ဖြင့် သာကီဝင်မင်းသမီး ဇနပဒကလျာဏီသည် တပည့်တော် အိမ်မှ ထွက်လာစဉ် တပည့်တော်ကို စောင့်ငဲ့ကြည့်ရှုလျက် ''အရှင့်သား လျင်မြန်စွာ ပြန်လာခဲ့ပါ''ဟု ဤသို့ ပြောဆိုပါ၏။ အသျှင်ဘုရား ထိုတပည့်တော်သည် ထိုစကားကို မပြတ်အောက်မေ့သောကြောင့် မပျော်ရွှင်ဘဲ မြတ်သောအကျင့်ကို ကျင့်နေရပါ၏။ မြတ်သောအကျင့်ကို အပြည့်အစုံ ဆောင်ခြင်းငှါ မစွမ်းနိုင်ပါ၊ သိက္ခာချ၍ လူထွက်ပါအံ့ဟု (လျှောက်ထား၏)။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်နန္ဒ၏ လက်မောင်းကို ကိုင်လျက် အားရှိသော ယောကျာ်းသည် ကွေးသော လက်ကို ဆန့်တန်းသကဲ့သို့လည်းကောင်း၊ ဆန့်တန်းသော လက်ကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင် ဇေတဝန်ကျောင်းတော်မှ ကွယ်ခဲ့လျက် တာဝတိံသာ နတ်ဘုံတို့၌ ထင်ရှားဖြစ်၏။

ထိုအခါ ခိုခြေအဆင်းရှိကုန်သော နတ်သမီးငါးရာတို့သည် နတ်တို့အရှင် သိကြားမင်းထံသို့ ခစားရန် လာကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်နန္ဒကို ''နန္ဒ သင်သည် ခိုခြေအဆင်းရှိကုန်သော ဤနတ်သမီး ငါးရာတို့ကို မြင်၏လော''ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မြင်ပါ၏ဟု (လျှောက်ထား၏)။

နန္ဒ ထိုအရာကို သင်အဘယ်သို့ ထင်မှတ်သနည်း? သာကီဝင်မင်းသမီး ဇနပဒကလျာဏီနှင့် ခိုခြေအဆင်းရှိကုန်သော ဤနတ်သမီးငါးရာတို့သည် အဘယ်က ပို၍ အဆင်းလှပသနည်း? ပို၍ ရှုချင်ဖွယ် ရှိသနည်း? ပို၍ နှစ်သက်ဖွယ် ရှိသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား နား နှာခေါင်းပြတ်ကာ ကိုယ်အင်္ဂါပျက်စီးသော မျောက်မကဲ့သို့ ဤအတူ ဤနတ်သမီးငါးရာတို့ကို ထောက်ဆလျှင် သာကီဝင်မင်းသမီး ဇနပဒကလျာဏီသည် မိန်းမဟူသော အရေအတွက်သို့ပင် မဝင်ပါ၊ တစ်စိတ်မျှ မမှီပါ၊ မနှိုင်းစာလောက်ပါ၊ စင်စစ်မှာကား ဤနတ်သမီးငါးရာတို့ကသာ ပို၍ အဆင်းလှပါကုန်၏။ ပို၍ ရှုချင်ဖွယ်ရှိပါကုန်၏။ ပို၍နှစ်သက်ဖွယ်ရှိပါကုန်၏ဟု (လျှောက်၏)။

နန္ဒ သာသနာတော်၌ ပျော်ရွှင်စွာ နေလော့၊ နန္ဒ ပျော်ရွှင်စွာ နေလော့၊ ခိုခြေအဆင်းရှိသော နတ်သမီးငါးရာတို့ကို ရဖို့ရန်အတွက် ငါတာဝန်ယူ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မြတ်စွာဘုရားသည် တပည့်တော်အတွက် ခိုခြေအဆင်းရှိသော နတ်သမီးငါးရာတို့ကို ရဖို့ရန် မြတ်စွာဘုရား တာဝန်ယူနိုင်ပါမူ တပည့်တော်သည် သာသနာတော်တွင်းဝယ် ဘုရားရှင်အထံတော်၌ ပျော်ရွှင်စွာ နေပါတော့မည်ဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်နန္ဒ၏ လက်မောင်းကို ကိုင်လျက် အားရှိသော ယောကျာ်းသည် ကွေးသော လက်ကို ဆန့်တန်းသကဲ့သို့လည်းကောင်း၊ ဆန့်တန်းသော လက်ကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင် တာဝတိံသာနတ်တို့ပြည်မှ ကွယ်ခဲ့လျက် ဇေတဝန်ကျောင်းတော်၌ ထင်ရှားဖြစ်၏။

ရဟန်းတို့သည် ''မြတ်စွာဘုရား၏ညီ မိထွေးတော်၏သားဖြစ်သော အသျှင်နန္ဒသည် နတ်သမီးတို့ကို ရလိုမှုကြောင့် မြတ်သောအကျင့်ကို ကျင့်၏။ ထိုအသျှင်နန္ဒအတွက် ခိုခြေအဆင်းရှိကုန်သော နတ်သမီးငါးရာတို့ကို ရဖို့ရန် မြတ်စွာဘုရားက တာဝန်ယူသတတ်''ဟု ကြားကြကုန်၏။

ထိုအခါ အသျှင်နန္ဒ၏ အပေါင်းအဖော် ရဟန်းတို့သည် အသျှင်နန္ဒကို ''အသျှင်နန္ဒသည် နတ်သမီးတို့ကို ရလိုမှုကြောင့် မြတ်သောအကျင့်ကို ကျင့်သတဲ့၊ ထိုအသျှင်နန္ဒအတွက် ခိုခြေအဆင်းရှိသော နတ်သမီးငါးရာတို့ကို ရဖို့ရန် မြတ်စွာဘုရားက တာဝန်ယူခဲ့သတဲ့၊ အသျှင်နန္ဒသည် ကြေးစားဖြစ်လေစွတကား၊ အသျှင်နန္ဒသည် ကုန်ဝယ်သူ ဖြစ်လေစွတကား''ဟု သူခစားဟူသော စကားလုံးဖြင့်လည်းကောင်း၊ ကုန်ဝယ်သူဟူသော စကားလုံးဖြင့်လည်းကောင်း ကျီစယ်ပြောဆိုကြကုန်၏။

ထိုအခါ အသျှင်နန္ဒသည် အပေါင်းအဖော် ရဟန်းတို့၏ သူခစားဟူသော ကျီစယ်ချက် ကုန်ဝယ်သူဟူသော ကျီစယ်ချက်ကြောင့် ငြီးငွေ့ရှက်နိုး စက်ဆုပ်သည်ဖြစ်၍ တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ ပြင်းထန်သော ဝီရိယရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိလျက် နေသည်ရှိသော် မကြာမြင့်မီပင်လျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပြုကြသော အမျိုးသားများ အလိုရှိအပ်သော အတုမရှိ မြတ်သောအကျင့်၏အဆုံး အရဟတ္တဖိုလ်ကို မျက်မှောက်ဘဝ၌သာလျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ကပ်ရောက်ကာ နေ၏။ ''ပဋိသန္ဓေနေမှု ကုန်ပြီ။ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ။ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ။ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိပြီ''ဟု သိ၏။ အသျှင်နန္ဒသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။

ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့်သန်းခေါင် လွန်ပြီးသောအခါ အလွန်နှစ်သက်ဖွယ်သော အဆင်းအရောင်ရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို တောက်ပစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ရပ်တည်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ ''အသျှင်ဘုရား မြတ်စွာဘုရား၏ညီ မိထွေးတော်၏သား အသျှင်နန္ဒသည် အာသဝေါတရားကုန်ခြင်းကြောင့် အာသဝေါမရှိသော ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌သာလျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍နေ၏''ဟု (လျှောက်၏)။ ''နန္ဒသည် အာသဝေါကုန်ခြင်းကြောင့် အာသဝေါမရှိသော ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို မျက်မှောက် ဘဝ၌သာလျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍နေ၏''ဟု မြတ်စွာဘုရား၏ ဉာဏ်တော်၌လည်း ထင်တော်မူ၏။

ထိုအခါ အသျှင်နန္ဒသည် ထိုညဉ့်ကို လွန်သောအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ ''အသျှင်ဘုရား တပည့်တော်အတွက် ခိုခြေအဆင်းရှိကုန်သော နတ်သမီးငါးရာတို့ကို ရဖို့ရန် မြတ်စွာဘုရား တာဝန်ယူပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားကို တပည့်တော်သည် ထိုတာဝန်ကို ယူခြင်းမှ လွှတ်ပါပြီ''ဟု (လျှောက်၏)။ နန္ဒ ငါဘုရားသည်လည်း ''နန္ဒသည် အာသဝေါကုန်ခြင်းကြောင့် အာသဝေါမရှိသော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌သာလျှင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏''ဟု ငါဘုရားစိတ်ဖြင့် သင်၏စိတ်ကို ပိုင်းခြား၍သိခဲ့ပြီ။ ''အသျှင်ဘုရား မြတ်စွာဘုရား၏ညီ မိထွေးတော်၏သား အသျှင်နန္ဒသည် အာသဝေါကုန်ခြင်းကြောင့် အာသဝေါ မရှိသော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌သာလျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍နေ၏''ဟု နတ်တို့ကလည်း ငါဘုရားအား ဤအကြောင်းကို လျှောက်၏။ နန္ဒ အကြင်အခါ သင်၏စိတ်သည် စွဲလမ်းမှုကင်းလျက် အာသဝေါတို့မှ လွတ်၏။ ထိုအခါ ငါဘုရားသည် ထိုတာဝန်ယူခြင်းမှ လွတ်ပြီဟု (မိန့်တော်မူ၏)။

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်ရဟန်းအား (ကိလေသာ) ညွန်ကို ကူးမြောက်အပ်၏။ ကာမဟူသော ဆူးငြောင့်ကို နင်းနယ်ချိုးဖျက်အပ်၏။ တွေဝေခြင်း 'မောဟ' ကုန်ခြင်းသို့ ရောက်၏။ ထိုရဟန်းသည် ချမ်းသာဆင်းရဲတို့ကြောင့် မတုန်လှုပ်''ဟု ဤဥဒါန်းကို ကျူးရင့် တော်မူ၏။

ဒုတိယသုတ်။